Tuesday, September 24, 2013

ပီတာဒရပ်ကား၏ မှတ်သားဖွယ်စကားများ

********************************
 ခေါင်းဆောင်မှုပေးသူများအတွက်
ပီတာဒရပ်ကား၏ မှတ်သားဖွယ်စကားများ
********************************

ခေါင်းဆောင်မှုပေးသူများအတွက်

ငါဆိုတဲ့စကားကို တွေးလည်းမတွေးနဲ့။ ပြောလည်းမပြောနဲ့။
တို့ဆိုတဲ့စကားကိုတွေးပါ။ ပြောပါ။ ခေါင်းဆောင်ကောင်းတိုင်းဟာ
သူပါဝင်တဲ့အဖွဲ့အစည်းက သူ့အပေါ်ယုံကြည်လို့ သူ့မှာ လုပ်ပိုင်ခွင့်
ရှိရတယ်လို့ သဘောပေါက်ကြတယ်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်
လိုအင်ကို နောက်မှာထားပြီး အဖွဲ့အစည်းရဲ့ ကောင်းကျိုးနဲ့ လိုအပ်မှု
တွေအပေါ် အရင်ဦးစားပေးနားလည်ထားကြတယ်။

ပါရမီပါသူများအတွက်

ပါရမီဗီဇထူးသူများကို ဆွဲဆောင်၍ အသုံးချသိမ်းသွင်းခြင်းဟာ
စီမံခန့်ခွဲမှုရဲ့ အဓိက ပင်မလုပ်ငန်းဆောင်တာနှစ်ခုဖြစ်လာပြီ။ ညဏ်ပညာနဲ့
အသက်မွေးသူတွေဟာ ရွေးချယ်မှုတွေများတတ်ကြတယ်။ သူတို့ကို
စေတနာမေတ္တာနဲ့ ပြုပြင်လမ်းညွှန်ပေးပါ။ သူတို့ဟာ ပုဂ္ဂိုလ်ရေးတာဝန်
ဝတ္တရားတွေကို စိတ်ဝင်တစား အလေးထားတတ်သူတွေပါ။ သူတို့ဟာ
စဉ်ဆက်မပြတ်လေ့လာသင်ကြား ဆည်းပူးနေချင်ကြတယ်။ ရိုသေလေးစားမှု
ကို ခံယူချင်ပြီး လုပ်ပိုင်ခွင့်တွေလည်း ရှိချင်ကြတယ်။ အဲဒါတွေ သူတို့ကို
ဖြည့်ဆည်းပေးလိုက်ပါ။

အလုပ်နှင့်ပက်သက်၍

ပြဿနာဖြစ်ဖို့ထက် အကျိုးနှင့် အခွင့်အလမ်းကို အာရုံစိုက်ပါ။
ပြဿနာအေးစေခြင်းဟာ အန္တရာယ်ကို တားဆီးခြင်းမည်တယ်။ အခွင့်လမ်းကို
ရယူခြင်းဟာ ရလဒ်အဖြေတစ်ခုကို ဖြစ်ပေါ်စေတယ်။ အခွင့်အလမ်းတွေနဲ့
ပတ်သက်ဆက်နွှယ်မှုကို ခွဲခွဲခြားခြား သိမြင်ပြီးသည့်တိုင် တကယ်မဟုတ်သော
ပြဿနာတစ်ခုအား ဆွေးနွေးစီမံခန့်ခွဲရာသို့ ယူဆောင်မလာပါနှင့်။ ရယူခြင်း
ဟာ အကျိုးဖြစ်တယ်။ အပြစ်လို့ မမြင်လေနဲ့။

ဆုံးဖြတ်ချက်ချရာ၌

အဆုံးအဖြတ်မှန်သမျှ စွန့်စားမှုရှိတယ်။ ပစ္စုပ္ပန်မှာရှိတဲ့ အရင်းအမြစ်
တွေကို မရေရာ မသေချာတဲ့ အနာဂတ်ဆီ ပုံအပ်တဲ့ ကျူးလွန်မှုတစ်မျိုးပဲ။
ဘယ်လိုအချိန်မှာ ဆုံးဖြတ်ချက်ချဖို့ လိုမလဲ။ ပြဿနာ အခက်အခဲကို ဘယ်လို
ဖြေရှင်းမလဲ၊ ဘယ်လိုတိုက်ရိုက် ကိုင်တွယ်မလဲဆိုတာ သင်သိနားလည်ခဲ့ရင်
စွန့်စားမှု အရင်းအနှီးသေးမယ်။ ဆုံးဖြတ်ချက် ချပြီးရင် ဆုံးတဲ့အထိ ဆက်လုပ်
ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချပြီး ဘယ်လိုဆက်လုပ်ရမှန်း မသိသေးဘူးဆိုရင်
ဆုံးဖြတ်ချက် မချပါနဲ့။

အဖွဲ့အစည်းများနှင့်ပက်သက်၍

လူ့သဘာဝက အပြစ်ကို မကြည့်တတ်ဘူး။ ဒါပေမယ့် အစွမ်းအစရှိတဲ့
အဖွဲ့အစည်းတွေ ရှင်သန်ရပ်တည်နေတာဟာ သူတို့နှစ်သိမ့်ဖို့မဟုတ်ဘူး။
ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်
တစ်ယောက်ဟာ ကိုယ့်အဖွဲ့အစည်းကို အပြင်က တွက်ကြည့်တတ်ဖို့လိုအပ်တယ်။
အဲဒါမှ ကုမ္ပဏီထဲက လူတိုင်းရဲ့ လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ပြုပြင်
ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

(Science & Tech Journal)

Monday, September 23, 2013

စာဖတ်ခြင်းဖြင့် ဘ၀တိုးတက်မှု ရရှိလိုလျှင်
[ဆရာဖေမြင့်]
**********************************************

"ဘာတွေဖတ်နေလဲ" စာဖတ်သူချင်းတွေ့လျှင် သည်လိုပဲမေးလေ့ရှိသည်။
"ဘယ်လိုဖတ်သလဲ" ဟူ၍ကား မေးခဲလှသည်။

စာဖတ်သူချင်းအတူတူ ဘယ်သူက ပို၍စာအုပ်စာပေ၏ အကျိုးကျေးဇူးကို 
ခံစားသွားရသလဲဟူသော အချက်ကား မေးခဲလှသည့် ဒုတိယ အမေးပေါ်
တွင် မူတည်နေပေသည်။ စာအုပ်တစ်အုပ်မှ လူတစ်ယောက် ဘာရသလဲဟူ
သည် ထိုစာအုပ်ကို ၎င်းလူဘယ်လိုဖတ်သလဲဟူသော အချက်ပေါ်တွင်မူတည်
သည်။ သို့သော် အခြားသူများနှင့် တွေ့လျှင် အဲဒီစာအုပ် မိမိဖတ်ပြီးကြောင်း
ပြောနိုင်အောင် ဟူ၍ အခြောက်တိုက် အချိန်ကုန်ခံ ဖတ်ရှုသူများမှာ ထိုစာအုပ်ထဲမှ 

ဘာအနှစ်သာရ တစ်ခုမျှရလိုက်မည် မဟုတ်ပေ။

စာဖတ်သည့်အလုပ်ကို ခပ်ပေါ့ပေါ့ လုပ်သူသည် အခြားကိစ္စရပ်များတွင်လည်း
တို့ကနန်း ဆိတ်ကနန်း စမ်းကြည့်လိုက် ချထားလိုက် လုပ်တတ်၏။ လုပ်ဖူး
သည်ဆိုရုံ မြည်းစမ်းကာ တကယ်စိတ်အားလူအား စိုက်ထုတ်ရမည့်အချိန်၌
အသာရှောင်ထွက်သွားတတ်သည့် ပေါ့တန်လျော့ရဲသော စိတ်ဓာတ်ပိုင်ရှင်မျိုး
ဖြစ်လာတတ်၏။ စာအုပ်အငှားဆိုင်သို့ ခေါက်တုံ့ခေါက်ပြန် သွားနေကြသူများ
ကို စိစစ်ကြည့်ပါ။ စာကို အလေးအနက် တန်ဖိုးထားဖတ်ရှုနေကြသူတွေ၊
စာအုပ်စာပေမှ အကျိုးကျေးဇူး ခံစားရယူမည်ဟူသော ရည်ရွယ်ချက်ဖြင့်
ကြိုးစားနေကြသူတွေလည်း ရှိပါသည်။ သို့သော် တော်တော်များများကမူ
ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ၀တ္ထုတွေကို သူများထက်ဦးအောင် မဖတ်ရမှာ
စိုးသဖြင့် အသည်းအသန် အရေးတကြီး လုဖတ်နေကြသည်။ သူ့မှာ
ဘာရည်ရွယ်ချက်မှ မရှိသလို ဘာအလားအလာမှလည်း မရှိပါ။ ထို့ကြောင့်
စာဖတ်သူ တစ်ယောက် အနေနှင့် စာအတွက် မိမိအချိန်ကုန် လူပန်းခံ
သလောက် စာမှ မိမိအတွက် ထိုက်တန်သော အကျိုးကျေးဇူးရရှိလိုသည်
ဆိုလျှင် စာဖတ်ရာ၌ ရိုးသားမှုရှိရန် လိုသည်။ စာကို လေးစားယုံကြည်ရန်
လိုသည်။ စာထဲက ရတနာကို အလွယ်တူ လက်ဖြန့်ခံယူ၍ မရ၊ ကိုယ်တိုင်
တူးဆွ ယူငင်မှ ရမည်ဟူ၍လည်း သဘောပေါက်ထားရန် လိုသည်။

စာကို အရေအတွက် အမြောက်အမြားဖတ်ရှုနေခြင်းထက် ဖတ်သမျှ စာ၏
အနှစ်သာရကို မိမိဦးနှောက်ထဲ အသွေးအသားထဲ စိမ့်ဝင်အောင် စုပ်ယူသိမ်း
ဆည်းနိုင်ရန်သာ လိုသည်။ အနှစ်သာရတွေ စုပ်ယူရရှိလိုပါက စာ ၁၅ မိနစ်
ဖတ်ပြီးတိုင်း ၄၅ မိနစ်စာမျှ ပြန်လှန်စဉ်းစားသုံးသပ်မှုပြုပါ ဟူ၍
ရစ်ချက်လဂယ်လီယင်း အမည်ရှိ အင်္ဂလိပ် စာပေပညာရှင်ကြီးတစ်ဦးက
အကြံပြုခဲ့သည်။

အမေရိကန်သမ္မတကြီး အေဗရာဟမ် လင်ကွန်းသည် လူပျိုပေါက်အရွယ်တွင်
စာ စသင်ခဲ့ရပြီး စာတတ်စကာလ စာကိုအငမ်းမရ ဖတ်ချင်သော ကာလက
ရွေးဖတ်စရာ စာအုပ်များများမရခဲ့ပေ။ သို့သော် ကံအားလျော်စွာ ထိုစဉ်က
ကျေးလက်တောရွာမှာ သူတွေ့ခဲ့ရသည့် စာအုပ်များသည် စာကောင်း
ပေကောင်းများ၊ ဂန္တ၀င်စာပေကြီးများ ဖြစ်ခဲ့ပြီး အရေအတွက် မများလှသည့်
စာအုပ်ကောင်းများကို ၀ါးမျိုခွင့်၊ အသွေးအသားထဲတွင် မပြတ်စီးဆင်းလည်
ပတ်နေအောင် စုပ်ယူသိမ်းဆည်းခွင့်ရခဲ့သောကြောင့် စာအုပ်များက ပေးသည့်
အသိအမြင်များ၊ ထိုအသိအမြင်များကို ဖော်ကျူးသည့် ပီပြင်ပြောင်မြောက်သော
ဝေါဟာရ စကားလုံးများ၊ ယင်းစကား ယင်းအမြင်များက တိုက်တွန်းလာသည့်
လုပ်ရပ်များအားဖြင့် သူ့ဘ၀ စတင်ရာ ကျေးလက်တောရွာနှင့် တောမြို့တခွင်
ဦးဆောင် နိုင်သူတစ်ဦးဖြစ်လာခဲ့သည်။

သူသည် ကွယ်လွန်ချိန်အထိ စာကို လေးလေးစားစား ဖတ်ရှုသူတစ်ဦးဖြစ်ခဲ့
သည်။ စာဖတ်သည်။ သုံးသပ်ဝေဖန်သည်။ လေ့လာကျက်မှတ်သည်။ အလျဉ်း
သင့်သလိုကိုးကား သုံးစွဲသည်။ စာကပေးသော အသိအမြင်ကို လက်တွေ့ဘဝ
ပြဿနာများ ဖြေရှင်းရာ၌ အသုံးပြုခဲ့သည်။ သူသည် တစ်သက်လုံး စုပေါင်းမှ
ကျောင်း ၁၂ လမျှ နေခဲ့ရသူဖြစ်သော်လည်း ဥပဒေပညာ နှင့် အထွေထွေစာပေ
ဗဟုသုတဘက်တွင် တက္ကသိုလ်မှ ပါရဂူ ဘွဲ့ရပုဂ္ဂိုလ်များကို ယှဉ်ပြိုင်နိုင်သည်
အထိ မိမိကိုယ်ကို ကိုယ်တိုင်ရှာပညာဖြင့် မြှင့်တင်ခဲ့သူဖြစ်သည်။ သူသည်
စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အပြည့်ဝဆုံး ခံစားသွားရသည့် စံနမူနာပြ
စာဖတ်သမားကောင်း တစ်ယောက်ဖြစ်ပေသည်။

ထို့ကြောင့် စာပေဖြင့် သင့်ဘ၀ တိုးတက်အောင်မြင်မှု ရလိုသည်ဆိုလျှင်
ရှေးဦးစွာ သင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်
လှုပ်ရှားမည်၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းမည်ဟူ၍ ဦးတည်
ရည်မှန်းချက်ထားရန်လိုပါသည်။ ပြီးလျှင် ဖတ်စရာစာအုပ် ရွေးချယ်သည့်
အခါ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပတ်သက်သယောင်ထင်ရသော
စာအုပ်များကို တကယ်ဆက်စပ် မဆက်စပ်သေချာအောင် မြည်းစမ်းကြည့်ပါ။
မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပတ်သက်သည့် စာအုပ်မျိုးကိုမူ ညက်ညက်
ကြေအောင်ဝါး၊ အသွေးအသားထဲစုပ်ယူ ဟူသော နည်းမျိုးဖြင့် ဖတ်ရှုပါဟု
အကြံပြုတင်ပြလိုက်ရပါသည်။

ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ

Monday, September 16, 2013

အရည်အသွေးတို့၏ကမ္ဘာ
[ဆရာချစ်စံဝင်း]
****************************
ယနေ့ကမ္ဘာသည် အရည်အသွေးကမ္ဘာဟု ဆိုရလောက်အောင် ကိစ္စအရပ်ရပ်
တွင် အရည်အသွေး အကြောင်း ပြောဆိုနေကြသည်။ ထို့ပြင် ယနေ့ကာလ
သည် နေရာတကာတွင် ထုတ်လုပ်သော ပစ္စည်းများ၊ ထုတ်ကုန်များ 
အရည်အသွေးကောင်းရေး၊ ပေးအပ်သော ၀န်ဆောင်မှုအရပ်ရပ်တို့
အရည်အသွေး ကောင်းမွန်ရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများအရည်အသွေး
ကောင်းရေး၊ အရည်အသွေးရှိ ပြည်သူများ၊အရည်အသွေးရှိခေါင်းဆောင်များ
ဖြစ်ပေါ်ရေး နှင့်အတူ အရည်အသွေးရှိသော ကမ္ဘာကြီးကို ထူထောင်နေသော
အခါသမယ လည်းဖြစ်သည်။

၂၀ရာစု၏ အရည်အသွေးဆိုင်ရာ ပါရဂူကြီးနှင့် ဂျပန်တို့၏ဆရာ ဒဲမ်းမင်း
DENMING သည် အရည်အသွေးရှိသောပစ္စည်းများ ထုတ်လုပ်ရေးနှင့်
ပတ်သက်၍ သူ၏အကြံပြုချက် ၆ ချက်ကို ထုတ်ပြန်ထားရှိခဲ့၏။၎င်းတို့မှာ
အောက်ပါအတိုင်းဖြစ်သည်။

၁. သုံးစွဲသူ ဖောက်သည်၏အလိုကျ ကုန်ပစ္စည်း၏ အရည်အသွေးကိုဆုံးဖြတ်
ရမည်။ ဖောက်သည်၏ အနာဂတ်လိုအပ်ချက်ကို ကြိုတင်မှန်းဆ တွက်ချက်
ရည်မှန်း ထုတ်လုပ်နိုင်ရမည်။ ထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစနစ်ကို
တိုးတက်ပြုပြင်နေရမည်။ ညံ့ဖျင်းသော ထုတ်လုပ်မှုနည်းစနစ်မှ ထွက်ရှိလာ
သော ပစ္စည်းညံ့များကို ဖယ်ထုတ်သော အလုပ်တစ်ခုတည်းဖြင့် 

အရည်အသွေးကိုမဖော်ထုတ်နိုင်ပါ။

၂. ထုတ်ကုန်ပြုလုပ်သော နည်းစနစ်တိုင်းတွင် ရှိတတ်သည့် မညီညွတ်မှု၊
ဖောက်ပြန်မှု၊ ချွတ်ယွင်းမှု များကို အစဉ်သိအောင်လုပ်၍ ထိုအချက်များ
လျော့နည်းအောင် အစဉ်စီမံနေရမည်။

၃. ရေရှည်အရည်အသွေးတိုးတက်မှုသည် ထိပ်ပိုင်းစီမံခန့်ခွဲမှု၏ တာဝန်ယူ
မှုနှင့် စနစ်တကျ ပြုပြင်ပြောင်းလဲမှုတို့မှ ထွက်ပေါ်လာစမြဲဖြစ်သည်။
ပြုပြင်တိုးတက်မှုကို အလယ်အလတ် မန်နေဂျာနှင့် ၀န်ထမ်းများ၏
အားသွန်ခွန်စိုက် လုပ်ဆောင်မှုမှ မရနိုင်ပါ။ အရည်အသွေးနှင့် အကျိုးအမြတ်
ကို လိုချင်တောင့်တမှု တစ်ခုတည်းနှင့်လည်း မရနိုင်။ ပန်းတိုင်နှင့် လိုချင်
တောင်းတမှုကို စွမ်းဆောင်ရည်ဖြင့်သာ ရယူနိုင်သည်။

၎. ကုန်ထုတ်လုပ်မှုအတွက် ပြုပြင် ပြောင်းလဲမှုနှင့် တိုးတက်မှုသည်
အဆက်မပြတ် ဖြစ်ပေါ်နေပြီး လုပ်ငန်းခွင်တစ်ခုလုံး ပျံ့နှံ့နေရမည်။ အဖွဲ့
အစည်းအတွင်းရှိ အဖွဲ့ဝင်တိုင်း လုပ်ငန်းတိုးတက်မှုထဲတွင် ပါဝင်လှုပ်ရှား
ပြီး ပြင်ပမှ ပံ့ပိုးသူများ၏ ပါဝင် ဆောင်ရွက်မှုများသည်လည်း လိုအပ်သည်။

၅. အလုပ်သမားများအာလုံးကို ပညာပေးမှုနှင့် လေ့ကျင့်မှုကို ပြုလုပ်ပေးရမည်။

၆. အလုပ်ခွင်၌ ၀န်ထမ်းတစ်ဦးချင်းစီ၏ လုပ်ဆောင်မှုကို တိုင်းတာသတ်
မှတ်မှုသည် အကျိုးဖြစ်ထွန်းမှု မရှိတတ်။ စီမံခန့်ခွဲသူက ၀န်ထမ်းများ
ကြိုးစားလာအောင် အခွင့်အလမ်းပေးလျှင် ၀န်ထမ်းအများစုသည်
သူတို့၏ အလုပ်ခွင်တွင် ဂုဏ်ယူအားတတ်ကာ ပြုပြင်ဆောင်ရွက်မှုများ
အတွက် အားသွန်ခွန်စိုက်ပါဝင် ကြိုးပမ်းလာမည်ဖြစ်သည်။

Saturday, September 14, 2013

အာကီးမီးတီး(Archimedes)

********************************************
အာကီးမီးတီး(Archimedes) ၏ သင်္ချာပညာ (287-212 BC)
********************************************

အာကီးမီးတီးသည် သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ လက်တွေ့သိပ္ပံပညာရှင်
နှင့် အင်ဂျင်နီယာတစ်ဦး ဖြစ်ခဲ့သည်။ သူသည် စက်လုံး၊ ဆလင်ဒါ၊ လုံးချွန်တို့
၏ ထုထည်များကို ရှာရာတွင် သင့်တော်သလို အစိတ်အပိုင်းများပိုင်း၍
တွက်ချက်သောနည်းသည် နောင်နှစ်ပေါင်း (၁၈၀၀) ကြာသောအခါ နယူတန်
နှင့် လစ်ဘနစ် တို့ ကဲကုလ ဘာသာတွင် သုံးသောနည်းနှင့် ထပ်တူဖြစ်နေ
သည်ကို တွေ့ရသည်။

သက္ကရာဇ် 212 BC တွင် ဂရိနိုင်ငံတစ်ခုလုံးနီးပါးသည် ရောမတို့၏ လက်အောက်
သို့ ကျရောက်နေပြီဖြစ်သည်။ နောက်ဆုံးကျန်ရှိနေသည်မှာ စီစလီကျွန်း၏
ဆိပ်ကမ်းမြို့လေးဖြစ်သော စီးရာခရုမြို့ဖြစ်သည်။ ဤမျှလောက်သေးသော
မြို့ကလေးကို ရောမတို့သည် နှစ်နှစ်တိုင်တိုင် တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။
ဥရောပတိုက်၏ တစ်ဝက်ကျော်ကျော်ကိုပင် တစ်နှစ်ကျော်လောက်ဖြင့်သိမ်း
ပိုက်နိုင်ပြီး ဤသေးငယ်သော ဆိပ်ကမ်းမြို့လေးကျမှ အဘယ်ကြောင့်
နှစ်နှစ်တောင် ကြာရသနည်း။ အဖြေမှာ အာကီးမီးတီး၏ သင်္ချာပညာဖြစ်သည်။

ရောမလူမျိုးများသည် စီးရာခရုမြို့ကို စစ်သင်္ဘောများဖြင့် ချီတက်လာကြသည်။
မနီးမဝေးသို့ရောက်သောအခါ နေဆယ်စင်းလောက်၏ အလင်းထက်ပင်
ပိုလင်းသော အလင်းရောင်ကြီးတစ်ခုသည် မြို့ရိုးမှ ပေါ်ထွက်လာသည်။
မကြာမီ စစ်သင်္ဘောများ မီးထတောက်လောင်၍ ပျက်စီးသွားသည်။
ဒါဘယ်လိုဖြစ်တာလဲဟု မေးကြသည်။ ကမ္ဘာပေါ်တွင် အပူရှိန်နှင့် အလင်းရောင်
နေထက်ပင် ပြင်းသောအရာ ဘာများဖြစ်နိုင်သနည်း။

စီးရာခရုမြို့ကို တိုက်ခိုက်နေသော ဗိုလ်ချုပ်ကြီး မာစဲလပ်စ်က သတိပြုမိ
သည်မှာ ဤအလင်းရောင်ကြီးသည် သူတို့စစ်သင်္ဘောများ၏ နောက်ကျော
ဘက်တွင် နေရောင်ရှိချိန်တွင် ဖြစ်ပေါ်လာတတ်သည်။ နေ၀င်ချိန်တွင် ထို
အလင်းရောင်ကြီးကို လုံးဝ မမြင်ရချေ။ နောက်ဆုံးတွင် ထိုအလင်းရောင်ကြီး
ပေါ်လာနိုင်သောအချိန်ကို ရှောင်၍ တိုက်ခိုက်ခြင်းအားဖြင့် ရောမတို့သည်
စီးရာခရုမြို့ကို သိမ်းပိုက်နိုင်ပြီး အာကီးမီးတီးလည်း သေဆုံးသွားသည်။

အပျက်အစီးများကြားထဲမှ တွေ့ရှိရသော အထောက်အထားများအရ
အာကီးမီးတီးသည် စီးရာခရုမြို့ကို သူတတ်သော သင်္ချာပညာ၏ အစွမ်းဖြင့်
ရန်သူ့လက်သို့ မကျအောင် မည်မျှကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။အချို့
နေရာတွက် ငုတ်တိုင်အကျိုးများ မှန်ကွဲစများကို တွေ့ရသည်။ သို့သော်
မှန်မှတဆင့် နေ၏အလင်းတန်းများ အလင်းပြန်ရုံမျှနှင့် နေထက်လင်းပြီး
သင်္ဘောများကို ထိရုံဖြင့် မီးလောင်အောင် ပူပြင်းသော စွမ်းအင်မျိုးကို မရနိုင်။
မည်ကဲ့သို့ပြုလုပ်သည်ဟူသော သဲလွန်စများကို အာကီးမီးတီး၏ အိမ်တွင်
တွက်ချက်ထားသော မှတ်စုများနှင့် စက်ဝိုင်းနှင့် မတူသော မျဉ်းကွေးပုံများ
တွေ့ရသည်။

ထိုအချိန်က အာကီးမီးတီးတွက်ချက်ထားသော မှတ်စုများနှင့် သူဆွဲထား
သောမျဉ်းပုံများ၏ အကျိုးသက်ရောက်မှုကို မည်သူကမျှ နားမလည်ကြချေ။
ယခု သိပ္ပံနှင့် သင်္ချာတိုးတက်လာသော ခေတ်တွင်သူ၏ တွက်ချက်မှုများနှင့်
ဆွဲထားသောပုံများကို တက္ကသိုလ်တွင် ပထမနှစ်အထိ သင်္ချာယူဖူးသော
ကျောင်းသားကျောင်းသူများပင် နားလည်နိုင်ပါသည်။ အာကီးမီးတီး
ဆွဲထားသောပုံများမှာ ပါရာဗလာ(Parabola) အမည်ရှိသော မျဉ်းကွေးပုံ
ဖြစ်သည်။ သူတွက်ချက်နေသော ညီမျှခြင်းမှာ ပါရာဗလာ၏ ဆုံချက်အမှတ်
ကိုရှာနေခြင်း ဖြစ်သည်။ အကယ်၍ မှန်သေးသေးလေးများကို ပါရာဗလာ
မျဉ်းကွေးအတိုင်း စီထားလိုက်လျှင် ထိုမှန်ကလေးများကို တွေ့ထိသော
နေရောင်ခြည်အလင်းတန်းများသည် ယင်းမျဉ်းကွေး၏ ဆုံချက်တွင်
သွား၍စုဝေးသည်။ ထို့ကြောင့် ယင်းအလင်းတန်းများစုဝေးနေရာသည်
နေ၏ အပူထက် အဆပေါင်းများစွာ ပူပြင်းပြီးမီးလောင်ကျွမ်းစေခြင်းဖြစ်သည်။

ဒေါက်တာခင်မောင်ဝင်း (ဂိမ်းသီအိုရီနှင့် သင်္ချာအတွေးအခေါ် သမိုင်း)

Friday, September 13, 2013

Warren Buffett ၏ ခေါင်းဆောင်မှု အရည်အသွေး
[ဇော်ဝင်းကြူ ]
*******************************************************

'ခေါင်းဆောင်မှု' ဆိုတာ အမှန်တကယ်တော့ မန်နေဂျာကောင်း
တစ်ယောက်ရဲ့ အကြောင်းပါပဲ။ Leadership ဆိုတဲ့စကားလုံးမှာပါတဲ့ 
စာလုံးတွေဟာ မန်နေဂျာတစ်ယောက်မှာရှိရမယ့် အရည်အချင်းတွေကို
ကိုယ်စားပြုနေပါတယ်။

L - Loyalty (သစ္စာရှိမှု)
E - Enthusiasm (စိတ်အားထက်သန်မှု)
A - Attitude (စိတ်နေသဘောထား)
D - Discipline (စည်းစနစ်ကျနမှု)
E - Example (စံနမူနာပြနိုင်မှု)
R - Respect (ရိုသေလေးစားမှု)
S - Scholarliness (ပညာရှင်ပီသမှု)
H - Honesty (ရိုးသားမှု)
I - Integrity (တည်ကြည်ဖြောင့်မတ်မှု)
P - Pride (ဂုဏ်သိက္ခာဖြင့် နေထိုင်မှု)

ဒီအရည်အချင်းတွေအားလုံးနဲ့ပြည့်စုံနေတဲ့ Warren Buffett
ဟာ သူလေ့လာတွေ့ရှိထားသော စီမံခန့်ခွဲမှုအောင်မြင်ရေး ပုံသေနည်း
တစ်ခုဖြစ်လာအောင် ဖန်တီးခဲ့ပုံကို အောက်ပါအတိုင်း အပိုင်း ၅ ပိုင်းခွဲခြား
တင်ပြထားပါတယ်။

၁. မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းကို ရွေးချယ်ပါ
------------------------------------------------
စီးပွားရေးလုပ်ငန်းတွေအားလုံးကို အညီအမျှဖြစ်နေအောင်ဖန်တီးထားတာ
မဟုတ်ဘူးလို့ Warren ကနားလည်ထားပါတယ်။ အောင်မြင်မှုဆီသွားမယ့်
ပထမခြေလှမ်းကတော့ မှန်ကန်တဲ့စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ပြီး
ဒီလုပ်ငန်းနဲ့လိုက်ဖက်တဲ့ စီးပွားရေးပညာကိုသုံးပြီး စီမံခန့်ခွဲလုပ်ကိုင်သွားဖို့
ပါပဲ။ သင့်အနေနဲ့ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်ချင်ဖြစ်၊ မန်နေဂျာဖြစ်ချင်ဖြစ်၊
ဝန်ထမ်းပဲဖြစ်ချင်ဖြစ် ဒီလိုလုပ်တာဟာ လုပ်ကြပြီဟေ့ဆိုကတည်းက
သူများရဲ့ရှေ့ကို ရောက်နေမယ့်နည်းပါပဲ။

၂. လုပ်ပိုင်ခွင့်ကို လွှဲပေးပါ
---------------------------
ဒုတိယအဆင့်ကတော့ လုပ်ကိုင်ခွင့်လွှဲပေးတဲ့ကိစ္စအပေါ် Warren ရဲ့ ပြိုင်ဘက်ကင်းတဲ့အမြင်ပါပဲ။ ယိုင်နဲ့နေတဲ့အထည်အလိပ် လုပ်ငန်းကုမ္ပဏီသေးသေးလေးဖြစ်တဲ့ Berkshire Hathaway ကို ဧရာမနိုင်ငံစုံစီးပွားရေးကော်ပိုရေးရှင်းကြီးဖြစ်လာအောင် လုပ်ပေးခဲ့တာဟာ Warren ရဲ့ဒီပြိုင်ဘက်ကင်းတဲ့အမြင်ပါပဲ

၃. မှန်ကန်တဲ့အရည်အချင်းတွေရှိတဲ့ မန်နေဂျာတစ်ယောက်ကို ရှာပါ
---------------------------------------------------------------------
တတိယအဆင့်ကတော့ လုပ်ငန်းတစ်ခုကို ပြောင်ပြောင်မြောက်မြောက်
စီမံခန့်ခွဲနိုင်ဖို့အတွက် လိုအပ်နေတဲ့အရည်အချင်းတွေကိုသိထားဖို့ပါပဲ။
Warren က တည်ကြည့်ဖြောင့်မတ်မှု၊ ညဏ်ရည်ညဏ်သွေးနဲ့ လုပ်ငန်း
အပေါ်စိတ်အားထက်သန်မှုတွေကိုရှာပါတယ်။ ဒီအရည်အချင်းတွေဟာ
ကျွန်တော်တို့ကိုယ်တိုင်လည်း အောင်မြင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်ချင်
ရင် မွေးမြူပေးဖို့လိုအပ်တဲ့ အရည်အချင်းတွေဖြစ်နေတာပါ။

၎. သင့်ရဲ့ဝန်ထမ်းတွေကို တွန်းအားပေးပါ
------------------------------------------
အရမ်းကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တွေ့ပြီး မှန်ကန်တဲ့ မန်နေဂျာ
တစ်ယောက်ကိုလည်း အဲဒီထဲကို ထည့်ပြီးပြီဆိုရင်တော့ Warren ဟာ သူ့ရဲ
မန်နေဂျာတွေကို သူတို့စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်နိုင်အောင်
တွန်းအားပေးတဲ့အလုပ်ကို လုပ်ပါတယ်။ ဒါဟာ ဒီလုပ်ငန်း၊ ဒီမန်နေဂျာနဲ့
ဒီဝန်ထမ်းတွေပေါင်းပြီး အကျိုးအရှိဆုံးဖြစ်အောင်လုပ်ဖို့ပါ။ Warren ဟာ
တွန်းအားပေးတဲ့နေရာမှာ တိကျမှုရှိတဲ့ စွမ်းရည်တွေဖော်ထုတ်ပြီး အဲဒီ
စွမ်းရည်တွေနဲ့ သူ့ရဲ့ မန်နေဂျာတွေကို တွန်းအားပေးခဲ့ပါတယ်။

၅. ပြဿနာအမျိုးအမျိုးအတွက် စီမံခန့်ခွဲမှုဆိုင်ရာ ပကတိအမှန်တရားများ
---------------------------------------------------------------------------
ပေးစရာရှိတဲ့အကြွေးတွေကို ကိုင်တွယ်တာကစပြီး မရိုးသားတဲ့ဝန်ထမ်းတွေ
ကိုကိုင်တွယ်တာ၊ ကုန်ကျစရိတ်တွေကို နည်းအောင်ထိန်းတာတွေအထိ
ပြဿနာပေါင်းစုံကို ကိုင်တွယ်ဖို့အတွက် Buffett ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ
ပကတိအမှန်တရားတွေဟာ အတိအကျ ရှိနေပါတယ်။

(Warren Buffett's Management Secretes)

Wednesday, September 11, 2013

အာဆီယံ သတင်းအချက်အလက်နှင့်နည်းပညာ ရေရှည်စီမံကိန်း

အာဆီယံ သတင်းအချက်အလက်နှင့်နည်းပညာ ရေရှည်စီမံကိန်း

အာဆီယံဆိုသည်မှာ အရှေ့တောင်အာရှရှိနိုင်ငံများအဖွဲ့အစည်းကို
ခေါ်ခြင်းဖြစ်ပါတယ်။ အာဆီယံအဖွဲ့မှာ နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်ဖွဲ့စည်းထား
ပါတယ်။ ၄င်းတို့မှာ -
၁. ဘရူနိုင်း
၂. ကမ္ဘောဒီးယား
၃. အင်ဒိုနီးရှား
၎. လာအို
၅. မလေးရှား
၆. မြန်မာ
၇. ဖိလစ်ပိုင်
၈. စင်္ကာပူ
၉. ထိုင်း
၁၀.ဗီယက်နမ်   တို့ဖြစ်ကြပါတယ်။

အာဆီယံနိုင်ငံများ၏ သတင်းအချက်အလက်နှင့် နည်းပညာတိုးတက်
မှုဟာလည်း တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာပြီဖြစ်ရာ သတင်းအချက်အလက်
နှင့် နည်းပညာခေတ်ဟု ဆိုရလောက်အောင်ကို နေ့စဉ်ဘ၀နှင့် အလုပ်အကိုင်
များထဲဆီထိ ထိုးဖောက်ဝင်ရောက်လာပြီဖြစ်ပါသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်မှစတင်၍ အာဆီယံနိုင်ငံများမှာ
သတင်းအချက်အလက်နှင့် နည်းပညာ တိုးတက်လာစေရန်အခြေခံအဆောက်
အအုံတည်ဆောက်ခြင်းဖြင့် အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်အောင်
အရင်းအနှီးများများဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

လာမည့် ၂၀၁၅ တွင် အာဆီယံနိုင်ငံများ၏ သတင်းအချက်အလက်
နှင့် နည်းပညာ ရေရှည်စီမံကိန်းအရ ဖြစ်ပေါ်တိုးတက်မှုများအတွက်
အောက်ပါအတိုင်း ဗျူဟာချမှတ်ထားကြပါသည်။

၁. စီးပွားရေး အပြောင်းအလဲ
သတင်းအချက်အလက်နှင့်နည်းပညာနယ်ပယ်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု
စီးပွားရေးလုပ်ငန်းရှင်များ တိုးတက်များပြားလာစေရန် နှင့်
သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ် အပြောင်းအလဲစွမ်းပကား
တိုးမြှင့်ရန်

၂. လူအများ အင်တိုက်အားတိုက် နှင့် စုပေါင်းပါဝင်မှု
သတင်းအချက်အလက်နှင့်နည်းပညာ၏ အကူအညီဖြင့် လူနေမှုဘဝ
တိုးတက်မြင့်မားလာစေရန်

၃. ဆန်းသစ်တီထွင်မှု
သတင်းအချက်အလက်နှင့်နည်းပညာနယ်ပယ်တွင် တီထွင်နိုင်စွမ်း နှင့်
ဆန်းသစ်တီထွက်မှု တိုးတက်မြင့်မားလာစေရန်

၎. အခြေခံအဆောက်အုံ ဖွံဖြိုးတိုးတက်မှု
နောင်လာမည့် မျိုးဆက်သစ်များအတွက် အဓိက ကျသောအခြေခံအဆောက်
အအုံများတည်ဆောက်ရန် နှင့် မူဘောင် စည်းစနစ်များ ရေးဆွဲနိုင်ရန်

၅. လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်မှု
သတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်လုပ်သားများ တိုးတက်ရရှိရန်
နှင့် အမြဲမပြတ်သင်ယူလေ့လာနေသည့် အဖွဲ့အစည်းများဖြစ်ပေါ်လာရန်

၆. နည်းပညာကွာဟမှု ကျဉ်းမြောင်းစေရန်
သတင်းအချက်အလက်နှင့်နည်းပညာစွမ်းပကားဖြင့် ဒေသတွင်းနိုင်ငံများ နှင့်
နိုင်ငံသားများအား မြှင့်တင်ရန်

တို့ဖြစ်ပါတယ်။

အထက်ပါဗျူဟာများ အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံနိုင်ငံများ
သတင်းအချက်အလက်နှင့်နည်းပညာနယ်ပယ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်
လာစေရန်၊ ကမ္ဘာနှင့် အာဆီယံ ကို သတင်းအချက်အလက်နှင့်နည်းပညာပိုင်း
တွင် ပိုမိုချိတ်ဆက်လာနိုင်စေရန်၊ ဒေသတွင်းနိုင်ငံများရှိ ပြည်သူများ
လူနေမှုဘ၀ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ပေါင်းစည်းလုပ်ဆောင်ရန်
ကြိုးပမ်းနေခြင်းဖြစ်ပါသည်။

(ASEAN ICT Masterplan 2015)

Tuesday, September 10, 2013

Microsoft Visual Studio အကြောင်း

**************************
Microsoft Visual Studio အကြောင်း
**************************

Microsoft Visual Studio ကို Integrated Development Environment (IDE) ဟုလည်းခေါ်ဆိုကြသည်။ ပထမဆုံး Visual Studio ကို ၁၉၉၅ ခုလောက်တွင် စတင်ထုတ်လုပ်ခဲ့ပြီး
၁၉၉၇ တွင် Visual Studio 97
၁၉၉၈ တွင် Visual Studio 6.0
၂၀၀၂ တွင် Visual Studio 2002
၂၀၀၃ တွင် Visual Studio 2003
၂၀၀၅ တွင် Visual Studio 2005
၂၀၀၇ တွင် Visual Studio 2008
၂၀၁၀ တွင် Visual Studio 2010
၂၀၁၂ တွင် Visual Studio 2012 နှင့်
မကြာမီ Visual Studio 2013 ထွက်ရှိတော့မည်။

Microsoft Visual Studio 2002 မှစတင်ပြီး Dot Net Framework ဟုခေါ်သည့် program ရေးသားရာတွင် ကိုးကားအသုံးပြုသော library များစွာပါပီး Microsoft ၏ programming language များဖြစ်သော VB.Net, C#.Net, J#.Net, C++.Net စသော language များစွာကိုထောက်ပံပေးသော အရာဖြစ်၍ Dot Net Framework ကို install လုပ်ထားရုံဖြင့် အထက်ပါ language များဖြင့်ရေးသားထားသော program များကို (run) အလုပ်လုပ်စေနိုင်မည်ဖြစ်သည်။

Microsoft Visual Studio 2002 သည် Dot Net Framework 1.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2003 သည် Dot Net Framework 1.1 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2005 သည် Dot Net Framework 2.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2008 သည် Dot Net Framework 3.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2010 သည် Dot Net Framework 4.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2012 သည် Dot Net Framework 4.5 ကိုအခြေခံ၍၄င်း တည်ဆောက်ထားသည်။

ထို့ကြောင့် သင်သည် သင်အသုံးပြုသော Microsoft Visual Studio ၏ version ပေါ်မူတည်၍ Dot Net Framework ကို သင့် program အသုံးပြုမည့်စက်တွင် install လုပ်ထားရန်လိုအပ်ပေသည်။

သို့သော်သင့်စက်တွင် Microsoft Visual Studio ကို install လုပ်ထားပါက Dot Net Framework ကိုထပ်မံ install လုပ်ရန်မလိုအပ်ပေ။

အချက်အလက်ဘဏ် (Database)

*************************
အချက်အလက်ဘဏ် (Database)
*************************

အချက်အလက်ဘဏ် (Database) ဆိုသည်မှာ အချက်အလက်များကို
အုပ်စုဖွဲ့ စုစည်း၍ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သိမ်းဆည်းထားနိုင်သည့်အရာဖြစ်သည်။
အချက်အလက်များကို တကယ့်လက်တွေ့နှင့် ပတ်သက်ဆက်နွှယ်သည့်ပုံစံမျိုးဖြင့်
ဖွဲ့စည်းသိမ်းဆည်းထားနိုင်သည်။ ဥပမာအားဖြင့် ဟိုတယ်တစ်ခုရှိ အခန်းများကဲ့သို့
တစ်ခုနှင့်တစ်ခု ပတ်သက်ချိတ်ဆက်ထားကြပါသည်။ ထိုသို့သိမ်းဆည်းထားသော
အချက်အလက်များကို တွက်ချက်ရှာဖွေအသုံးချရာတွင် ပြန်၍အသုံးပြုနိုင်မည်ဖြစ်ရာ
ဟိုတယ်တစ်ခုတွင် အခန်းလွတ်များ မည်မျှရှိသည်ကို ရှာဖွေသကဲ့သို့ဖြစ်သည်။

အချက်အလက်ဘဏ် (Database) အယူအဆကို ၁၉၆၀ ခုနှစ်များက
စတင်ခဲ့ကြပြီး အသုံးပြုသူအမြောက်အများ တပြိုက်နက်တည်း အချက်အလက်များ
ထည့်သွင်းခြင်း၊ ပြန်လည်ရှာဖွေကြည့်ရှုခြင်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ
ဖြေရှင်းရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့စတင်လုပ်ဆောင်ကြရင်း Database
ကို စနစ်တကျ စီမံခန့်ခွဲထိန်းသိမ်းရန်အတွက် အသုံးချစနစ်တစ်ခုကိုလည်း စတင်
အသုံးပြုခဲ့ကြပါသည်။ ၄င်းကို Database Management Systems (DBMS) ဟု
ခေါ်ဝေါ်ကြပါသည်။

ထင်ရှားသော Database Management Systems များမှာ -
IBM မှ DB2
Oracle မှ Oracle DBMS
Microsoft မှ Access နှင့် SQL Server
Open source ဖြစ်သော MySQL
တို့ဖြစ်ကြပါသည်။


Wiki

Thursday, September 5, 2013

ပရိုဂရမ်မာဆိုသည်မှာ

ပရိုဂရမ်မာဆိုသည်မှာ...

ပရိုဂရမ်မာ (Programmer) ဆိုသည်မှာ ကွန်ပျူတာဆော့ဖ်ဝဲလ်
ရေးသားသူများကို ခေါ်ပါသည်။ သူတို့ဟာ ကွန်ပျူတာ နားလည်နိုင်သော
ဘာသာစကားအဖြစ်ပြောင်းလဲပေးနိုင်သည့် ကွန်ပျူတာ ပရိုဂရမ်များကို
ကျွမ်းကျင်စွာအသုံးပြု၍ ကုဒ်ဘာသာစကားဖြင့် ဆော့ဖ်ဝဲလ်အမျိုးမျိုးကို
ရေးသားပေးနိုင်သူများဖြစ်ကြပါတယ်။ ပရိုဂရမ်မာဟူသည့် အသုံးအနှုန်းကို
ဆော့ဖ်ဝဲလ်ရေးသားသူ၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံပညာရှင်၊
ဟူ၍လည်း ခေါ်ဝေါ်နိုင်သေးပါတယ်။

မှတ်တမ်းများအရ Ada Lovelace ဆိုသည့်အမျိုးသမီးဟာ
ပထမဆုံးသော ပရိုဂရမ်မာဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ Charles Babbage
၏ ကွန်ပျူတာတီထွင်မှုတွင် အသုံးချပရိုဂရမ်ကို ၁၈၄၂ ခုတွင် ပထမဆုံးရေးသား
ခဲ့ပါတယ်။

ဆက်လက်၍ ကွန်ပျူတာ ပရိုဂရမ်ဘာသာစကားကို လက်ဆင့်ကမ်း
အသုံးချပြီး နည်းပညာကျယ်ပြန့်လာသည်နှင့်အမျှ ပရိုဂရမ်မာများကို တန်ဖိုးထားသည့်
ပညာရှင်များအဖြစ် အသိအမှတ်ပြုလာကြပါသည်။ ၂၀၀၉ ခုတွင် ရုရှားနိုင်ငံမှ နှစ်စဉ်
ပညာရှင်များအားလပ်ရက်အဖြစ် ပရိုဂရမ်မာများရဲ့နေ့ ဟူ၍ စက်တင်ဘာလ ၁၃ ရက်နေ့ကို
သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ကြောင်းသိရှိရပါတယ်။