Friday, May 30, 2014

အချိန် နှင့် ငွေ

*********
အချိန် နှင့် ငွေ
[မောင်သာဇုံ ]
*********











၂၁ ရာစုတွင် အချိန် (Time) က ပို၍တန်ဖိုးရှိမှာလား၊ သို့တည်းမဟုတ် ငွေ
(Money) က ပို၍တန်ဖိုးရှိမှာလားဟု အမေးပေါ်လာသည်။ ဤမေးခွန်း
အတွက် ဘ၀အခွင့်အလမ်း (Opportunities of Life) ကိုမှန်းကြည့်သည်။
၂၁ ရာစုနှစ်ထဲတွင် ဘ၀၏အခွင့်အလမ်းတို့သည် တိုးတက်သည်ထက်
တိုးပွားလာမည်။ အလုပ်များမည်။ ထို့ကြောင့် အခွင့်အလမ်းတို့နှင့် ချိန်ဆ
ကြည့်လျှင် အချိန်ကပို၍ တန်ဖိုးရှိလာမည်။ ၂၁ ရာစုတွင် တန်ဖိုးအရှိဆုံး
ရောင်းကုန်သည် အချိန်ဖြစ်တော့မည်။

ချစ်ခြင်းမေတ္တာရှာရန်အတွက် အချိန်၊ စွန့်စားလုပ်ကိုင်ရန်အတွက် အချိန်၊
သားသမီးတို့အတွက် အရည်အသွေးရှိသောအချိန်၊ ၀ါသနာပါရာလုပ်ငန်း
တို့ကို လွတ်လပ်စွာရှာဖွေရန်အတွက် ပညာရေးအတွက် အချိန်စသည့်တို့
သည် ငွေအသပြာထက်ပို၍ တန်ဖိုးရှိကြလိမ့်မည်။

သို့ဖြစ်လျှင် အနာဂတ်အတွက် အရေးကြီးဆုံး လက္ခဏာသည် အဘယ်အရာ
နည်းဟု ထပ်ဆင့်မေးစရာ ဖြစ်လာသည်။ တစ်နည်းပြောလျှင် အချိန်ကို
အကောင်းဆုံး ဘယ်လိုအသုံးချမလဲဟု သိရှိလေ့လာရန်သည် အရေးကြီး
ဆုံးဖြစ်သည်။ ဘ၀၏ တန်ဖိုးကို အကောင်းဆုံးနှင့် အမြန်ဆုံးရရှိစေရန်၊ ယုတ်စွအဆုံး ဘ၀၏တန်ဖိုးကိုပိုပြီးကောင်းမွန်လာစေရန်အတွက်
လေ့လာဆည်းပူးမှုသည် အခရာကျမည်။


Tuesday, May 20, 2014

ဆက်သွယ်ပြောဆိုတတ်တဲ့ အရည်အချင်း ပိုကောင်းစေဖို့

****************************************
ဆက်သွယ်ပြောဆိုတတ်တဲ့ အရည်အချင်း ပိုကောင်းစေဖို့
[ကိုညွန့်သောင်း]
****************************************

၁. ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုအခြေခံများ

က။ ဆက်သွယ်ခြင်း (Communication)။   ။
ဆိုတာဘာလဲဆိုတာသိဖို့လိုတယ် ဆက်သွယ်တယ်ဆိုတာ
မိမိပြောချင်တာကို သူများနားလည်သိရှိသွားအောင်စာရေးလို့ဖြစ်ဖြစ်၊
ပါးစပ်နဲ့ပြောလို့ပဲဖြစ်ဖြစ် ပြုလုပ်တာပဲ ဖြစ်တယ်။ တစ်ဦးနဲ့ တစ်ဦး
ဆက်ဆံရေးတည်ဆောက်ဖို့နဲ့ ပိုကောင်းအောင် ပြုလုပ်ဖို့အတွက်
လည်း ဒီလိုဆက်သွယ်ခြင်းဆိုတဲ့ အလုပ်ကို လုပ်ကြရတာဖြစ်တယ်။

ခ။ ထင်တဲ့အတိုင်းပြောရဲပါစေ။   ။
မိမိပြောတဲ့စကားဟာ အကျိုးရှိနိုင်တယ်ဆိုတာ ယုံကြည်ထားပါ။ မိမိရဲ့
အတွေးအမြင်တွေ၊ ခံစားချက်တွေကို နေ့စဉ်နဲ့အမျှ အချိန်ယူပြီး
သိအောင်လုပ်ပါ။ သူများတွေကို ဒီအကြောင်းတွေ ပြောပြတဲ့အခါ
အချက်အလက် လုံလုံလောက်လောက်နဲ့ ပြောနိုင်ဖို့ဖြစ်တယ်။
မိမိပြောလည်း အပိုပါပဲ၊ အရာရောက်မှာ မဟုတ်ဘူးဆိုပြီး ပြောရမှာ
တွန့်ဆုတ်နေဖို့မလိုပါဘူး။ လူတစ်ယောက်အတွက် အရေးကြီးတာ
တန်ဖိုးရှိနေတာဟာ နောက်တစ်ယောက်အတွက် အဲဒီလို အရေးကြီး
ချင်မှကြီးမယ်၊ တန်ဖိုးရှိချင်မှရှိမယ်။

ဂ။ အလေ့အကျင့်လုပ်ပေးပါ။    ။
သာမညအကြောင်းအရာလေးတွေနဲ့ စပြီးလေ့ကျင့်ပြောဆိုကြည့်ဖို့
လိုပါတယ်။ လူမှုရေးကိစ္စလေးတွေကအစ အသက်မွေးဝမ်းကျောင်း
ဆိုင်ရာ ကိစ္စတွေအထိ နေ့စဉ်ပြောဆိုလေ့ကျင့်နိုင်တယ်။ ဘယ်စွမ်း
ရည်ပဲဖြစ်ဖြစ် ပီပီပြင်ပြင်ဖြစ်ဖို့ဆိုရင် အချိန်ယူရစမြဲဖြစ်တယ်။
ပြောရင်းပြောရင်းနဲ့ပဲ နောင်အခါပူပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ
နဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေ ရလာနိုင်တယ်။

၂. စကားစပြောတဲ့အခါ

က။ မျက်လုံးချင်းဆုံပါစေ။
စကားပြောကြတဲ့အခါ မျက်လုံးချင်းဆုံရင် ပြောရတာအောင်မြင်တတ်တယ်။
မျက်လုံးချင်းဆုံတော့ တစ်ဦးကိုတစ်ဦး ပြောတာကို စိတ်ဝင်စားနေတယ်ပါ
လားဆိုတဲ့အသိ ရလာတယ်။

ဒါကိုအထောက်အကူဖြစ်စေတဲ့နည်းတစ်နည်းကတော့ မိမိပြောနေတာကို
နားထောင်နေသူရဲ့မျက်လုံးတစ်ဖက်ကို ကြည့်၊ အဲ့ဒီလို ကြည့်ရာကနေ
နောက်တစ်ဖက်ကို ပြောင်းကြည့်ပေးပါ။ ဒီလိုဘယ်ညာပြောင်းပြောင်းပြီး
ကြည့်ပေးရင် သင့်မျက်လုံးတွေ ရွှန်းလဲ့လာနိုင်မယ်။

နောက်တစ်နည်းကတော့ အင်္ဂလိပ်အက္ခရာ T ကို နားထောင်သူရဲ့မျက်နှာ
ပေါ်မှာ စိတ်ကူးနဲ့မြင်ကြည့်ပါ။ T ရဲ့ဒေါင်လိုက်မျဉ်းက နှာတံပေါ်မှာ အပေါ်
လက်တံတစ်ဖက်စီက မျက်တောင်မွှေးတစ်ဖက်ပေါ်မှာ ထားကြည့်ပြီး အဲဒီ
T ကို မိမိမျက်စိနဲ့ ဘယ်ညာကစားကြည့်ပါ။

ခ။ ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာနဲ့ပြောပါ။
လူနည်းနည်းရှေ့မှာပြောရင် အဲဒါတွေကို နည်းနည်းပဲသုံးသင့်ပေမယ့် ပရိတ်
သတ်များရင်တော့ ပိုပြီးအားနဲ့မာန်နဲ့ သုံးပေးပါ။

ဂ။ ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာ၊ သုံးနှုန်းတဲ့စကားလုံးတွေနဲ့
ပြောဆိုတဲ့လေသံတွေဟာ လိုက်ဖက်ဖို့လိုတယ်။
စည်းကမ်းလိုက်နာဖို့အကြောင်း အပြုံးမျက်နှာထားလေးနဲ့ပြောရင် ဆိုလို
ရင်းတွေ ရောထွေးေ၀၀ါးသွားနိုင်တယ်။ စိတ်မချမ်းသာစရာ စကားပြောတဲ့
အခါမှာလည်း စကားလုံးအသုံးအနှုန်း၊ လေသံနဲ့ မျက်နှာထားတွေဟာ
လိုက်ဖက်ဖို့လိုတယ်။

ဃ။ စကားပြောနေစဉ်၊ ကိုယ့်ခြေလက်တွေရဲ့ အနေအထားကိုသတိထား
ကြည့်ပါ။
ဒါတွေက ပြောစကားထက်ပိုပြီး အဓိပ္ပာယ်ရှိနိုင်တယ်။ လက်နှစ်ဖက်ဘေးချ
ပြီး အေးအေးဆေးဆေးပုံမျိုးနဲ့နေတာမျိုးဆိုရင် ဒီလူဟာ ချဉ်းကပ်ရလွယ်
တယ်။ အေးအေးဆေးဆေးစကားပြောလို့၊ ဆွေးနွေးလို့ရတယ်ဆိုတဲ့
အဓိပ္ပာယ်ရှိတယ်။ လက်တစ်ဖက်ပေါ် တစ်ဖက်တင်ထားပြီး ပခုံးကိုလည်း
ကိုင်ထားမယ်ဆိုရင် ဒါဟာစကားပြောတာကို စိတ်မ၀င်စား၊ အပြန်အလှန်
ဆက်သွယ်ဖို့စိတ်မရှိတဲ့အဓိပ္ပာယ်ဖြစ်တယ်။ အစကတည်းက ဒီလိုကိုယ်
နေဟန်ထားမျိုးဆိုရင် ဆက်ပြောဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေရောက်
သွားနိုင်ပါတယ်။ သင့်တော်မှန်ကန်တဲ့ ကိုယ်နေဟန်ထားမျိုးဆိုရင်
ပြောရဆိုရခက်တဲ့ကိစ္စတောင် ပြေလည်ချောမွေ့သွားနိုင်တယ်။

င။ အပြုသဘောဆောင်တဲ့သဘောထားကိုပြပါ။
စိတ်ထားသဘောထားရိုးသားပါ။ စိတ်ရှည်ရှည်ထားပါ။ အကောင်းဘက်ကို
မျှော်တွေးပါ။ စိတ်စေတနာမှန်ပါစေ။ လေးစားမှုကိုပြပါ။ တစ်ပါးသူရဲ့
ခံစားချက်ကို မျှဝေခံစားတတ်ပါစေ။ သူတို့ရဲ့ ကျွမ်းကျင်မှုကိုလည်း
ယုံကြည်ဖို့လိုတယ်။

စ။ မှန်မှန်ကန်ကန် နားလည်တတ်အောင်ကြိုးစားပါ။
သူများပြောနေတဲ့စကားတွေရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့လိုတယ်။

၃. စကားအသုံးအနှုန်း မှန်ကန်ဖို့လို

(က) စကားလုံးတွေကို ၀ါးမပြောပါနဲ့ ပီပီပြင်ပြင်ပြောပါ။

(ခ) အသံထွက်မှန်ပါစေ။ ။ လူတွေက သင့်ရဲ့စကားလုံးအသုံး
အနှုန်းကိုကြည့်ပြီး ဆုံးဖြတ်ကြမှာဖြစ်တယ်။ အသံထွက်အမှန်
မသိတဲ့စကားလုံးကို ထည့်မသုံးပါနဲ့။

(ဂ) စကားလုံးအသုံးအနှုန်းမှန်ပါစေ။ ။ မိမိကိုယ်တိုင်အဓိပ္ပာယ်
နားမလည်တဲ့စကားလုံးကို မသုံးပါနဲ့။ နေ့စဉ်အဘိဓာန်စာအုပ်
လှန်ပြီး တစ်နေ့စကားလုံးအသစ်တစ်လုံးကျသိဖို့ အကျင့်
လုပ်ထားပါ။ အဲဒီစကားလုံးကို နေ့စဉ်စကားပြောတဲ့အခါ
သုံးစွဲပေးပါ။

(ဃ) ဖြည်းဖြည်းပဲပြောပါ။ ။ သိပ်ပြီးမြန်မြန်ပြောရင် လူတွေက
သင်ဟာ စိတ်ကယောင်ချောက်ချားဖြစ်နေပြီလို့ ထင်သွားကြ
မယ်။ သိပ်နှေးလွန်းတာလည်း မကောင်းဘူး။ သင်ပြောနေတာကို
လူတွေက ထောက်ထောက်ပေးနေရတတ်တယ်။

၎. အသံကို ဂရုစိုက်ပါ

(က) အသံကောင်းအောင် ကြိုးစားပါ။
အသံက ညောင်နာနာလေး၊ အင်အားချိနဲ့တဲ့အသံမျိုးလေး
ဖြစ်နေရင် အသံသြဇာမရှိတာလို့ လူတွေကယူဆကြမှာပဲ။
အဲဒီလို အသံကညောင်နာနာဖြစ်နေရင် သူများတွေ၊
လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတိုက်အခိုက်ခံနေရတဲ့သူလို့
ထင်စရာဖြစ်သွားနိုင်တယ်။ အလေးမထားလောက်တဲ့လူလို့
လည်း သဘောထားကြမှာပဲ။ ဒါကြောင့် အသံကောင်းဖို့
အတွက် သီချင်းဆိုပေးပါ။

(ခ) အသံမှာ အသက်ဝင်ဖို့ လိုတယ်။
အသံအနိမ့်အမြင့်မရှိဘဲပြောရင် ငြီးငွေ့စရာကောင်းတယ်။
ဒါကြောင့်လန်းလန်းဆန်းဆန်းဖြစ်အော် အနိမ့်အမြင့်နဲ့
ပြောပါ။

(ဂ) အသံအတိုးအကျယ်ကိုလည်းသင့်အောင်လုပ်ပါ။
အတိုးအကျယ်ဟာ အခြေအနေနဲ့ လိုက်ဖက်ရမယ်။
နှစ်ယောက်ချင်းဖြစ်ဖြစ်၊ လူနည်းနည်းလေးမှာ သီးသန့်
အနေအထားနဲ့ ပြောရရင် ပိုပြီး တိုးတိုးလေးပြောပါ။
လူအများကြီးကိုပြောရရင်တော့ ဒါမှမဟုတ် အလှမ်းဝေးရင်
တော့ ဒီထက်ကျယ်ကျယ်ပြောပါ။

CEO Magazine

ဘယ်တော့မှ ဇွဲမလျှော့ပါနှင့်

********************
သိပ်ကျဉ်းကျပ်နေပြီလား
ဘယ်တော့မှ ဇွဲမလျှော့ပါနှင့်
[ဆရာချစ်စံဝင်း]
********************

ဆုံးရှုံးမှု နှင့် အောင်မြင်မှုသည် ခေါင်းနှင့်ပန်းသာ ဖြစ်ပါ၏။ ခေါင်းနှင့်ပန်း
သည် ကျောတစ်ခြမ်းမျှသာ ကွာဝေးသလို အရှုံးနှင့်အနိုင်သည်လည်း
ကျောချင်း ကပ်လျက်ရှိပါ၏။

ရှုံးပြီဟုဆိုပါက အနိုင်နှင့် အနီးကပ်ဆုံးနေရာသို့ရောက်နေပြီဖြစ်ကြောင်း သတိထားပါ။ မအောင်မြင်မှု၊ ငြင်းပယ်ခံရမှုတို့အား သင်သွားလိုရာ ပန်းတိုင်ဆီသို့ သွားရာတွင် မလွဲမသွေဖြတ်ရမည့်လမ်းဟုမှတ်ပါ။ ဆုံးရှုံးမှု၊ ငြင်းပယ်မှု တစ်ခုတွေ့ရတိုင်းပန်းတိုင်သို့ နီးကပ်လာပြီဟု မှတ်ယူပါ။

သင်သည် အရှုံးတရားနှင့် ရင်ဆိုင်နေရပြီး ဘယ်လောက်ပဲ ကျဉ်းကျပ်
နေပါစေ။

ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ ဇွဲမလျှော့ပါနှင့်...။


5G Network

အနာဂတ်ကာလတွင် မြန်နှုန်းမြင့် Mobile Network အတွက် ဂျာမနီနှင့်
ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameronက
ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားရာမှာ သူတို့နှစ်နိုင်ငံဟာ နယ်ပယ်
သုံးခုမှာ ပူးပေါင်းပြီး မြန်နှုန်းမြင့်ကမ္ဘာကြီးဆီသို့ ရောက်ရှိအောင်ဆောင်
ရွက်သွားမယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။ 5G Network ဟာ
ရုပ်ရှင်ကားတစ်ကားစာကို Download လုပ်ချိန် တစ်စက္ကန့်ပဲ ကြာမှာဖြစ်
ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သုတေသီတွေအတွက်တော့ တစ်ကယ့်
ဆုလာဘ်ကြီးတစ်ပါး ဖြစ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က
ပြောပါတယ်။

သူတို့ပူးတွဲဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်ကို Datability လို့အမည်
ပေးထားပါတယ်။ ဆိုလိုတာကတော့ အချက်အလက် ကိန်းဂဏန်းတွေ
ဘယ်လောက်ပဲများများ လျင်မြန်စွာနဲ့ အမှားအယွင်းမရှိ မှန်ကန်အောင်
အသုံးချနိုင်မယ့် စွမ်းရည်ရရှိစေမယ်လို့ အာမခံတာပဲဖြစ်ပါတယ်။ ဒါ့အပြင်
Data တွေရဲ့ လုံခြုံမှုကို အပြည့်အ၀ကာကွယ်ပေးနိုင်မယ်လို့လည်း
ဆိုပါတယ်။ 5G Mobile Network အပြောင်းအလဲဟာလူသားတွေရဲ့
နေ့စဉ်ဘ၀မှာ များစွာအကျိုးသက်ရောက်မှုရှိပြီး စက်မှုလုပ်ငန်းအတွက်
သာမက ကျန်းမာရေး၊ လူမှုရေးစတဲ့ နယ်ပယ်တွေမှာပါ မမျှော်မှန်းနိုင်
လောက်တဲ့ အကျိုးကျေးဇူးတွေ မျက်လှည့်ပြသလို ရောက်ရှိလာမှာ
ဖြစ်ပါတယ်။

CEO Magazine

Thales (သေးလိ)

*****************
Thales (သေးလိ) (600 B.C.)
[ဒေါက်တာခင်မောင်ဝင်း]
*****************


ဂရိခေတ်၏ ပထမဦးဆုံးသော သင်္ချာအတွေးအခေါ် ပညာရှင်ကြီးမှာ
သေးလိ ဖြစ်သည်။ သေးလိသည် ကုန်သည်တစ်ဦးဖြစ်သည်။ ကုန်ကူးသန်း
ရောင်းဝယ်ရင်း သင်္ချာနှင့်နက္ခတ်ဗေဒ တို့ကိုဝါသနာ အလျောက်လေ့လာ
ခဲ့သည်။

သေးလိသည် အီဂျစ်သို့ရောက်သွားသောအခါ ပိရစ်မစ်ကြီး၏အမြင့်ကို
သင်္ချာနည်းဖြင့်တွက်ချက်နိုင်ခဲ့သည်။ သူတွက်သောနည်းမှာ ဤသို့ဖြစ်၏။
သေးလိသည် မြေကြီးပေါ်တွင်တုတ်တစ်ချောင်းကို မတ်အောင်ထူလိုက်၏။
တုတ်၏အရိပ်၏ အလျားသည်တုတ်၏ အမြင့်နှင့်တူသောအချိန်တွင်
ပိရစ်မစ်ကြီး၏ အရိပ်အလျားသည် ပိရစ်မစ်ကြီး၏ အမြင့်နှင့် တူသည်ဟု
သေးလိက ဆိုသည်။

သို့သော် သမိုင်းပညာရှင်တော်တော်များများက ဤအချက်အပေါ်
သံသယရှိသည်။ ယုတ္တိမရှိဟုဆိုကြသည်။ အကြောင်းနှစ်ခုရှိသည်။ တစ်ခု
မှာ ပိရစ်မစ်ကြီး၏ အခြေသည် အလွန်ကျယ်ပြန့်သဖြင့်သူ့အမြင့်နှင့်
တူညီသောအရိပ်ကို ဖြစ်ပေါ်စေရန် အလွန်ခဲယဉ်းသည်ဟု ဆိုသည်။
နောက်တစ်ချက်မှာ ပိရစ်မစ်ကြီး၏ အမြင့်ကို ပိရစ်မစ်ထဲကို မ၀င်ဘဲ
ဘယ်နေရာက ဘယ်လိုတိုင်းမည်ကို မသိနိုင်ဟု ဆိုသည်။

သို့သော် သေးလိ၏ နောက်ခံသင်္ချာသဘောတရားဖြစ်သည့် သဏ္ဌာန်တူ
ကြိဂံ (Similar Triangles) သဘောတရားသည် ယခုထက်တိုင် မှန်ကန်
ဆဲဖြစ်သည်။ ဤသဘောတရားကို ယခုထက်တိုင် လက်တွေ့သုံးနိုင်သည်။
ဤသဘောတရားကို အခြေခံ၍ သွယ်ဝိုက်တိုင်းတာနည်း (Indirect
Measurement) သို့မဟုတ် တြီဂိုနိုမေတြီပညာ (Trigometry) ခေါ်သော
ပညာရပ် တီထွင်နိုင်ခဲ့သည်။


Friday, May 16, 2014

Warren Buffett ၏ လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၄)

******************************
Warren Buffett ၏
လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၄)
[ဇော်ဝင်းကြူ]
******************************

အရည်အချင်းရှိတဲ့ မန်နေဂျာတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို
သူတို့ဘာသာသူတို့ပဲ သင့်တော်သလိုလုပ်ချင်ကြတယ်ဆိုတာကို
Warren ဟာ သူ့ရဲ့မန်နေဂျာတွေက သူတို့ရဲ့လုပ်ငန်းတွေကို
သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေလို ဆက်ပြီးသဘောထားဖို့
အားပေးပါတယ်။ ဒီလိုလုပ်ပေးတဲ့ရလာဒ်ကတော့ လုပ်ငန်း
ကောင်းကောင်း လည်ပတ်အောင် သူတို့ဘက်ကအလုပ်ကိုပိုပြီး
ကြိုးစားကြတာပါပဲ။ သူတို့အတွက် ဒါဟာ ဂုဏ်ယူရမယ့်ကိစ္စပါ။

အလုပ်လုပ်ဖို့ လုပ်ပိုင်ခွင့်ကိုအပြည့်အ၀လွှဲပေးဖို့အတွက်ဆိုရင်
ကျွန်တော်တို့ရဲ့ မန်နေဂျာတွေအနေနဲ့ အလုပ်ကြိုးစားဖို့၊ စိတ်အား
ထပ်သန်ဖို့နဲ့ သူတို့ရဲ့အလုပ်နဲ့ပက်သက်ပြီး တတ်သိကျွမ်းကျင်
နေဖို့သာ လိုအပ်တာမဟုတ်ဘဲ ဖြောင့်မတ်တည်ကြည်မှုလည်း
အများကြီးရှိဖို့လိုပါတယ်။ တစ်နည်းပြောရရင် သူတို့ဟာအချိန်တိုင်း
မှာ ရိုးသားနေရပါမယ်။ သူတို့အနေနဲ့ မရိုးသားကြတော့ဘူးဆိုရင်
သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ စိတ်အားထက်သန်မှုတွေနဲ့
တတ်သိကျွမ်းကျင်မှုတွေကို ကျွန်တော်တို့ကို လိမ်လည်လှည့်ဖြား
တဲ့နေရာမှာ အသုံးချသွားပါလိမ့်မယ်။

Monday, May 12, 2014

အချိန် နှင့် ကျွမ်းကျင်မှု

*******************
အချိန် နှင့် ကျွမ်းကျင်မှု
[ဆရာချစ်စံဝင်း]
*******************

လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရန် အချိန်သည် ဘယ်တော့မှ နောက်ကျပြီ
ဟူ၍မရှိပါ။ သို့သော် စောစောလုပ်က စောစောကျွမ်းကျင်၍
စောစော အောင်မြင်မှုရပါမည်။

လူတစ်ဦး၏ ကျွမ်းကျင်မှုသည် ဆယ်နှစ်သာ ခံ၏။ ထို့ကြောင့်
အချို့သော သူများသည် ဆယ်နှစ်မျှ အောင်မြင်ကျော်ကြားပြီး ရပ်တန့်
သွားကြသည်။ အစဉ်အမြဲ ကျွမ်းကျင်နေစေရန် ဗဟုသုတ၊ ကျွမ်းကျင်မှု၊
ထက်မြက်မှုများကို အမြဲအားဖြည့်ပါ။

အားဖြည့်ရာတွင် စနစ်တကျ စာဖတ်ခြင်းကိုလည်း ပြုရမည်။
စာကို စနစ်တကျဖတ်ပါ။ အပျော်မဖတ်ပါနှင့်။


Bill Gates

Microsoft ကို ပူးတွဲတည်ထောင်ခဲ့သူ Bill Gates ဟာ ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုလ်စာရင်းမှာ ထိပ်ဆုံးက ပြန်လည်ဦးဆောင်နိုင်ခဲ့တယ်လို့ Forbes
မဂ္ဂဇင်းက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀ ကျော်က ၁၅နှစ်
တိုင်တိုင် ထိပ်ဆုံးကဦးဆောင်နိုင်ခဲ့ရာကနေ Mexican Telecom ရဲ့
သူဌေး Carlos Slim ကို လေးနှစ်ကြာအောင် နေရာဖယ်ပေးခဲ့ရပါတယ်။
ဒီနှစ်မှာတော့ Bill Gates ဟာ ကမ္ဘာ့အချမ်းသာဆုံးနေရာကို အမေရိကန်
ဒေါ်လာ ၇၆ ဘီလီယံနဲ့ ပြန်လည်ရောက်ရှိခဲ့ပြီး Carlos Slim က ၇၂ ဘလီ
ယံနဲ့ဒုတိယနေရာကို ရောက်သွားပါတယ်။ တတိယနေရာကို စပိန်က
Zara Retail Chain ရဲ့ Amancia Ortega က ယခင်နှစ်နေရာအတိုင်း
ထိန်းထားနိုင်ခဲ့ပြီး နာမည်ကျော် အမေရိကန် ရင်းနှီးမြှုပ်နှံသူ Warren
Buffett က စတုတ္ထနေရာရဲ့ Oracle ရဲ့ Larry Ellison က ပဉ္စမနေရာမှာ
ရှိနေပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ဘီလီယံနာ ၁,၀၈၀ ဦးဟာ
ကိုယ်ထူးကိုယ်ချွန်တည်ဆောက်ခဲ့ရသူတွေဖြစ်ပြီး ၂၀၇ ဦးမှာ အမွေဆက်ခံ
သူတွေဖြစ်ကာ ၃၅၂ ဦးမှာ အမွေဆက်ခံမှု တစ်စိတ်တစ်ဒေသနဲ့ ကိုယ်
တိုင်ကြိုးစားတည်ဆောက်မှုပါဝင်သူတွေဖြစ်တယ်လို့ သိရှိရပါတယ်။
Facebook ရဲ့ Mark Zuckerberg ကတော့ အဆင့် ၂၁ နေရာမှာ ရှိနေပါ
တယ်။

နိုင်ငံအလိုက် ဘီလီယံနာစာရင်းမှာတော့ အမေရိကန်က ၄၉၆ ဦး၊
တရုတ်က ၁၅၂ ဦးနဲ့ ရုရှားက ၁၁၁ ဦးရှိတယ်လို့သိရပါတယ်။ နောက်ထပ်
ဒီနှစ်အတွင်း အဓိကစိတ်ဝင်စားမှုခံရတဲ့ Forbes ရဲ့ သုတေသနပြုချက်
ကတော့ အမျိုးသမီးဘီလီယံနာ အရေအတွက်စာရင်းဖြစ်ပါတယ်။ ဒီစာရင်း
မှာ အမျိုးသမီး ၁၇၂ ဦးပါဝင်ခဲ့ပြီး ယခင်က၂၀၁၃ ခုနှစ်က ၁၃၈ ဦးထက်
တိုးများပါဝင်ခဲ့ပါတယ်။ အမေရိကန် အမျိုးသမီးဘီလီယံနာ အများဆုံးဖြစ်
ကာ ၅၈ ဦးပါဝင်ခဲ့ပြီး ဂျာမနီက ၁၆ ဦးနှင့် ဘရာဇီးက ၁၄ ဦးတို့ပါဝင်ခဲ့
ပါတယ်။ Walmart ကို တည်ထောင်ခဲ့သော Sam Walton ရဲ့ချွေးမဖြစ်
သော Christy Walton က Forbes ဘီလီယံနာစာရင်းမှာ နံပါတ် ၉ ချိတ်
ခဲ့ပြီး အချမ်းသာဆုံး အမျိုးသမီးစာရင်းကို ဒေါ်လာ ၃၆.၅ ဘီလီယံနာနဲ့
စာရင်းဝင်ခဲ့ပါတယ်။

CEO Magazine

အစွမ်းကုန်ကြိုးစားပေးဆပ်မှု

**********************
အစွမ်းကုန်ကြိုးစားပေးဆပ်မှု
[ဒေါက်တာသာထွန်းဦး]
**********************

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းမှ
The Ultimate Sacrifice ဟူသော အသုံးအနှုန်းလေးကို Highlight တားပြီး
အယ်ဒီတာချုပ်က Share ပေးခဲ့သည်။ အသက် ၄၀ အရွယ်အထိ အင်္ဂလိပ်
စာ တစ်ခွန်းမျှ မပြောတတ်သေးသော Lenovo ၏ပိုင်ရှင် Yang Yuanqing
တစ်ယောက် ၂၀၀၅ ခုနှစ်တွင် Lenovo က IBM ၏ PC Division ကိုဝယ်ယူ
နိုင်သည့်အခါ အမေရိကားသို့ပြောင်း၊ အင်္ဂလိပ်စာသင်ရန် ဆရာငှား၊
အင်္ဂလိပ်ဘာသာဖြင့်လွှင့်သော TV သတင်းများ အချိန်ပေးနားထောင်
စသည်ဖြင့် အသားကုန်ပေးဆပ်မှု The Ultimate Sacrificeလုပ်ခဲ့ပြီးနောက်
ယခုအချိန်မှာတော့ တရုတ်ပြည် သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှလွဲလျှင်
လုပ်ငန်းပိုင်းဆိုင်ရာကိစ္စအားလုံးကို အင်္ဂလိပ်ဘာသာဖြင့်သာ ကျွမ်းကျင်
ပိုင်နိုင်စွာ ဆက်သွယ်လုပ်ကိုင်လာနိုင်သည့် အကြောင်းနှင့် နိဒါန်းချီထား
သည်။

အင်္ဂလိပ်ဘာသာစကားငြင်းစရာမလိုလောက်အောင် အရေးပါကြောင်းကို
နိုင်ငံတကာကုမ္ပဏီများတွင် လုပ်တွေကျင့်သုံးနေပုံများနှင့် အကျယ်ချဲ့ပြီး
မူရင်းဆောင်းပါးရှင်က ဆက်လက်ရေးသားထားသော်လည်း ပြည်ပစာသင်
သွားသူတို့ပြန်ရောက်လာပြီး ပြည်တွင်းလုပ်ငန်းခွင်များတွင် ၀င်ရောက်နေ
သူများလာသဖြင့် နောက်မလှည့်ကြည့်ပါက ဘိုတစ်ယောက်ပြောနေသည့်
အလား ထင်မှတ်ခံရချိန်တွင် အင်္ဂလိပ်စာကို ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ
လေ့လာနေတယ်ဟု ပြောသူ၊ Social Media များတွင် မြန်မာစကားသံကို
အင်္ဂလိပ်စာလုံးပေါင်းနှင့် သွက်သွက်လက်လက် Typing နှင့် Touching
လုပ်တတ်သည်ကို တလွဲဆံပင်ကောင်းဂုဏ်ယူနေသူ၊ စာဖတ်ချိန်နှင့်
စာဖတ်အားကို ဖုန်းသုံးချိန်နှင့် ဖုန်းဖိုးတွင် အစားထိုးသုံးနေသူ သာမန်ဘွဲ့ရ
မြန်မာလူငယ်များအကြောင်းကို စိတ်ကူးထဲ မိမိဘာသာဆက်တွေးမိသည်။
သင်ယူလေ့လာခြင်းနှင့် ပက်သက်ပြီး Life-long Learning ဟုပြောနေကြ
ရာက Life-wide Learningဟု အစားထိုးပြောလာကြပါပြီ။ ဘေးပတ်ပတ်
လည်သင်ယူစရာများလှသော ဒီခေတ်တွင် 'ပိုးသာကုန် မောင်ပုံစောင်း
မတတ်ခြင်း' သည် အချိန်နှင့် အင်အားစိုက်ထုတ်မှုစနစ်မကျသောကြောင့်
ဟု ကောက်ချက်ချနိုင်ပါသည်။

အခွင့်ကောင်း၊ စနစ်ကောင်းမရသဖြင့်ဟု အကြောင်းပြပုံချနေလို့မရ။ မိဘ
တတ်နိုင်သဖြင့် ကျောင်းကောင်းကောင်းတတ်နိုင်သူတွေလည်း Sacrifice
မလုပ်ခဲ့လျှင် ပညာပိုက်ပြီး ပြန်မလာနိုင်ပါ။ လူတိုင်းတန်းတူအလကားရ
သောအချိန်ကို ဖြုန်းမိလျှင် ကိုယ့်ဘ၀စာမျက်နှာကို သူတစ်ပါးဖွင့်ပေးမှရ
သည့် အခြေအနေရောက်တတ်ပါသည်။ မြန်မာလူငယ်တွေ Ultimate
Sacrifice လုပ်သင့်ကြပါပြီ။


CEO Editor

Friday, May 9, 2014

Warren Buffett ၏ လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၃)

******************************
Warren Buffett ၏
လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၃)
[ဇော်ဝင်းကြူ]
******************************

စီးပွားရေးလုပ်ငန်းတိုင်းရဲ့ပင်ကို သဘောသဘာဝဟာတခြားဘယ်
လုပ်ငန်းရဲ့သဘောသဘာဝနဲ့မှ မတူပါဘူး။ အသေးဆုံးဆိုတဲ့
လုပ်ငန်းကလေးတွေစပြီး အကြီးဆုံးဆိုတဲ့ကော်ပိုရေးရှင်းကြီးတွေ
အထိ မန်နေဂျာတွေနဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့လုပ်ငန်းတွေ
ကို ပြီးမြောက်အောင် အထောက်အကူပြုမယ့် အဆင့်မြင့်အထူး
ကျွမ်းကျင်မှုအစုစုကို ဖော်ထုတ်ထားပါတယ်။

ဒီအဆင့်မြင့်အထူးကျွမ်းကျင်မှုအစုစုကို သူတို့လောက်ကောင်းအောင်
အဝေးကနေထိန်းပြီးတောင် သူမလုပ်နိုင်ဘူးဆိုတာ မန်နေဂျာ
တစ်ယောက်အနေနဲ့ Warren သိထားပါတယ်။ သူ့ရဲ့ဝန်ထမ်းတွေ
ဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေမို့ သူဝင်မစွက်ဖက်ဘဲ သူတို့ကျွမ်း
ကျင်တဲ့ဟာကို သူတို့ဘာသာလုပ်ဖို့ခွင့်ပြုထားသင့်တယ်လို့ပဲ
သူကယူဆပါတယ်။

အကယ်၍သာ သူဟာ မန်နေဂျာတစ်ယောက်အနေနဲ့ တစ်ခုခုလုပ်ရ
ဦးမယ်ဆိုရင်တော့ အဲဒါဟာ သူ့ရဲ့ဝန်ထမ်းတွေကို ထူးထူးခြားခြား
ပြောင်ပြောင်မြောက်မြောက် အလုပ်လုပ်လာအောင် လှုံ့ဆော်
ပေးရမယ့် အလုပ်ပဲဖြစ်မယ်လို့ Warren ထင်ပါတယ်။ အားပေးနေတဲ့
ခေါင်းဆောင်ပါ။ ကြိမ်းမောင်းနေတဲ့ ကျွန်ထိန်းမဟုတ်ပါ။

အကြီးကြီးကို စဉ်းစားပါ

***************
အကြီးကြီးကို စဉ်းစားပါ
[ဒေါက်တာခင်မောင်ညို]
***************

မိမိရဲ့အခြေအနေဟာ မိမိရည်မှန်းသလိုသာဖြစ်တယ်။ မိမိကိုယ်တိုင်
ယုံကြည်ချက်အပြည့်ထားကာ မိမိလိုသလောက်ကို ဦးနှောက်က လိုက်
လုပ်ပေးတာပါပဲ။ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ ကျေနပ်မှု အဆင့်တွေဟာ
မိမိ စဉ်းစားသလောက် သူတို့ရတယ်။ဒါဆိုရင်...ကြီးကြီးမားမားစဉ်းစားရင်
ကြီးကြီးမားမားရမယ်။

ဒါပေမယ့် အမြင်မကျယ်တဲ့ အသိုက်အ၀န်းတွေက "ဘ၀ဆိုတာ ဖြစ်ချင်
တာမဖြစ်ဘူး။ ဒီတော့ ဖြစ်ချင်ရာဖြစ်တဲ့ဘ၀မှာ နေချင်သလိုနေမယ်" ၊
"နေသလိုမဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုနေမယ်" ဆိုတဲ့ ကဗျာဆန်ဆန်
ကာရန်လှလှပုံစံမျိုးကို ကြားရတတ်တယ်။ ဒါဆို ဘာမှလုပ်ဖို့မလိုတော့ဘူး
လား၊ သူများတွေလို ကောင်းကောင်းနေ ကောင်းကောင်းစားဖို့ တရားတဲ့ နည်းလမ်းနဲ့ မကြိုးစားတော့ဘူးလား။ မှတ်လို့ကောင်း ဆိုလို့ကောင်းတာ
နဲ့ ဒါတွေကို အမှန်တရားလို့ မမှတ်သင့်ဘူး။

အမှန်တော့ အဲလိုစကားတွေက တိုးတက်ကြီးပွားမှုရဲ့ အဟန့်အတားတွေပဲ။
ရှေ့ဖြစ်ကိုဟောတဲ့ ဒေးဗစ်က "လူဟာ သူ့ရဲ့နှလုံးသားထဲမှာ ရှိတာတွေ၊
စဉ်းစားထားတဲ့ပုံစံတွေအတိုင်း သူ့ဘ၀ဖြစ်လာတာပဲ" လို့ပြောကြားခဲ့တယ်။
ရှိတ်စပီးယားကတော့ "ကောင်းတယ်၊ဆိုးတယ် ဆိုတာ တကယ်တော့မရှိဘူး
စိတ်ပါပဲ" လို့ ဆိုတယ်။ သို့သော် ကြီးကြီးကျယ်ကျယ် စဉ်းစားသူတွေဟာ
စောစောကပြောသလို အောင်မြင်မှုရတယ်ဆိုတာရဲ့ သက်သေကတော့
မိမိတို့ အနီးအပါးမှာရှိတဲ့ ချမ်းသာကြွယ်ဝပျော်ရွှင်နေတဲ့ လူတွေပါပဲ။

သူတို့တွေဟာ အဆင့်မြင့် နေထိုင်နိုင်ကြတဲ့သူတွေ ဖြစ်လာကြပါပြီ။ သူတို့
တွေဟာ ခင်ဗျားတို့နဲ့ ဘာခြားနားလို့လဲ။ စိတ်ကူးပဲ ခြားနားတာပါ။ ပထမ
ဆုံး ခြေလှမ်းအနေနဲ့ ကြီးကျယ်တဲ့အတွေးကို စလိုက်ပါ။ ယနေ့ပဲစလိုက်ပါ။

အကြီးကြီးကို စဉ်းစားပါ

Wednesday, May 7, 2014

Lenovo

Google ဟာ တယ်လီဖုန်း Handset ကုမ္ပဏီ Motorola ကို Lenovo ဆီကို
ရောင်းချဖို့ သဘောတူလိုက်တဲ့နေ့မှာပဲ Lenovo ရဲ့ရှယ်ယာ ၅.၉၄
ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ သန်း ၇၅၀ နဲ့ ၀ယ်ယူလိုက်ပါတယ်။
Google က Lenovo ရဲ့ရှယ်ယာတစ်ခုကို အမေရိကန်ဒေါ်လာ ၁.၂၁၃
နဲ့ ရှယ်ယာပေါင်း ၆၁၈.၃ သန်းဝယ်ယူခဲ့တာဖြစ်ပြီး Lenovo က Motorola
ကို အမေရိကန်ဒေါ်လာ ၂.၉၁ ဘီလီယံနဲ့ ၀ယ်ယူခဲ့တာဖြစ်တယ်။
အမြတ်မရနိုင်တဲ့ Motorola ကို ၀ယ်ယူလိုက်တာကြောင့် Lenovo အနေနဲ့
မနိုင်မနင်းဖြစ်ပြီး လုပ်ငန်းထိခိုက်မှာကို ကုန်သည်တွေကစိုးရိမ်နေပါတယ်။

CEO Magazine

Tuesday, May 6, 2014

Quote of the day

ယနေ့ လူငယ်တွေညံ့နေရင် နောင်အခါလူကြီးလူညံ့တွေဖြစ်လာမည်။
လူငယ်တွေ ကောင်းမှ လူကြီးလူကောင်း ထွန်းကားလာမည်။
လူကြီး လူညံ့များကို တွေ့ရလျှင် ငါတို့သည်
သူတို့နှယ် မဖြစ်စေရ ဟူသော
လူငယ့်သတိ၊ လူငယ့်အားမာန်
လူငယ့်အဓိဌါန် ပြည့်စေသင့်သည်။

ဆရာအောင်သင်း

Monday, May 5, 2014

စတော့ရှယ်ယာဈေးကွက်

**************
စတော့ရှယ်ယာဈေးကွက်
[မောင်သာဇုံ]
**************

ငွေပင်ငွေရင်းဈေးကွက်ဆိုသည်မှာ အစုရှယ်ယာဈေးကွက် (သို့မဟုတ်)
စတော့အိပ်ချိန်းကို အဓိကအားဖြင့် ဆိုလိုသည်။ တတိယကမ္ဘာနိုင်ငံတို့
တွင် စတော့အိပ်ချိန်းများ မရှိကြပေ။ ရှိလျှင်လည်း မွေးကင်းစဖြစ်၏။
စတော့အိပ်ချိန်းအင်အားကောင်းလျှင် နိုင်ငံပိုင်လုပ်ငန်းတို့ကို စတော့
ရှယ်ယာစနစ်တို့ဖြင့် ပြန်လည်ဖွဲ့စည်းပြီးသကာလ ဤစတော့ရှယ်ယာ
တို့ကို စတော့အိပ်ချိန်းတွင် တင်ရောင်းလိုက်ရုံဖြစ်၏။ အ၀ယ်လိုက်မည်
မလိုက်မည်မှာ တစ်ကဏ္ဍ။

နိုင်ငံပိုင်လုပ်ငန်းတို့ကို အစုရှယ်ယာစနစ်ဖြင့် ဖွဲ့စည်းပြီး ဤအစုရှယ်ယာ
တို့ကို နိုင်ငံခြားငွေဖြင့် သတ်မှတ်နိုင်ပါသေးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ
သူတို့က စိတ်ကြိုက်တွေ့လျှင်ဖြစ်စေ၊ စိတ်ချယုံကြည်လျှင်ဖြစ်စေ ၀ယ်
နိုင်ကြရန်ဖြစ်ပါသည်။ နိုင်ငံခြားငွေချူနည်းတစ်မျိုးဖြစ်သည်။ ထို့ကြောင့်
ပုဂ္ဂလိကပိုင်ပြုရေးအစီအစဉ်တွင် မရှိသေးသော ငွေပင်ငွေရင်းဈေးကွက်
ကို ကနဦးဖော်ထုတ်ရေးသည် အထူးအရေးကြီးလှသည်ဟု ပညာရှင်တို့
က ဆိုလာကြသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဆိုရှယ်လစ်နိုင်ငံဟောင်းများ
ဖြစ်ကြသော ရုရှားနှင့် အရှေ့ဥရောပနိုင်ငံတို့၏အတွေ့အကြုံတို့ကို
လေ့လာသင့်၏။

ထိုနိုင်ငံတို့တွင် "ဘောက်ချာ" ဆိုသောစကားသည် အလွန်ခေတ်စားနေ
ပါသည်။ နိုင်ငံပိုင်လုပ်ငန်းတို့ကို မည်သူကမျှ တစ်ဦးတည်း ထီးထီးမားမား
ငွေထုပ်ပိုက်ပြီးမ၀ယ်နိုင်ကြပေ။ ထိုအခြေအနေတွင် ပုဂ္ဂလိကပိုင်ပြုလုပ်
မည့်နိုင်ငံပိုင်လုပ်ငန်းတို့၏ စတော့ရှယ်ယာတို့ကို နိုင်ငံသားတိုင်းက
ဝယ်ယူနိုင်အောင် စီစဉ်ရပေတော့မည်။ တစ်နည်းပြောလျှင် နိုင်ငံသားတိုင်း
စုဆောင်းငွေတို့ကို အရင်းအနှီးဖြစ်အောင် ပြုရတော့မည်။ သို့ဖြင့်အသက်
ပြည့်သူနိုင်ငံသားတိုင်းအား ဘောက်ချာဝေပစ်လိုက်သည်။ ထိုဘောက်ချာ
တို့မှာ အစုရှယ်ယာဝယ်ခွင့်လက်မှတ်သဘောဖြစ်သည်။

သက်ဆိုင်ရာစီမံသူတို့၏အဆိုအရ ဘောက်ချာတို့ကိုဖလှယ်နိုင်သော
နေရာ၊ ပွဲစားများ ပျားပန်းခပ်မျှ မုချဧကန် ပေါ်ပေါက်ထွန်းကားလာမည်
ဖြစ်လေရာ ဤသည်ပင် ငွေပင်ငွေရင်းဈေးကွက် သို့မဟုတ် စတော့
အိပ်ချိန်းပေါ်ပေါက်စေရန် အုတ်မြစ်ချလိုက်သကဲ့သို့ဖြစ်မည်ဟုဆိုသည်။
စတော့အိပ်ချိန်းပေါ်ပြီးပါက သူ့နိယာမနှင့်သူ ထွန်းကားသွားလိမ့်မည်
ဟုဆိုကြသည်။

CEO Magazine

Friday, May 2, 2014

Warren Buffett ၏ လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၂)

******************************
Warren Buffett ၏
လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၂)
[ဇော်ဝင်းကြူ]
******************************

Warren ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေဟာ အလုပ်မျိုးစုံ ၈၈ ခုကျော်ပါ
တယ်။ သူက ဒီကုမ္ပဏီ ၈၈ ခုရဲ့စီမံခန့်ခွဲမှုကို အဆင့်မြင့်အရည်
အချင်းတွေနဲ့ပြည့်ဝတဲ့ CEO မန်နေဂျာ ၈၈ ယောက်ရဲ့လက်ထဲကို
အပ်လိုက်ပါတယ်။ Berkshire ကုမ္ပဏီတွေအားလုံးကို သက်ဆိုင်ရာ
CEO တွေကစီမံခန့်ခွဲနေပြီး သူတို့ဟာ သူတို့ရဲ့လုပ်ငန်းတွေအပေါ်
မှာ အပြည့်အ၀ထိန်းချုပ်ကွပ်ကဲထားကြပါတယ်။

Forest River ကို Berkshire က ၀ယ်ယူလိုက်တဲ့အခါ တည်ထောင်သူ
လည်းဖြစ် CEO လည်းဖြစ်တဲ့ Peter Leigle ကို Warren ကတော့
တစ်နှစ်အတွင်း သူ့ဆီက စကားသံကို တစ်ကြိမ်ထက်ပိုပြီးကြားဖို့
မမျှော်လင့်နဲ့လို့ပြောခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့ဆီကို
အထွေအထူးစာတွေပေတွေရေးပြီး တင်ပြနေစရာမလိုဘူးလို့တောင်
Berkshire ကုမ္ပဏီတွေက CEO တွေကို ပြောထားပါတယ်။

အလုပ်တွေအများကြီးထဲက အလုပ်တိုင်းအလုပ်တိုင်းကို သူ့ဘာသာ
အပြည့်အ၀စီမံခန့်ခွဲနိုင်တယ်လို့ထင်နေမယ်ဆိုရင် တော်တော်မိုက်
တာပဲလို့ပဲ Warren ကယူဆပါတယ်။ အလုပ်တစ်ခုပြီးမြောက်ဖို့
အတွက် လုပ်ပိုင်ခွင့်ကို Warren ကလွှဲပေးပါတယ်။ တာဝန်တစ်ခု
တည်းကိုလွှဲပေးတာမဟုတ်ဘူး။ လုပ်ငန်းကြီးတစ်ခုလုံးကိုလွှဲပေးတာ။
သူပြောနေကျစကားက ' ပြန်လှည့်မကြည့်တော့ဘဲ ပစ်ထားမယ့်
အဆင့်လောက်အထိ လုပ်ပိုင်ခွင့်ကို ကျွန်တော်လွှဲပေးပါတယ် ' တဲ့။