Friday, December 27, 2013

Quote of the day

အဆင်းရဲဆုံး ပုဂ္ဂိုလ်တို့သည် ရည်ရွယ်ချက်ပန်းတိုင်
မရှိဆုံးသော သူများသာ ဖြစ်သည်။

ဆရာချစ်စံဝင်း

Wednesday, December 25, 2013

Quote of the day

အောင်မြင်ခြင်းနှင့် ဆုတ်ယုတ်ခြင်းတို့၏ အကြား၌ ရှိနေသော
နေရာသည် ကြိုးပမ်းအားထုတ်မှုရှိခြင်း နှင့် မရှိခြင်းဟူသော
အရာနှစ်ခုသာဖြစ်ပါသည်။

Unknown

Monday, December 23, 2013

Quote of the day

မနက်ဖြန်အတွက် အကောင်းဆုံး ပြင်ဆင်မှုပြုလုပ်ခြင်းဆိုသည်မှာ
ယနေ့လုပ်ရမည့် အလုပ်ကို အကောင်းတကာ့အကောင်းဆုံး
ဖြစ်အောင် လုပ်ဆောင်ခြင်းပင်တည်း။

ဝီလျံအော့စလား

Friday, December 20, 2013

Quote of the day

လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့တဲ့အခါ အဲဒီတွေ့ဆုံမှုကို
ရင်းနှီးမှုနဲ့ အစပျိုးလိုက်ပါ။

Unknown

Thursday, December 19, 2013

လူတွေသည် ဘ၀တွင် တန်ဖိုးရှိသည်ဟု ခံစားလိုကြပါသည်

************************************
လူတွေသည် ဘ၀တွင် တန်ဖိုးရှိသည်ဟု ခံစားလိုကြပါသည်
[ဒေါက်တာသိန်းလွင်]
************************************

လူတိုင်း၏လည်ပင်းတွင် မမြင်ရသော ဆိုင်းဘုတ်တစ်ခုဆွဲထားပါသည်။
ထိုဆိုင်းဘုတ်မှာရေးထားတာကတော့ "ကျွန်တော်အရေးပါတယ်ဆိုတာ
ခံစားရအောင် လုပ်ပေးပါ" ဟူ၍ဖြစ်သည်ဟု မေရီကေးအက်ရှ်က
ပြောဖူးပါသည်။ မေရီကေးသည် ဤသဘောတရားအခြေခံကို သူ၏
အရောင်းမြှင့်တင်ရေးအဖွဲတွင်ထပ်ဖန်တလဲလဲ လေ့ကျင့်ပေးခဲ့ပါသည်။
"လူတွေနှင့် အလုပ်လုပ်တဲ့ခါတိုင်း ဒီအချက်ကို ဘယ်တော့မှမမေ့ပါနှင့်"
ဟု ထပ်ခါတလဲလဲမှာပါသည်။ လူတွေနှင့် ဆက်သွယ်လုပ်ကိုင်ရာတွင်
အောင်မြင်ဖို့အတွက် ချီးကျူးအသိအမှတ်ပြုမှုနှင့် ထောက်ခံပြောဆို
မှုတို့သည် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်ကို မေရီကေးက
ကောင်းစွာနားလည်ပါသည်။

ထိုနားလည်မှုအတိုင်း လက်တွေ့ကျင့်သုံးခြင်းကြောင့်မေရီကေးသည်
အလွန်အောင်မြင်ခဲ့ပါသည်။ သူ၏စုဆောင်းထားငွေ ဒေါ်လာ ၅၀၀၀ နှင့်
အသက် ၂၀ အရွယ်ရှိသောသူ၏သား အကူအညီဖြင့် ၁၉၆၃ ခုနှစ်တွင်
မေရီကေးကော့စမစ်တစ် (အလှကုန်) လုပ်ငန်းကို စတင်ခဲ့ပါသည်။
ယခုဆိုလျှင် ကမ္ဘာ့အနှံ့၊ ဈေးကွက် ၂၉ ခုတွင် အလှအပဆိုင်ရာ
အကြံပေးပုဂ္ဂိုလ်ပေါင်း ငါးသိန်းကျော်ရှိနေပြီဖြစ်ပါသည်။ မေရီကေး၏
ကုမ္ပဏီသည် အမေရိကန်တွင် အလုပ်လုပ်နေသော ထိပ်တန်းကုမ္ပဏီ
၁၀၀ တွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။

လူတွေနှင့် ဆက်သွယ်လုပ်ကိုင်ရာတွင် အောင်မြင်သောအခြားလူများ
နည်းတူ မေရီကေးသည် "လူတိုင်းက သူတို့အရေးပါသည် ၊
တန်ဖိုးရှိသည်" ဟု ခံစားလိုကြသည်ကို ကောင်းစွာနားလည်သဘော
ပေါက်ပါသည်။ ဤအချက်ကို စိတ်ထဲမှာ စွဲနေအောင်မှတ်ထားသောအခါ
လူများအား စိတ်ရောကိုယ်ပါ ချီးကျူးအသိအမှတ်ပြုမှုကို မလုပ်ဘဲ
မနေတော့ပါ။


25 Ways to Win with People (John C.Maxwell & Les Parrot)

Quote of the day

ကုန်ကျစရိတ်ချွေတာဖို့ဆိုတာဟာ တကယ်တော်တဲ့လုပ်ငန်းမန်နေဂျာ
တစ်ယောက်အတွက် ရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေရမယ့်ကိစ္စတစ်ခု
မဟုတ်ဘူး။ လုပ်ရိုးလုပ်စဉ်တစ်ခုအနေနဲ့ကို သူကအမြဲလုပ်ရမှာ။

Warren Buffett

Tuesday, December 17, 2013

Quote of the day

ကျွန်တော်နဲ့ဖောက်သည်နဲ့ သဘောထားချင်း ကွဲလွဲနေတာကို
ကျွန်တော်မလိုချင်ဘူး။
ကျွန်တော်ကိုယ်တိုင် မယုံကြည်တဲ့ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်
မသုံးချင်တဲ့ဘယ်ပစ္စည်းကိုမှ ကျွန်တော်မရောင်းခဲ့ဘူး။

Warren Buffett

Friday, December 13, 2013

Quote of the day

ပြန်လှည့်မကြည့်တော့ဘဲ ပစ်ထားမယ့်အဆင့်လောက်အထိ
လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့လွှဲပေးပါတယ်။

Warren Buffett

Wednesday, December 11, 2013

Quote of the day

ခင်ဗျားရဲ့ကံကြမ္မာ ဘယ်လိုရှိသည်ကို ကျွန်တော်မသိပါ။ သို့သော်
ကျွန်တော်သိတာတစ်ခုရှိပါသည်။ အခြားလူတွေအကျိုးကို
ဘယ်လိုသယ်ပိုးရမလဲဆိုတာကို ရှာတဲ့လူ၊ တကယ်သယ်ပိုးတဲ့လူဟာ
တကယ်ပဲ ပျော်ရွှင်သောလူတွေဖြစ်မည် ဆိုသည့်အချက်ကိုတော့
ပြောနိုင်ပါသည်။

Albert Schweitzer

Tuesday, December 10, 2013

အင်တာနက်ဈေးကွက်ချဲ့ထွင်ခြင်း (Internet Marketing)

******************************************
အင်တာနက်ဈေးကွက်ချဲ့ထွင်ခြင်း (Internet Marketing)
******************************************

ဈေးကွက်ချဲ့ထွင်ခြင်းကို တနည်းအဓိပ္ပာယ်ဖွင့်ဆိုရလျှင်
စားသုံးသူဖောက်သည် များ၏လိုအပ်ချက်နှင့်အညီ ကျယ်ပြန့်ထိရောက်
သည့်လုပ်ဆောင်ချက်များဖြင့် လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းစေမှုဟု
ဆိုနိုင်ပါသည်။

ဈေးကွက်ချဲ့ထွင်ခြင်း၏ လူသိများသော (P) ၅ လုံးမှာ -
Product (ပစ္စည်း)
People (အရောင်းကိုယ်စားလှယ်များ)
Price (ဈေးနှုန်းသတ်မှတ်ချက်)
Promotion (အရောင်းမြှင့်တင်ခြင်း)
Place (ဖြန့်ချီရန်ပစ္စည်းအထားအသို)

အင်တာနက်ခေတ်သည် မြန်ဆန်စွာပြောင်းလဲနေပြီဖြစ်ရာ
လုပ်ငန်းများ၏ ဈေးကွက်ချဲ့ထွင်သည့် နည်းဗျူဟာများသည်လည်း များစွာ
ပြောင်းလဲလာပြီဖြစ်ပါသည်။ သမရိုးကျ ဈေးကွက်ချဲ့ထွင်နည်းများသည်
နေရာအကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်ပြီး အင်တာနက် ဈေးကွက်
ချဲ့ထွင်ခြင်းမှာမူ နယ်နိမိတ်အကန့်အသတ်မဲ့လုပ်ဆောင်နိုင်ပါသည်။

အင်တာနက်ချိတ်ဆက်အသုံးပြုမှုမှာလည်း လွယ်ကူလျင်မြန်
လာသည်ဖြစ်ရာ သင့်ပြိုင်ဘက် လုပ်ငန်းများမှာလည်း အတိုင်းအတာတစ်ခု
အထိ ပြောင်းလဲလုပ်ဆောင်နိုင်လာမည်ဖြစ်သည်။

အင်တာနက်ဈေးကွက်ချဲ့ထွင်ခြင်းတွင် ကြော်ငြာခြင်း၊ အရောင်း
မြှင့်တင်ခြင်း၊ လူထုနှင့်ဆက်စပ်ထိတွေ့ခြင်း နှင့် ရောင်းချခြင်းတို့ပါဝင်
ပါသည်။

အင်တာနက်ဈေးကွက်ချဲ့ထွင်ခြင်းကို -
ဝဘ်ဆိုဒ်စာမျက်နှာများ
ဘလော့ဂ်များ
လူမှုကွန်ယက်ဆိုဒ်များ
လမ်းညွှန်စာမျက်နှာများ
ဗီဒီယိုဘလော့ဂ်များ
စသည့် နေရာများကို အသုံးပြုကာ လုပ်ဆောင်နိုင်ပါသည်။

အထက်ဖော်ပြပါ နေရာများတွင် အပတ်စဉ်၊ လစဉ် ကုန်ပစ္စည်း
မိတ်ဆက်သည့်အကြောင်းအရာ၊ အရောင်းမြှင့်တင်ခြင်း အကြောင်းအရာ၊
လုပ်ငန်းနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ ရေးသားတင်ပြ
ခြင်းဖြင့် အင်တာနက် ဈေးကွက်ချဲ့ထွင်ခြင်းကို စတင်လုပ်ဆောင်သင့်ပါသည်။

(Bookboon:Internet Marketing)

Joke


Monday, December 9, 2013

Quote of the day

ကျွန်တော်အမှားတွေ အများကြီးလုပ်မိတာပါပဲ။ နောင်လည်းဒီထက်
အများကြီးလုပ်မိနေဦးမှာပါ။ ဒါက ဒီလိုပဲဖြစ်နေမှာပဲလေ။
သင် အသေအချာ လုပ်ရမှာကအမှားတွေကို အမှန်တွေက
အနိုင်ယူသွားအောင် လုပ်ရုံကလေးပါ။

WarrenBuffett

Wednesday, December 4, 2013

Quote of the day

လူတစ်ယောက်ကို တွန်းအားပေးဖို့အတွက် ပြစ်တင်ဝေဖန်တာဟာ
ဘာအကျိုးမှမရှိပါဘူး။ အဲဒီလူက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ပဲ
ကြိုးစားတော့မယ်။ ဒါဟာသူရဲ့အဖိုးတန်တဲ့မာနကို ထိခိုက်သွားသလို
အရေးပါအရာရောက်ချင်တဲ့ သူ့ရဲ့စိတ်ဓာတ်ကိုလည်း
အခံရခက်အောင် လုပ်တာဖြစ်လို့ သူ့မှာ မခံချင်စိတ်တွေပဲ
ထကြွလာလိမ့်မယ်။

Warren Buffett

Monday, December 2, 2013

Quote of the day

ကျွန်တော် စွမ်းသလောက် အကောင်းဆုံးလုပ်ပါသည်။ စွမ်းနိုင်သမျှ
ကောင်းသည်ထက်ကောင်းအောင် လုပ်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်မှုကို
နောက်ဆုံးထွက်သက်အထိ ဆက်လက်လုပ်ဆောင်သွားပါမည်။

Abraham Lincoln

Sunday, November 24, 2013

Quote of the day

သင်၏မျှော်မှန်းချက်များကို သေးသိမ်အောင် လုပ်တတ်သူတွေကို
ဝေးဝေးကရှောင်ပါ။ သေးသိမ်သောသဘောရှိသူတွေက ထိုကဲ့သို့
ပြုလုပ်တတ်ကြပါသည်။သို့သော် တကယ်ကြီးကျယ်မြင့်မြတ်သူများကမူ
သင်သည်လည်း ကြီးကျယ်မြင့်မြတ်သူ ဖြစ်လာနိုင်သည်
ဟူသော ခံစားမှုမျိုးရလာအောင် ဖန်တီးပေးတတ်ကြပါသည်။

Mark Twain

Wednesday, November 20, 2013

စွဲလမ်းမှု

*******
စွဲလမ်းမှု
[ဇော်ဝင်းကြူ]
*******

အလုပ်အပေါ်အစွဲအလမ်းကြီးမှုနဲ့ ပက်သက်ပြီး နမူနာပြရမယ်ဆိုရင်တော့
နှစ်ပေါင်းများစွာ ပိုက်ဆံလေးစုပြီး ဗာတီကန်မြို့ကို ဘုရားဖူးသွားခဲ့တဲ့
ကက်သလစ်ဘာသာဝင် အပ်ချုပ်သမားကလေး တစ်ယောက်အကြောင်းကို
ပြောရမှာပါ။

ဘုရားဖူးက သူပြန်လာတဲ့အခါ ပုပ်ရဟန်းမင်းကြီးကို ဖူးတွေ့ခွင့်ရခဲ့တဲ့
သူ့ရဲ့အတွေ့အကြုံကို ဖောက်သည်ပြန်ချဖို့ သူ့ရဲ့ ဓမ္မမိတ်ဆွေတွေက
တွေ့ဆုံပွဲလေးတစ်ခု လုပ်ပေးပါတယ်။

သိပ်ပြီးသိချင်နေတဲ့ မိတ်ဆွေတစ်ယောက်က "ပုပ်ရဟန်းမင်းကြီးဟာ
ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ" လို့မေးတဲ့အခါ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး
ဖြေလိုက်တာကတော့ "သူ့ကိုယ်တိုင်းက နံပါတ် ၄၄ အလတ်စားအရွယ်ပါ"
တဲ့။

Warren ရဲ့ကမ္ဘာထဲမှာတော့ အတော်ဆုံးမန်နေဂျာဆိုတာဟာ အလုပ်
အကြောင်းကိုတွေးရင်း အိပ်ရာကထလာပြီး ညရောက်တဲ့အခါ အလုပ်
အကြောင်းကို အိပ်မက်မက်နေတတ်တဲ့ ပုဂ္ဂိုလ်မျိုးပါပဲ။
'အကောင်းတကာ့ အကောင်းဆုံးရဖို့အတွက် ပေးရတဲ့အဖိုးအခက
စွဲလမ်းမှုပါ' လို့ သူကပြောပါတယ်။


Warren Buffett's Management Secrets

အရည်အသွေးတို့၏ကမ္ဘာ

******************
အရည်အသွေးတို့၏ကမ္ဘာ
[ဆရာချစ်စံဝင်း]
******************

ယနေ့ကမ္ဘာသည် အရည်အသွေးကမ္ဘာဟု ဆိုရလောက်အောင် ကိစ္စအရပ်ရပ်
တွင် အရည်အသွေး အကြောင်း ပြောဆိုနေကြသည်။ ထို့ပြင် ယနေ့ကာလ
သည် နေရာတကာတွင် ထုတ်လုပ်သော ပစ္စည်းများ၊ ထုတ်ကုန်များ
အရည်အသွေးကောင်းရေး၊ ပေးအပ်သော ၀န်ဆောင်မှုအရပ်ရပ်တို့
အရည်အသွေး ကောင်းမွန်ရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများအရည်အသွေး
ကောင်းရေး၊ အရည်အသွေးရှိ ပြည်သူများ၊ အရည်အသွေးရှိခေါင်းဆောင်များ
ဖြစ်ပေါ်ရေး နှင့်အတူ အရည်အသွေးရှိသော ကမ္ဘာကြီးကို ထူထောင်နေသော
အခါသမယ လည်းဖြစ်သည်။

၂၀ရာစု၏ အရည်အသွေးဆိုင်ရာ ပါရဂူကြီးနှင့် ဂျပန်တို့၏ဆရာ ဒဲမ်းမင်း
DENMING သည် အရည်အသွေးရှိသောပစ္စည်းများ ထုတ်လုပ်ရေးနှင့်
ပတ်သက်၍ သူ၏အကြံပြုချက် ၆ ချက်ကို ထုတ်ပြန်ထားရှိခဲ့၏။၎င်းတို့မှာ
အောက်ပါအတိုင်းဖြစ်သည်။

၁. သုံးစွဲသူ ဖောက်သည်၏အလိုကျ ကုန်ပစ္စည်း၏ အရည်အသွေးကိုဆုံးဖြတ်
ရမည်။ ဖောက်သည်၏ အနာဂတ်လိုအပ်ချက်ကို ကြိုတင်မှန်းဆ တွက်ချက်
ရည်မှန်း ထုတ်လုပ်နိုင်ရမည်။ ထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစနစ်ကို
တိုးတက်ပြုပြင်နေရမည်။ ညံ့ဖျင်းသော ထုတ်လုပ်မှုနည်းစနစ်မှ ထွက်ရှိလာ
သော ပစ္စည်းညံ့များကို ဖယ်ထုတ်သော အလုပ်တစ်ခုတည်းဖြင့် အရည်အသွေး
ကိုမဖော်ထုတ်နိုင်ပါ။

၂. ထုတ်ကုန်ပြုလုပ်သော နည်းစနစ်တိုင်းတွင် ရှိတတ်သည့် မညီညွတ်မှု၊
ဖောက်ပြန်မှု၊ ချွတ်ယွင်းမှု များကို အစဉ်သိအောင်လုပ်၍ ထိုအချက်များ
လျော့နည်းအောင် အစဉ်စီမံနေရမည်။

၃. ရေရှည်အရည်အသွေးတိုးတက်မှုသည် ထိပ်ပိုင်းစီမံခန့်ခွဲမှု၏ တာဝန်ယူ
မှုနှင့် စနစ်တကျ ပြုပြင်ပြောင်းလဲမှုတို့မှ ထွက်ပေါ်လာစမြဲဖြစ်သည်။
ပြုပြင်တိုးတက်မှုကို အလယ်အလတ် မန်နေဂျာနှင့် ၀န်ထမ်းများ၏
အားသွန်ခွန်စိုက် လုပ်ဆောင်မှုမှ မရနိုင်ပါ။ အရည်အသွေးနှင့် အကျိုးအမြတ်
ကို လိုချင်တောင့်တမှု တစ်ခုတည်းနှင့်လည်း မရနိုင်။ ပန်းတိုင်နှင့် လိုချင်
တောင်းတမှုကို စွမ်းဆောင်ရည်ဖြင့်သာ ရယူနိုင်သည်။

၎. ကုန်ထုတ်လုပ်မှုအတွက် ပြုပြင် ပြောင်းလဲမှုနှင့် တိုးတက်မှုသည်
အဆက်မပြတ် ဖြစ်ပေါ်နေပြီး လုပ်ငန်းခွင်တစ်ခုလုံး ပျံ့နှံ့နေရမည်။ အဖွဲ့
အစည်းအတွင်းရှိ အဖွဲ့ဝင်တိုင်း လုပ်ငန်းတိုးတက်မှုထဲတွင် ပါဝင်လှုပ်ရှား
ပြီး ပြင်ပမှ ပံ့ပိုးသူများ၏ ပါဝင် ဆောင်ရွက်မှုများသည်လည်း လိုအပ်သည်။

၅. အလုပ်သမားများအာလုံးကို ပညာပေးမှုနှင့် လေ့ကျင့်မှုကို ပြုလုပ်ပေးရမည်။

၆. အလုပ်ခွင်၌ ၀န်ထမ်းတစ်ဦးချင်းစီ၏ လုပ်ဆောင်မှုကို တိုင်းတာသတ်
မှတ်မှုသည် အကျိုးဖြစ်ထွန်းမှု မရှိတတ်။ စီမံခန့်ခွဲသူက ၀န်ထမ်းများ
ကြိုးစားလာအောင် အခွင့်အလမ်းပေးလျှင် ၀န်ထမ်းအများစုသည်
သူတို့၏ အလုပ်ခွင်တွင် ဂုဏ်ယူအားတတ်ကာ ပြုပြင်ဆောင်ရွက်မှုများ
အတွက် အားသွန်ခွန်စိုက်ပါဝင် ကြိုးပမ်းလာမည်ဖြစ်သည်။

Quote of the day

လူတိုင်းမှာရှိသော အလျှို့ဝှက်ဆုံးသောဆန္ဒကို ထုတ်ဖော်ပြပါ ဆိုလျှင်၊
လူတို့၏ဘ၀အစီအမံများ၊ လုပ်ဆောင်ချက်များကို စိတ်အားတက်ကြွ
စေသော တွန်းအားကို ပြောပြပါဆိုလျှင် "ကျွန်တော် ချီးကျူးဂုဏ်ပြုတာ
ခံချင်ပါတယ်" ဟူ၍ ထွက်လာပါလိမ့်မည်။

E.M.Cioran

Monday, November 18, 2013

Quote of the day

လူတွေမှာ သိပ်မြင့်ပြီး ခိုင်မာတဲ့ပိုင်ဆိုင်မှု ဆိုတာ မရှိပါဘူး။ အဲဒီပိုင်ဆိုင်
ထားမှုသည် စကားလေးနှစ်လုံး၊ သို့မဟုတ် သုံးလုံးကြောင့် ကြေမွပျက်စီး
သွားနိုင်ပါတယ်။ မှန်သောစကားက ပြုပြင်မပေးနိုင်သော အန္တရာယ်ဒုက္ခ
ဆိုတာ ဘာမှမရှိပါ။

Ralph Waldo Emerson

Thursday, November 14, 2013

Quote of the day

ကောင်းတာတွေ အများကြီး တစ်ချိန်တည်းမှာ လုပ်ချင်သူသည်
ဘာကိုမျှမလုပ်ဖြစ်ပါ။

Samuel Johnson

Tuesday, November 12, 2013

Joke


Quote of the day

ကျွန်တော် ဘာကိုစဉ်းစားတယ်၊ ကျွန်တော်ဖြေတဲ့အဖြေကို ဂရုတစိုက်
နားထောင်တယ် ဆိုတာ ကျွန်တော့်ကို အကောင်းဆုံး အသိအမှတ်ပြု
အလေးထားခြင်း ဖြစ်ပါသည်။

ဟင်နရီ ၊ ဒေးဗစ် ၊ Thoreau

Monday, November 11, 2013

Quote of the day

သင်၏မကျေနပ်မှုကို သင့်မိတ်ဆွေအား တိုးတိုးတိတ်တိတ်ပြောပါ။
ချီးကျူးအသိအမှတ်ပြုရာတွင် အများရှေ့မှာ လုပ်ဆောင်ပါ။

Publilus Syrus

Friday, November 8, 2013

Quote of the day

လူတစ်ယောက်အပေါ် သင်ထင်မြင်ယူဆသလို ပြုမူဆက်ဆံလျှင်
ထိုလူအား ပိုမိုဆိုးဝါးအောင် လုပ်ရာရောက်ပါသည်။ လူတစ်ဦး
တစ်ယောက်၏ ပင်ကိုစွမ်းအားအရ သူ၏စွမ်းဆောင်ပြခဲ့မှုအပေါ်မှာ
အခြေခံပြီး ပြုမူဆက်ဆံခဲ့လျှင် ထိုလူဖြစ်သင့်သော အခြေအနေ
ရောက်ရှိအောင် ဆောင်ကြဉ်းပေးရာ ရောက်ပါသည်။

Goethe

Wednesday, November 6, 2013

Quote of the day

"သူ့ရဲ့မန်နေဂျာတွေ ဘာတွေလိုအပ်တယ်၊ ဘာတွေကိုလိုချင်တယ်
ဆိုတာကို ရှာဖွေဖော်ထုတ်ပြီး အဲဒီလိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို
အသိအမှတ်ပြုပေးနိုင်တာဟာ မန်နေဂျာတစ်ယောက်နဲ့ လုပ်ငန်းရှင်
တစ်ယောက်အနေနဲ့ အောင်မြင်မှုရဖို့ ကြီးမားတဲ့ လျှို့ဝှက်ချက်
တစ်ခုပါပဲ"

Warren Buffett

Tuesday, November 5, 2013

Quote of the day

Quote of the day
---------------------

လူတစ်ယောက်အပေါ် သင်ထင်မြင်ယူဆသလို ပြုမူဆက်ဆံလျှင်
ထိုလူအား ပိုမိုဆိုးဝါးအောင် လုပ်ရာရောက်ပါသည်။ လူတစ်ဦး 
တစ်ယောက်၏ ပင်ကိုစွမ်းအားအရ သူ၏စွမ်းဆောင်ပြခဲ့မှုအပေါ်မှာ
အခြေခံပြီး ပြုမူဆက်ဆံခဲ့လျှင် ထိုလူဖြစ်သင့်သော အခြေအနေ
ရောက်ရှိအောင် ဆောင်ကြဉ်းပေးရာ ရောက်ပါသည်။

Goethe

Bryan Dyson ၏ စက္ကန့်၃၀ စာ မိန့်ခွန်း

*******************************
ကိုကာကိုလာကုမ္ပဏီ၏ ဦးဆောင်စီအီးအို
Bryan Dyson ၏ စက္ကန့်၃၀ စာ မိန့်ခွန်း
*******************************

ဘ၀ဆိုတာကို ဘောလုံး ၅ လုံးကို ချိန်ဆပစ်မြောက်ကစားရတဲ့
ကစားပွဲတစ်ခုလို့ စိတ်ကူးကြည့်ပါ။ အဲဒီ ဘောလုံး ၅ လုံးကို
နာမည်တပ်လိုက်တဲ့အခါ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေ၊ စိတ်ဓာတ်
လို့သဘောထားပြီး လေထဲကို ဆက်လက်ပစ်မြောက်ကစားကြည့်ပါ။

မကြာခင်မှာ အလုပ် ဆိုတဲ့ဘောလုံးဟာ ရာဘာဘောလုံးဖြစ်တယ်ဆိုတာ
သင်သဘောပေါက်လာပါလိမ့်မယ်။ သင်ပစ်ချလိုက်တိုင်းမှာ သင့်ဆီကို
တန်ပြန်ရောက်လာလိမ့်မယ်။ ဒါပေမယ့် အခြားဘောလုံး ၄ လုံးဖြစ်တဲ့
မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေအပေါင်းအသင်း၊ နဲ့ စိတ်ဓာတ်တို့ဟာ
ဖန်နဲ့လုပ်ထားတဲ့ ဘောလုံးတွေဖြစ်နေပါတယ်။ တကယ်လို့ သူတို့ထဲက
တစ်ခုခုကို သင်လွှတ်ချလိုက်ရင် အဲဒီဘောလုံးဟာ ပြန်လည်ပြင်ဆင်လို့
မရနိုင်တဲ့ ထိခိုက်မှုတွေ၊ အမာရွတ်တွေ၊ ဒဏ်ရာတွေ၊ ပျက်ဆီးမှု
ဒါမှမဟုတ် လုံးဝကို ကွဲကြေသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။
အဲဒီဖြစ်သွားခဲ့ရင် အရင်တိုင်း ပြန်မဖြစ်နိုင်တော့ဖို့ များပါတယ်။
ဒါကို သင်ကောင်းကောင်းနားလည်ပြီး ကိုင်တွယ်တတ်ဖို့လိုပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်မှာ အလုပ်ချိန်အတွင်း ထိထိရောက်ရောက်နဲ့
ကြိုးစားလုပ်ဆောင်ပြီး အလုပ်ချိန်ပြီးတာနဲ့ အလုပ်ထဲကအချိန်မှန်ထွက်လာဖို့
လိုပါတယ်။ ဒါမှသာ သင့်တနေ့တာရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို
သင့်မိသားစု၊ အပေါင်းအသင်း တွေကို ပေးနိုင်ပြီး သင့်အတွက်လည်း
ကောင်းမွန်သော အနားယူခြင်းနဲ့အတူ ဘ၀ကို အကောင်းကို ရပ်တည်သွား
နိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးဆိုတာ တန်ဖိုးကိုသိပြီး တန်ဖိုးထားတတ်မှ တန်ဖိုးရှိတာပါ။

(မြန်မာချစ်သူမိသားစု)

Monday, November 4, 2013

Quote of the day

"ခပ်ညံ့ညံ့ အနုပညာရှင်တွေဟာ သူများဆီက အတုယူကြတယ်။
ထိတ်ထိတ်ကြဲ အနုပညာရှင်တွေကတော့ ခိုးကူးလိုက်ကြတယ်။ "

Jazz Musician

Friday, November 1, 2013

Quote of the day

"အရင်းအနှီးတွေ အများကြီးထည့်ပြီးမှ ဖြစ်ထွန်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့
အရင်းအနှီးမလိုဘဲ ဖြစ်ထွန်းတဲ့ စီးပွားရေးလုပ်ငန်းနှစ်ခုရဲ့ ခြားနားချက်က
အကြီးကြီးပါ"

Warren Buffett

Wednesday, October 30, 2013

ငွေကို မိတ်ဆွေလို ဆက်ဆံပါ
[ဆရာချစ်စံဝင်း]
*******************************

သင် ကြီးပွားချမ်းသာလိုပါက ပထမဆုံး လိုက်နာရမည့် ကိစ္စမှာ ငွေကို
မိတ်ဆွေလို ဆက်ဆံရန်ဖြစ်၏။ ငွေကို မိတ်ဆွေလို မဆက်ဆံနိုင်သမျှ
သင်သည် ဘယ်သောအခါမှ သူဌေးဖြစ်မည် မဟုတ်ပါ။ ငွေကို မိတ်ဆွေ
လို ဆက်ဆံရေးအတွက် သင်သည်...

ပထမ- ငွေနှင့်ပက်သက်သော အတင်းအဖျင်းစကားများ၊ ယုံတမ်း
စကား၊ ပုံပြင်များကို ဂရုမစိုက်ပါနှင့်။ သင့်မိတ်ဆွေ အကြောင်း ပြော
သည့် အတင်းအဖျင်းများကို အဘယ်ကြောင့် သင်ယုံနေပါမည်နည်း။

ဒုတိယ- မိတ်ဆွေများသည် ကောင်းကျိုးရော ဆိုးကျိုးပါ ပေးတတ်
သလို ငွေကလည်း ကောင်းကျိုးရော ဆိုးကျိုးပါ ပေးနိုင်ပါသည်။
ငွေက ကောင်းကျိုးပေးဖို့နှင့် ဆိုးကျိုးပေးဖို့ ကိစ္စ နှစ်ရပ်တွင် သင်က
ငွေကို ဘယ်လိုအသုံးချသလဲဆိုသည့် အချက်ပေါ်တွင် မူတည်ကြောင်း
သတိထားရှိပါ။

တတိယ- တစ်ခုသတိပြုရန်မှာ ငွေကြေးပြည့်စုံမှ သင်သည် သင့်ဆွေမျိုး
မိဘ နှင့် အခြားသူများကို ကူညီနိုင်မည်။ သင် ဆင်းရဲနေလျှင် ဘယ်သူ့
ကိုမှ မကူညီနိုင်၊ ဘာဒါနမှ မပြုလုပ်နိုင်ဟူသော အချက်ကို မှတ်သား
ထားပါ။

စတုတ္ထ- ငွေကြေးရှာဖွေသုံးစွဲမှုကို သုံးချောင်းထောက် ခွေးခြေလို
သဘောထားပါ။

(က) ငွေကိုရှာပါ
(ခ) ငွေကိုစုပါ
(ဂ) အမြော်အမြင်ရှိရှိ နှင့် ရင်းနှီးပါ

သင်မုချ ကြွယ်ဝချမ်းသာလာပါမည်။

Monday, October 28, 2013

ဝင်စတန်ချာချီ၏ မိန့်ခွန်း
[ဆရာချစ်စံဝင်း]
****************************

ဝင်စတန်ချာချီသည် အင်္ဂလန်နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ်မှ အနားယူ
သောအခါ သူ့အား အောက်စဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်း
အနားတွင် မိန့်ခွန်းတစ်ရပ် ပြောကြားရန် ဖိတ်ကြားခဲ့ပါသည်။

အခမ်းအနားတွင် ဗြိတိန်နိုင်ငံ၏ လူကြီးလူကောင်းများ အောက်စဖို့ဒ် 
တက္ကသိုလ်၏ အကြီးအကဲများ၊ နိုင်ငံရေး၊ စီးပွားရေး လောကမှ 
လူကြီးများ တက်ရောက်ကြပါ၏။ ချာချီသည် အခမ်းအနားတွင်
ထိပ်ဆုံးစားပွဲမှ ထိုင်၍ သူ၏ ဦးထုပ်၊ တုတ်ကောက်၊ ဆေးပြင်းလိပ်
တို့ဖြင့် သာမန်လိုပင် ၀တ်စားထားပါသည်။

အောက်စဖို့ဒ် အသိုင်းအ၀ိုင်းသည် ထိုအခမ်းအနားကို အချိန်ယူ၍
အလေးအနက်ထားကာ စီစဉ်ကြခြင်း ဖြစ်သည်။ မကြာမီ
အခမ်းအနားမှူးက အခမ်းအနားစတင်ကြောင်း ပြောကြားပြီး
ချာချီ၏ အကြောင်းကို ရှည်လျားစွာ ရှင်းလင်းမိတ်ဆက် ပြောကြား
ပါ၏။ ထို့နောက် ချာချီအား မိန့်ခွန်းပြောကြားရန် စင်မြင့်ပေါ်သို့
ဖိတ်ခေါ်လိုက်ပါ၏။ ချာချီသည် စင်မြင့်ပေါ်သို့ တက်လာပြီး
စားပွဲစောင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူသည် စက္ကန့်အတော်ကြာ
ပရိသတ်များကို စိုက်ကြည့်လိုက်ပါ၏။

ချာချီသည် သူ၏ ထူးခြားသော ကိုယ်ပိုင်ဟန်ဖြင့် ပရိသတ်အား စူးစိုက်
ကြည့်ပြီးနောက်

"ဘယ်တော့မှ...ဘယ်တော့မှ...ဘယ်တော့မှ...ဇွဲမလျှော့ပါနဲ့" ဟု

ပြောကြားလိုက်ပါ၏။

ထို့နောက်သူသည် ယခင်အတိုင်း ဘာမှမပြောဘဲ အတန်ကြာ ရပ်နေပြီး
ယခင်ကထက် လေးနက်သော အသံဖြင့်

"ဘယ်တော့မှ...ဘယ်တော့မှ...ဘယ်တော့မှ...ဇွဲမလျှော့ပါနဲ့" ဟု

ထပ်မံ ဆိုလိုက်ပြီး စင်မြင့်ပေါ်မှ ဆင်းကာ သူ့နေရာသူ ထိုင်လိုက်လေ
သည်။

Tuesday, October 22, 2013

*****************
Fuzzy Logic ၏သမိုင်း
[ဒေါက်တာခင်မောင်ဝင်း]
*****************

Fuzzy Logic ခေါ် မရှင်းလင်းသော ယုတ္တိဗေဒပညာနှင့် Fuzzy Set
Theory ခေါ် မရှင်းလင်းသော အစုသီအိုရီတို့ကို The revolutionary
computer technology that is changing the world ကမ္ဘာကြီးကို
ပြောင်းလဲစေသော ကွန်ပျူတာနည်းပညာဟူ၍ ခေါ်ကြပါသည်။

အားလုံးက လက်ခံထားသော ယုတ္တိဗေဒတွင် အမှန် (True) နှင့် အမှား
(False) ဟူ၍ နှစ်မျိုးသားရှိ၏။ မမှန်လျှင်မှားသည်၊ မမှားလျှင် မှန်သည်
ဟူ၍ တိတိကျကျ ဆုံးဖြတ်ချက်ပေးသည်။ Fuzzy Logic သည် အမှန်
နှင့် အမှား ပြိုင်တူဖြစ်နေခြင်းကို လက်ခံသောဝါဒ ဖြစ်သည်။

ဤဘာသာရပ်၏ အခြေခံသဘောမှာ အမှန်နှင့်အမှား အပါအ၀င် အရာ
ရာတိုင်းသည် အပြည့်အ၀မဟုတ်ပဲ၊ သူ့အဆင့်နှင့်သူ ရှိနိုင်သည်ဟူသော
အချက်ဖြစ်သည်။ အချို့သောအဆိုများသည် တစ်ဝက်မှန် တစ်ဝက်မှား
နိုင်၏။

၁၉၆၄ခုနှစ်တွင် Fuzzy Logic နှင့် Set Theory ကို ဇာဒါး (Zadeh)
အမည်ရှိ ရုရှားနိုင်ငံတွင် မွေးဖွားသော၊ အမေရိကန်နိုင်ငံသား၊
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ ပါမေက္ခက တီထွင်ခဲ့
ပါသည်။

သူကသာမန် Set နှင့် Fuzzy Set တို့၏ အခြေခံကွားခြားချက်ကို
ဤသို့ဆိုသည်။ အရာဝတ္ထုများကို အုပ်စုခွဲသောအခါ အရာဝတ္ထုတစ်ခု
သည် အုပ်စုတစ်ခုထဲတွင် ပါဝင်ချင် ပါဝင်နိုင်သည်။ အကယ်၍ မပါဝင်
ခဲ့လျှင်သော်လည်း ဤအုပ်စုထဲတွင် လုံးဝမရှိတော့ချေဟူ၍ ဖြစ်သည်။
Fuzzy Set သည် ဤသို့မဟုတ်ပါ။ အချို့သောအရာ အရာဝတ္ထုများ
သည် ယင်းအုပ်စုထဲတွင် တပိုင်းတစသာ ပါဝင်ပြီး တစ်ပိုင်းတစ်စ မပါ
ဝင်ပဲဖြစ်နိုင်သည်။

သိပ္ပံပညာရှင် တော်တော်များများသည် ဤဘာသာရပ်ကို အမည်နာမ
တစ်ခုတည်းကြောင့် ပစ်ပယ်ထားကြသည်။ပညာရှင် ပါမောက္ခများက
အကြောင်းအကျိုးဖြင့်ကန့်ကွက်ထားခြင်းကို ပြန်လည်၍ ချေပရန်
မဖြစ်နိုင်ကြောင်း Fuzzy Logic လက်ခံသူများက သဘောပေါက်
ကြပါသည်။

ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အင်ဂျင်နီယာပညာဌာနမှ ပါမောက္ခ
စူဂျီနိုသည် Fuzzy Logic ကို စိတ်ဝင်စားသူဖြစ်သည်။ သူသည်
Fuzzy Measure ဆိုင်ရာစာတမ်းများကိုလည်း ရေးသားပြုစုသူ
ဖြစ်သည်။ သို့သော် သူသည် Fuzzy Logic လက်မခံသူများအား
လက်ခံလာအောင် ပြောနိုင်စွမ်းမရှိပါ။

ပါမောက္ခဇာဒါးက ဤကိုယ်ပိုင်ညဏ် မရှိသူများအား လက်ခံလာအောင်
ပြောလိုလျှင် သူတို့အထင်ကြီးသောသူများအား လက်ခံအောင်ပြော
ရမည်ဟု ဆို၏။ သို့သော် ဤနည်းတွင် သူတို့အထင်ကြီးသူများ
ကိုယ်တိုင်က ဘယ်လိုလူမှန်း မသိနိုင်၍ လုပ်ဖို့ခက်သည်ဟု
ဆိုပါသည်။

ပညာရှင်အများစုသည် တော်တော်အမြင်ကျဉ်းကြသည်။ ထို့ကြောင့်
သူတို့လက်ခံလာအောင် လုပ်နိုင်သောနည်း တစ်ခုသာရှိသည်။ ၎င်းမှာ
Fuzzy Logic နှင့် Set Theory ကို လက်တွေ့နယ်ပယ်ဖြစ်သော
နည်းပညာတွင် ထိပ်တန်းရောက်နေသည့် ကွန်ပျူတာပညာတွင်
အောင်မြင်စွာ အသုံးချပြလိုက်နိုင်လျှင် ဘယ်သူမှ လက်မခံနိုင်ဘဲ
မနေနိုင်တော့ပါ ဟု စူဂျီနိုသည်တွေးပြီး သူလေ့လာနေသော Fuzzy
Measure သီအိုရီကို ပစ်ပြီး Fuzzy သဘောတရားများအား လက်တွေ့
အသုံးချပြသည့် အလုပ်ကို လုပ်ပြလေသည်။

Fuzzy Logic နှင့် Set Theory ၏ကျေးဇူးကြောင့် ကွန်ပျူတာ
နည်းပညာတွင် ဂျပန်သည် အမေရိကန်ပြည်ထောင်စုကို ကျော်တက်
သွားသည်။ Fuzzy Logic နှင့် Set Theory သည် ကွန်ပျူတာပညာ၊
စက်ရုပ်ပညာ (Robotic) ၊ စက်မှုနှင့် အီလက်ထရောနစ်ပညာ၊
လေအေးစက်၊ ရေခဲသေတ္တာ၊ မီးနီမီးစိမ်း စသော လက်တွေ့နယ်ပယ်
တို့တွင် အလွန်အသုံးဝင်သည်ကို တွေ့ရပါသည်။


Fuzzy Logic နှင့် Set Theory

American

ဝင်ငွေဖြန့်ကြက်ရောက်ရှိမှုနဲ့ပက်သက်တဲ့ လေ့လာဆန်းစစ်ချက်တစ်ခု
အရ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းဟာ မနှစ်က
အမေရိကန်နိုင်ငံဝင်ငွေရဲ့ ၁၉ ရာခိုင်နှုန်းကိုရရှိခဲ့ပြီး၊ ဒါဟာ ၁၉၈၂
ခုနှစ်ကတည်းကစပြီး ရာခိုင်နှုန်း အများဆုံးရရှိမှုဖြစ်ပါတယ်။
အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့ ၁၀ ရာခိုင်နှုန်းကတော့ အမေရိကန်နိုင်ငံ
ဝင်ငွေရဲ့ ၄၈.၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်
ကြား စီးပွားရေး ပြန်လည်နလန်ထူလာတဲ့ကာလမှာ မိသားစုတွေရဲ့
တကယ့်ဝင်ငွေပမာဏဟာ ၄.၆ ရာခိုင်နှုန်းထိ တိုးလာခဲ့ပြီး အချမ်းသာ
ဆုံး ၁ ရာခိုင်နှုန်းဟာ ၃၁.၄ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။ တခြား ၉၉
ရာခိုင်နှုန်းလခကတော့ ၀.၄ ရာခိုင်နှုန်းထိ တိုးလာခဲ့ပါတယ်။

CEO Magazine

Tuesday, October 15, 2013

အေဖိုး (A4) စက္ကူ၏ သင်္ချာသဘော

**************************
အေဖိုး (A4) စက္ကူ၏ သင်္ချာသဘော
**************************

ယခုခေတ်စားနေသော စက္ကူအရွယ်မှာ အေဖိုး (A4) ဖြစ်သည်။ အစဦး
ဆုံး အေ၀မ်း (A1) အရွယ်ဟုခေါ်သော စက္ကူကြီးရှိသည်။ အေ၀မ်းကို
အလျားအတိုင်း ထက်ဝက်ပိုင်းသော် အေတူး (A2) ဖြစ်လာသည်။
အေတူးကို ထက်ဝက်ပိုင်းသော် အေသရီး (A3) တဖန် အေသရီးကို
ထက်ဝက်ပိုင်းသော် အေဖိုးဖြစ်လာသည်။ အကယ်၍ ဆက်လက်၍
ထက်ဝက်ပိုင်းသွားအော် အေဖိုက် (A5) ၊ အေစစ် (A6) စသည်ဖြင့်
ရလာမည်။

အေဖိုးအရွယ် စက္ကူ၏ အရွယ်မှာ အလျားမှာ ၁၁.၇လက်မ နှင့် အနံ
၈.၃လက်မဖြစ်သည်။ အေဖိုးအရွယ်စက္ကူ၏ အလျားကို အနံဖြင့်စား
လိုက်ပါ။

၁၁.၇/၈.၃ = ၁.၄ နီးပါး

အေဖိုးအရွယ်စက္ကူကို အေဖိုက်အရွယ်ဖြစ်သွားအောင် အလျားအတိုင်း
ထက်ဝက်ချိုးလိုက်ပါ။ ထိုအခါ အလျား ၈.၃လက်မ နှင့် အနံ ၅.၈၅
လက်မ ရမည်။ အလျားကို အနံဖြင့်စားလိုက်ပါ။

၈.၃/၅.၈၅ = ၁.၄ နီးပါး

မည်သည့် အေစက္ကူအမျိုးအစား (A1,A2,A3,A4,A5...) တွင်မဆို
အလျား နှင့် အနံအချိုးသည် အမြဲတမ်း ၁.၄ နီးပါးရမည်။ သင်္ချာနည်း
ဖြင့် တိတိကျကျပြောရသော် အေစက္ကူအရွယ် စက္ကူတိုင်း၏ အလျား
နှင့် အနံအချိုးသည် နှစ်၏ နှစ်ထပ်ကိန်းရင်း ဖြစ်သည်။

ဥပမာ အေစက္ကူတစ်ရွက်၏ အလျားသည် a ဖြစ်ပြီး အနံသည် b ဖြစ်
ပါစေ။ ထိုစက္ကူကို အလျားလိုက် ထက်ဝက်ပိုင်းသော အလျားသည် b
ဖြစ်သွားပြီး အနံသည် a/2 ဖြစ်သွားမည်။

အလျားနှင့် အနံ အချိုးများ တူညီသောကြောင့်

a/b = b/ (a/2)
ဟူသော ညီမျှခြင်းကိုရသည်။ ဆက်ရှင်းသော်

a^2 =2b
a^2/b^2=2
a/b=√2 ဟူ၍ရပါသည်။

ဒေါက်တာခင်မောင်ဝင်း
ဂိမ်းသီအိုရီ နှင့် သင်္ချာအတွေးအခေါ်မှတ်တမ်း




Saturday, October 12, 2013

ပီဇာပို့ပေးပါလားခင်ဗျာ


Sunday, October 6, 2013

သင့်မှာမရှိတာကို သင်သည်မပေးနိုင်ပါ
[ဒေါက်တာသိန်းလွင်]
******************************************

သင့်မှာမရှိတာကို သင်သည်မပေးနိုင်ပါ။ ဤအချက်သည် စိတ်ပညာ၏
မှန်ကန်ချက်တွေထဲက တစ်ခုဖြစ်ပါသည်။ သင်တန်းတက်နေသော
စိတ်ပညာရှင်များနည်းတူ ကျွန်တော်လည်း ပထမဘွဲ့အတွက် သင်တန်း
တက်စဉ်က ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ဆင်ခြင်ကုစား
ဖို့ အခိုင်းခံခဲ့ရပါသည်။ "ဟေ့ လက်စ်၊ စိတ်ပညာရှင်တစ်ယောက်အနေ
နဲ့ မင်းရောက်တဲ့အဆင့်အထိသာ အခြားလူတွေကို ခေါ်ဆောင်နိုင်ပါ
တယ်။ ဘာကြောင့်ဆိုတာ သိလား။ မင်းမှာ မရှိတာကို မင်း မပေးနိုင်
လို့ပါပဲ။ ကိုယ့်ဘ၀ကို ကျေနပ်ရောင့်ရဲခြင်း၊ ပျော်ရွှင်ခြင်း မရှိဘဲ
အခြားလူတွေရဲ့ ဘ၀ကိုပျော်အောင်၊ ကျေနပ်အားရစရာကောင်း
ကောင်း ခံစားနိုင်အောင် ပြုလုပ်ပေးလို့မရပါဘူး" ဟု ကျွန်တော်၏
အကြံပေးဆရာက ပြောပါသည်။

"သင်က အကောင်းဆုံးကို ထုတ်ပေးသောအခါမှသာ အခြားလူတွေဆီ
ကလည်း အကောင်းဆုံး ရနိုင်ပါသည်" ဟု ဟရီးဖားယားစတုန်းက
ပြောခဲ့ဖူး ပါသည်။ အလွန်မှန်လှပါသည်။ သင့်မှာရှိသည့်အကောင်းဆုံး
သည် အခြားလူတွေမှာ ရှိနေပြီးသားလောက်တောင် မကောင်းဘူးဆို
လျှင် သင်သည် အခြားလူများအား သူတို့ လက်ရှိရောက်နေသော
အဆင့်ထက်မြင့်တက်အောင် ဆောင်ရွက်မပေးနိုင်ပါ။

အောက်ဆုံးအဆင့်အားဖြင့် ပြောမည်ဆိုလျှင် သင်ကိုယ်တိုင်သည်
အများနှင့် ဆက်ဆံရေးတွင် ချောမွေ့အောင်မြင်သူ မဟုတ်ခဲ့လျှင်
လူမှုဆက်ဆံရေးမှာ အောင်မြင်ဖို့ မဖြစ်နိုင်ပါ။ သို့သော် အားတက်စရာ
သတင်းကောင်း ပါးချင်ပါသည်။ အခြားလူတွေနှင့် ပေါင်းသင်း
ဆက်ဆံရာတွင် အောင်မြင်လိုသောဆန္ဒ၊ ကြိုးစားချင်သော်စိတ်
တို့သည် လူမှုဆက်ဆံရေးတွင် အဆင်ပြေအောင်မြင်သူတစ်ဦး
ဖြစ်အောင် အထောက်အကူပြုပါလိမ့်မည်။ "လူတွေသည် မိမိကိုယ်ကို
မကူညီဘဲနှင့် အခြားလူတွေကို ကြိုးစားကူညီဖို့ ဆိုသည်မှာ ရိုးရိုး
သားသားပြောရမည် ဆိုလျှင် မလုပ်နိုင်ပါ" ဟု အမေရိကန်လူမျိုး
ဆောင်းပါးရှင် ချားလ်ဝါနာက ပြောခဲ့ဖူးပါသည်။

25 Ways to Win with People (John C.Maxwell & Les Parrot)

Thursday, October 3, 2013

မိမိတန်ဖိုးကို အသိအမှတ်ပြုပါ

***********************
မိမိတန်ဖိုးကို အသိအမှတ်ပြုပါ
***********************

"တစ်ကြိမ်မကတော့ပါဘူး။ ဒီပုံပြင်ကို ကျွန်တော် ပြောဖြစ်ခဲ့တာ၊
ကျွန်တော် နဲ့ သူငယ်ချင်း ဂယ်ရီစမောလေ တို့ဟာ လူထုပရိတ်သတ်
ကို စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက ပရိတ်သတ်
စိတ်လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ခဲ့ပါတယ်။ လူထုပရိတ်သတ်
တစ်သောင်း လောက်ရှေ့မှာ ဂယ်ရီဟာ ဒေါ်လာ ၅၀ တန်ငွေစက္ကူကို
ကိုင်မြှောက်ပြပြီး ဒီဒေါ်လာ ၅၀ တန်ကို ဘယ်သူလိုချင်လဲလို့ မေးလိုက်
ပါတယ်။ နေရာတိုင်းမှာ လက်တွေ မြှောက်လာတာ တွေ့ရပါတယ်"

"ကျွန်တော် ဒီဒေါ်လာ ၅၀ ကို ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကို
ပေးမယ်။ ဒါပေမယ့် ကျွန်တော့်ကို ပထမ ဒါတော့ လုပ်ခွင့်ပေးပါ" ဟု
ပြောရင်း ငွေစက္ကူကို လက်ဖြင့် ခြေမွပစ်လိုက်ပါသည်။ ပြီးတော့ "ကဲ
အခုဆိုရင်ကော၊ ဘယ်သူလိုချင်ကြသေးလဲ" ဟုမေးပါသည်။ မကြာခင်
က ထောင်ခဲ့သောလက်တွေ လေထဲထောင်လာ ပြန်ပါသည်။

"ကောင်းပါပြီ။ ကျွန်တော် ဒီလိုလုပ်လိုက်ရောကော" ဟုပြောပြောဆိုဆို
ငွေစက္ကူကို မြေကြီးပေါ်ချပြီး ငွေစက္ကူကို ဖိနပ်ဖြင့်နင်းခြေပါသည်။
ပြီးတော့ ကောက်ယူလိုက်ပါသည်။ အားလုံးညစ် ပတ်စုတ်ကြေသွားပါ
သည်။ ပြီးတော့ ကောက်ယူလိုက်ပါသည်။ အားလုံးညစ်ပတ်စုတ်ကြေ
သွားပါသည်။ ထို့နောက် "ကဲ...အခု ဘယ်သူလိုချင်သေးလဲ" ဟုမေးရာ
ယခင်က ထောင်ခဲ့သောလက်တွေ လေထဲမြှောက်တက်လာပါသည်။

"ခင်ဗျားတို့အားလုံး တန်ဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတစ်ခုကို ရသွားပြီ။
ကျွန်တော် ဘာပဲလုပ်လုပ် ခင်ဗျားတို့က လိုချင်တာပဲ။ ဘာကြောင့်လဲ
ဆိုတော့ တန်ဖိုးလျော့မသွားလို့လေ။ ညစ်ပတ်စုတ်ကြေသွားသော်
လည်း ဒေါ်လာ ၅၀ ဟာ ဒေါ်လာ ၅၀ တန်ဖိုးရှိနေတယ်မဟုတ်လား"

ဂယ်ရီ၏ရှင်းလှသော သရုပ်ပြကွက်လေးသည် အရေးကြီးသော အချက်
တစ်ချက်ကို ထောက်ပြနေပါသည်။ ကျွန်တော်တို့သည် ဘ၀တွင် လျော့
ကျတာတို့၊ တွန့်ကြေဒဏ်ခံရတာတို့၊ မြေမှာလူးပြီး ညစ်ပတ်သည့်
အဖြစ်နှင့် ကြုံရတာတို့ရှိပါသည်။ လုပ်ခဲ့သောဆုံးဖြတ်ချက်တွေ၊ ကြုံရ
သော အခြေအနေတွေကြောင့် ဒုက္ခအမျိုးမျိုးကြုံရတတ်ပါသည်။ ထိုအခါ
မျိုးမှာ မိမိကိုယ်ကို တန်ဖိုးမရှိတော့သည့်လူ ဟု မိမိဘာသာ မြင်လာတတ်
ပါသည်။ အခြားသူတွေ၏အမြင်မှာလည်း သုံးမရတော့ပါဘူးဟု မြင်လာ
တတ်ကြပါသည်။ ဘယ်လို ဘာတွေပဲဖြစ်ဖြစ် လူသားဆိုသော တန်ဖိုး
ကတော့ ဆုံးရှုံးမသွားပါဘူး။ ထိုတန်ဖိုးကို ဘာကမှ ယူဖယ်မသွားနိုင်ပါ
ဘူး။ ထိုအချက်ကို ဘယ်တော့မှ မမေ့ပါနှင့်။

25 Ways to Win with People (John C.Maxwell & Les Parrot)
ဒေါက်တာသိန်းလွင်

Tuesday, September 24, 2013

ပီတာဒရပ်ကား၏ မှတ်သားဖွယ်စကားများ

********************************
 ခေါင်းဆောင်မှုပေးသူများအတွက်
ပီတာဒရပ်ကား၏ မှတ်သားဖွယ်စကားများ
********************************

ခေါင်းဆောင်မှုပေးသူများအတွက်

ငါဆိုတဲ့စကားကို တွေးလည်းမတွေးနဲ့။ ပြောလည်းမပြောနဲ့။
တို့ဆိုတဲ့စကားကိုတွေးပါ။ ပြောပါ။ ခေါင်းဆောင်ကောင်းတိုင်းဟာ
သူပါဝင်တဲ့အဖွဲ့အစည်းက သူ့အပေါ်ယုံကြည်လို့ သူ့မှာ လုပ်ပိုင်ခွင့်
ရှိရတယ်လို့ သဘောပေါက်ကြတယ်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်
လိုအင်ကို နောက်မှာထားပြီး အဖွဲ့အစည်းရဲ့ ကောင်းကျိုးနဲ့ လိုအပ်မှု
တွေအပေါ် အရင်ဦးစားပေးနားလည်ထားကြတယ်။

ပါရမီပါသူများအတွက်

ပါရမီဗီဇထူးသူများကို ဆွဲဆောင်၍ အသုံးချသိမ်းသွင်းခြင်းဟာ
စီမံခန့်ခွဲမှုရဲ့ အဓိက ပင်မလုပ်ငန်းဆောင်တာနှစ်ခုဖြစ်လာပြီ။ ညဏ်ပညာနဲ့
အသက်မွေးသူတွေဟာ ရွေးချယ်မှုတွေများတတ်ကြတယ်။ သူတို့ကို
စေတနာမေတ္တာနဲ့ ပြုပြင်လမ်းညွှန်ပေးပါ။ သူတို့ဟာ ပုဂ္ဂိုလ်ရေးတာဝန်
ဝတ္တရားတွေကို စိတ်ဝင်တစား အလေးထားတတ်သူတွေပါ။ သူတို့ဟာ
စဉ်ဆက်မပြတ်လေ့လာသင်ကြား ဆည်းပူးနေချင်ကြတယ်။ ရိုသေလေးစားမှု
ကို ခံယူချင်ပြီး လုပ်ပိုင်ခွင့်တွေလည်း ရှိချင်ကြတယ်။ အဲဒါတွေ သူတို့ကို
ဖြည့်ဆည်းပေးလိုက်ပါ။

အလုပ်နှင့်ပက်သက်၍

ပြဿနာဖြစ်ဖို့ထက် အကျိုးနှင့် အခွင့်အလမ်းကို အာရုံစိုက်ပါ။
ပြဿနာအေးစေခြင်းဟာ အန္တရာယ်ကို တားဆီးခြင်းမည်တယ်။ အခွင့်လမ်းကို
ရယူခြင်းဟာ ရလဒ်အဖြေတစ်ခုကို ဖြစ်ပေါ်စေတယ်။ အခွင့်အလမ်းတွေနဲ့
ပတ်သက်ဆက်နွှယ်မှုကို ခွဲခွဲခြားခြား သိမြင်ပြီးသည့်တိုင် တကယ်မဟုတ်သော
ပြဿနာတစ်ခုအား ဆွေးနွေးစီမံခန့်ခွဲရာသို့ ယူဆောင်မလာပါနှင့်။ ရယူခြင်း
ဟာ အကျိုးဖြစ်တယ်။ အပြစ်လို့ မမြင်လေနဲ့။

ဆုံးဖြတ်ချက်ချရာ၌

အဆုံးအဖြတ်မှန်သမျှ စွန့်စားမှုရှိတယ်။ ပစ္စုပ္ပန်မှာရှိတဲ့ အရင်းအမြစ်
တွေကို မရေရာ မသေချာတဲ့ အနာဂတ်ဆီ ပုံအပ်တဲ့ ကျူးလွန်မှုတစ်မျိုးပဲ။
ဘယ်လိုအချိန်မှာ ဆုံးဖြတ်ချက်ချဖို့ လိုမလဲ။ ပြဿနာ အခက်အခဲကို ဘယ်လို
ဖြေရှင်းမလဲ၊ ဘယ်လိုတိုက်ရိုက် ကိုင်တွယ်မလဲဆိုတာ သင်သိနားလည်ခဲ့ရင်
စွန့်စားမှု အရင်းအနှီးသေးမယ်။ ဆုံးဖြတ်ချက် ချပြီးရင် ဆုံးတဲ့အထိ ဆက်လုပ်
ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချပြီး ဘယ်လိုဆက်လုပ်ရမှန်း မသိသေးဘူးဆိုရင်
ဆုံးဖြတ်ချက် မချပါနဲ့။

အဖွဲ့အစည်းများနှင့်ပက်သက်၍

လူ့သဘာဝက အပြစ်ကို မကြည့်တတ်ဘူး။ ဒါပေမယ့် အစွမ်းအစရှိတဲ့
အဖွဲ့အစည်းတွေ ရှင်သန်ရပ်တည်နေတာဟာ သူတို့နှစ်သိမ့်ဖို့မဟုတ်ဘူး။
ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်
တစ်ယောက်ဟာ ကိုယ့်အဖွဲ့အစည်းကို အပြင်က တွက်ကြည့်တတ်ဖို့လိုအပ်တယ်။
အဲဒါမှ ကုမ္ပဏီထဲက လူတိုင်းရဲ့ လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ပြုပြင်
ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

(Science & Tech Journal)

Monday, September 23, 2013

စာဖတ်ခြင်းဖြင့် ဘ၀တိုးတက်မှု ရရှိလိုလျှင်
[ဆရာဖေမြင့်]
**********************************************

"ဘာတွေဖတ်နေလဲ" စာဖတ်သူချင်းတွေ့လျှင် သည်လိုပဲမေးလေ့ရှိသည်။
"ဘယ်လိုဖတ်သလဲ" ဟူ၍ကား မေးခဲလှသည်။

စာဖတ်သူချင်းအတူတူ ဘယ်သူက ပို၍စာအုပ်စာပေ၏ အကျိုးကျေးဇူးကို 
ခံစားသွားရသလဲဟူသော အချက်ကား မေးခဲလှသည့် ဒုတိယ အမေးပေါ်
တွင် မူတည်နေပေသည်။ စာအုပ်တစ်အုပ်မှ လူတစ်ယောက် ဘာရသလဲဟူ
သည် ထိုစာအုပ်ကို ၎င်းလူဘယ်လိုဖတ်သလဲဟူသော အချက်ပေါ်တွင်မူတည်
သည်။ သို့သော် အခြားသူများနှင့် တွေ့လျှင် အဲဒီစာအုပ် မိမိဖတ်ပြီးကြောင်း
ပြောနိုင်အောင် ဟူ၍ အခြောက်တိုက် အချိန်ကုန်ခံ ဖတ်ရှုသူများမှာ ထိုစာအုပ်ထဲမှ 

ဘာအနှစ်သာရ တစ်ခုမျှရလိုက်မည် မဟုတ်ပေ။

စာဖတ်သည့်အလုပ်ကို ခပ်ပေါ့ပေါ့ လုပ်သူသည် အခြားကိစ္စရပ်များတွင်လည်း
တို့ကနန်း ဆိတ်ကနန်း စမ်းကြည့်လိုက် ချထားလိုက် လုပ်တတ်၏။ လုပ်ဖူး
သည်ဆိုရုံ မြည်းစမ်းကာ တကယ်စိတ်အားလူအား စိုက်ထုတ်ရမည့်အချိန်၌
အသာရှောင်ထွက်သွားတတ်သည့် ပေါ့တန်လျော့ရဲသော စိတ်ဓာတ်ပိုင်ရှင်မျိုး
ဖြစ်လာတတ်၏။ စာအုပ်အငှားဆိုင်သို့ ခေါက်တုံ့ခေါက်ပြန် သွားနေကြသူများ
ကို စိစစ်ကြည့်ပါ။ စာကို အလေးအနက် တန်ဖိုးထားဖတ်ရှုနေကြသူတွေ၊
စာအုပ်စာပေမှ အကျိုးကျေးဇူး ခံစားရယူမည်ဟူသော ရည်ရွယ်ချက်ဖြင့်
ကြိုးစားနေကြသူတွေလည်း ရှိပါသည်။ သို့သော် တော်တော်များများကမူ
ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ၀တ္ထုတွေကို သူများထက်ဦးအောင် မဖတ်ရမှာ
စိုးသဖြင့် အသည်းအသန် အရေးတကြီး လုဖတ်နေကြသည်။ သူ့မှာ
ဘာရည်ရွယ်ချက်မှ မရှိသလို ဘာအလားအလာမှလည်း မရှိပါ။ ထို့ကြောင့်
စာဖတ်သူ တစ်ယောက် အနေနှင့် စာအတွက် မိမိအချိန်ကုန် လူပန်းခံ
သလောက် စာမှ မိမိအတွက် ထိုက်တန်သော အကျိုးကျေးဇူးရရှိလိုသည်
ဆိုလျှင် စာဖတ်ရာ၌ ရိုးသားမှုရှိရန် လိုသည်။ စာကို လေးစားယုံကြည်ရန်
လိုသည်။ စာထဲက ရတနာကို အလွယ်တူ လက်ဖြန့်ခံယူ၍ မရ၊ ကိုယ်တိုင်
တူးဆွ ယူငင်မှ ရမည်ဟူ၍လည်း သဘောပေါက်ထားရန် လိုသည်။

စာကို အရေအတွက် အမြောက်အမြားဖတ်ရှုနေခြင်းထက် ဖတ်သမျှ စာ၏
အနှစ်သာရကို မိမိဦးနှောက်ထဲ အသွေးအသားထဲ စိမ့်ဝင်အောင် စုပ်ယူသိမ်း
ဆည်းနိုင်ရန်သာ လိုသည်။ အနှစ်သာရတွေ စုပ်ယူရရှိလိုပါက စာ ၁၅ မိနစ်
ဖတ်ပြီးတိုင်း ၄၅ မိနစ်စာမျှ ပြန်လှန်စဉ်းစားသုံးသပ်မှုပြုပါ ဟူ၍
ရစ်ချက်လဂယ်လီယင်း အမည်ရှိ အင်္ဂလိပ် စာပေပညာရှင်ကြီးတစ်ဦးက
အကြံပြုခဲ့သည်။

အမေရိကန်သမ္မတကြီး အေဗရာဟမ် လင်ကွန်းသည် လူပျိုပေါက်အရွယ်တွင်
စာ စသင်ခဲ့ရပြီး စာတတ်စကာလ စာကိုအငမ်းမရ ဖတ်ချင်သော ကာလက
ရွေးဖတ်စရာ စာအုပ်များများမရခဲ့ပေ။ သို့သော် ကံအားလျော်စွာ ထိုစဉ်က
ကျေးလက်တောရွာမှာ သူတွေ့ခဲ့ရသည့် စာအုပ်များသည် စာကောင်း
ပေကောင်းများ၊ ဂန္တ၀င်စာပေကြီးများ ဖြစ်ခဲ့ပြီး အရေအတွက် မများလှသည့်
စာအုပ်ကောင်းများကို ၀ါးမျိုခွင့်၊ အသွေးအသားထဲတွင် မပြတ်စီးဆင်းလည်
ပတ်နေအောင် စုပ်ယူသိမ်းဆည်းခွင့်ရခဲ့သောကြောင့် စာအုပ်များက ပေးသည့်
အသိအမြင်များ၊ ထိုအသိအမြင်များကို ဖော်ကျူးသည့် ပီပြင်ပြောင်မြောက်သော
ဝေါဟာရ စကားလုံးများ၊ ယင်းစကား ယင်းအမြင်များက တိုက်တွန်းလာသည့်
လုပ်ရပ်များအားဖြင့် သူ့ဘ၀ စတင်ရာ ကျေးလက်တောရွာနှင့် တောမြို့တခွင်
ဦးဆောင် နိုင်သူတစ်ဦးဖြစ်လာခဲ့သည်။

သူသည် ကွယ်လွန်ချိန်အထိ စာကို လေးလေးစားစား ဖတ်ရှုသူတစ်ဦးဖြစ်ခဲ့
သည်။ စာဖတ်သည်။ သုံးသပ်ဝေဖန်သည်။ လေ့လာကျက်မှတ်သည်။ အလျဉ်း
သင့်သလိုကိုးကား သုံးစွဲသည်။ စာကပေးသော အသိအမြင်ကို လက်တွေ့ဘဝ
ပြဿနာများ ဖြေရှင်းရာ၌ အသုံးပြုခဲ့သည်။ သူသည် တစ်သက်လုံး စုပေါင်းမှ
ကျောင်း ၁၂ လမျှ နေခဲ့ရသူဖြစ်သော်လည်း ဥပဒေပညာ နှင့် အထွေထွေစာပေ
ဗဟုသုတဘက်တွင် တက္ကသိုလ်မှ ပါရဂူ ဘွဲ့ရပုဂ္ဂိုလ်များကို ယှဉ်ပြိုင်နိုင်သည်
အထိ မိမိကိုယ်ကို ကိုယ်တိုင်ရှာပညာဖြင့် မြှင့်တင်ခဲ့သူဖြစ်သည်။ သူသည်
စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အပြည့်ဝဆုံး ခံစားသွားရသည့် စံနမူနာပြ
စာဖတ်သမားကောင်း တစ်ယောက်ဖြစ်ပေသည်။

ထို့ကြောင့် စာပေဖြင့် သင့်ဘ၀ တိုးတက်အောင်မြင်မှု ရလိုသည်ဆိုလျှင်
ရှေးဦးစွာ သင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်
လှုပ်ရှားမည်၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းမည်ဟူ၍ ဦးတည်
ရည်မှန်းချက်ထားရန်လိုပါသည်။ ပြီးလျှင် ဖတ်စရာစာအုပ် ရွေးချယ်သည့်
အခါ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပတ်သက်သယောင်ထင်ရသော
စာအုပ်များကို တကယ်ဆက်စပ် မဆက်စပ်သေချာအောင် မြည်းစမ်းကြည့်ပါ။
မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပတ်သက်သည့် စာအုပ်မျိုးကိုမူ ညက်ညက်
ကြေအောင်ဝါး၊ အသွေးအသားထဲစုပ်ယူ ဟူသော နည်းမျိုးဖြင့် ဖတ်ရှုပါဟု
အကြံပြုတင်ပြလိုက်ရပါသည်။

ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ

Monday, September 16, 2013

အရည်အသွေးတို့၏ကမ္ဘာ
[ဆရာချစ်စံဝင်း]
****************************
ယနေ့ကမ္ဘာသည် အရည်အသွေးကမ္ဘာဟု ဆိုရလောက်အောင် ကိစ္စအရပ်ရပ်
တွင် အရည်အသွေး အကြောင်း ပြောဆိုနေကြသည်။ ထို့ပြင် ယနေ့ကာလ
သည် နေရာတကာတွင် ထုတ်လုပ်သော ပစ္စည်းများ၊ ထုတ်ကုန်များ 
အရည်အသွေးကောင်းရေး၊ ပေးအပ်သော ၀န်ဆောင်မှုအရပ်ရပ်တို့
အရည်အသွေး ကောင်းမွန်ရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများအရည်အသွေး
ကောင်းရေး၊ အရည်အသွေးရှိ ပြည်သူများ၊အရည်အသွေးရှိခေါင်းဆောင်များ
ဖြစ်ပေါ်ရေး နှင့်အတူ အရည်အသွေးရှိသော ကမ္ဘာကြီးကို ထူထောင်နေသော
အခါသမယ လည်းဖြစ်သည်။

၂၀ရာစု၏ အရည်အသွေးဆိုင်ရာ ပါရဂူကြီးနှင့် ဂျပန်တို့၏ဆရာ ဒဲမ်းမင်း
DENMING သည် အရည်အသွေးရှိသောပစ္စည်းများ ထုတ်လုပ်ရေးနှင့်
ပတ်သက်၍ သူ၏အကြံပြုချက် ၆ ချက်ကို ထုတ်ပြန်ထားရှိခဲ့၏။၎င်းတို့မှာ
အောက်ပါအတိုင်းဖြစ်သည်။

၁. သုံးစွဲသူ ဖောက်သည်၏အလိုကျ ကုန်ပစ္စည်း၏ အရည်အသွေးကိုဆုံးဖြတ်
ရမည်။ ဖောက်သည်၏ အနာဂတ်လိုအပ်ချက်ကို ကြိုတင်မှန်းဆ တွက်ချက်
ရည်မှန်း ထုတ်လုပ်နိုင်ရမည်။ ထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစနစ်ကို
တိုးတက်ပြုပြင်နေရမည်။ ညံ့ဖျင်းသော ထုတ်လုပ်မှုနည်းစနစ်မှ ထွက်ရှိလာ
သော ပစ္စည်းညံ့များကို ဖယ်ထုတ်သော အလုပ်တစ်ခုတည်းဖြင့် 

အရည်အသွေးကိုမဖော်ထုတ်နိုင်ပါ။

၂. ထုတ်ကုန်ပြုလုပ်သော နည်းစနစ်တိုင်းတွင် ရှိတတ်သည့် မညီညွတ်မှု၊
ဖောက်ပြန်မှု၊ ချွတ်ယွင်းမှု များကို အစဉ်သိအောင်လုပ်၍ ထိုအချက်များ
လျော့နည်းအောင် အစဉ်စီမံနေရမည်။

၃. ရေရှည်အရည်အသွေးတိုးတက်မှုသည် ထိပ်ပိုင်းစီမံခန့်ခွဲမှု၏ တာဝန်ယူ
မှုနှင့် စနစ်တကျ ပြုပြင်ပြောင်းလဲမှုတို့မှ ထွက်ပေါ်လာစမြဲဖြစ်သည်။
ပြုပြင်တိုးတက်မှုကို အလယ်အလတ် မန်နေဂျာနှင့် ၀န်ထမ်းများ၏
အားသွန်ခွန်စိုက် လုပ်ဆောင်မှုမှ မရနိုင်ပါ။ အရည်အသွေးနှင့် အကျိုးအမြတ်
ကို လိုချင်တောင့်တမှု တစ်ခုတည်းနှင့်လည်း မရနိုင်။ ပန်းတိုင်နှင့် လိုချင်
တောင်းတမှုကို စွမ်းဆောင်ရည်ဖြင့်သာ ရယူနိုင်သည်။

၎. ကုန်ထုတ်လုပ်မှုအတွက် ပြုပြင် ပြောင်းလဲမှုနှင့် တိုးတက်မှုသည်
အဆက်မပြတ် ဖြစ်ပေါ်နေပြီး လုပ်ငန်းခွင်တစ်ခုလုံး ပျံ့နှံ့နေရမည်။ အဖွဲ့
အစည်းအတွင်းရှိ အဖွဲ့ဝင်တိုင်း လုပ်ငန်းတိုးတက်မှုထဲတွင် ပါဝင်လှုပ်ရှား
ပြီး ပြင်ပမှ ပံ့ပိုးသူများ၏ ပါဝင် ဆောင်ရွက်မှုများသည်လည်း လိုအပ်သည်။

၅. အလုပ်သမားများအာလုံးကို ပညာပေးမှုနှင့် လေ့ကျင့်မှုကို ပြုလုပ်ပေးရမည်။

၆. အလုပ်ခွင်၌ ၀န်ထမ်းတစ်ဦးချင်းစီ၏ လုပ်ဆောင်မှုကို တိုင်းတာသတ်
မှတ်မှုသည် အကျိုးဖြစ်ထွန်းမှု မရှိတတ်။ စီမံခန့်ခွဲသူက ၀န်ထမ်းများ
ကြိုးစားလာအောင် အခွင့်အလမ်းပေးလျှင် ၀န်ထမ်းအများစုသည်
သူတို့၏ အလုပ်ခွင်တွင် ဂုဏ်ယူအားတတ်ကာ ပြုပြင်ဆောင်ရွက်မှုများ
အတွက် အားသွန်ခွန်စိုက်ပါဝင် ကြိုးပမ်းလာမည်ဖြစ်သည်။

Saturday, September 14, 2013

အာကီးမီးတီး(Archimedes)

********************************************
အာကီးမီးတီး(Archimedes) ၏ သင်္ချာပညာ (287-212 BC)
********************************************

အာကီးမီးတီးသည် သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ လက်တွေ့သိပ္ပံပညာရှင်
နှင့် အင်ဂျင်နီယာတစ်ဦး ဖြစ်ခဲ့သည်။ သူသည် စက်လုံး၊ ဆလင်ဒါ၊ လုံးချွန်တို့
၏ ထုထည်များကို ရှာရာတွင် သင့်တော်သလို အစိတ်အပိုင်းများပိုင်း၍
တွက်ချက်သောနည်းသည် နောင်နှစ်ပေါင်း (၁၈၀၀) ကြာသောအခါ နယူတန်
နှင့် လစ်ဘနစ် တို့ ကဲကုလ ဘာသာတွင် သုံးသောနည်းနှင့် ထပ်တူဖြစ်နေ
သည်ကို တွေ့ရသည်။

သက္ကရာဇ် 212 BC တွင် ဂရိနိုင်ငံတစ်ခုလုံးနီးပါးသည် ရောမတို့၏ လက်အောက်
သို့ ကျရောက်နေပြီဖြစ်သည်။ နောက်ဆုံးကျန်ရှိနေသည်မှာ စီစလီကျွန်း၏
ဆိပ်ကမ်းမြို့လေးဖြစ်သော စီးရာခရုမြို့ဖြစ်သည်။ ဤမျှလောက်သေးသော
မြို့ကလေးကို ရောမတို့သည် နှစ်နှစ်တိုင်တိုင် တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။
ဥရောပတိုက်၏ တစ်ဝက်ကျော်ကျော်ကိုပင် တစ်နှစ်ကျော်လောက်ဖြင့်သိမ်း
ပိုက်နိုင်ပြီး ဤသေးငယ်သော ဆိပ်ကမ်းမြို့လေးကျမှ အဘယ်ကြောင့်
နှစ်နှစ်တောင် ကြာရသနည်း။ အဖြေမှာ အာကီးမီးတီး၏ သင်္ချာပညာဖြစ်သည်။

ရောမလူမျိုးများသည် စီးရာခရုမြို့ကို စစ်သင်္ဘောများဖြင့် ချီတက်လာကြသည်။
မနီးမဝေးသို့ရောက်သောအခါ နေဆယ်စင်းလောက်၏ အလင်းထက်ပင်
ပိုလင်းသော အလင်းရောင်ကြီးတစ်ခုသည် မြို့ရိုးမှ ပေါ်ထွက်လာသည်။
မကြာမီ စစ်သင်္ဘောများ မီးထတောက်လောင်၍ ပျက်စီးသွားသည်။
ဒါဘယ်လိုဖြစ်တာလဲဟု မေးကြသည်။ ကမ္ဘာပေါ်တွင် အပူရှိန်နှင့် အလင်းရောင်
နေထက်ပင် ပြင်းသောအရာ ဘာများဖြစ်နိုင်သနည်း။

စီးရာခရုမြို့ကို တိုက်ခိုက်နေသော ဗိုလ်ချုပ်ကြီး မာစဲလပ်စ်က သတိပြုမိ
သည်မှာ ဤအလင်းရောင်ကြီးသည် သူတို့စစ်သင်္ဘောများ၏ နောက်ကျော
ဘက်တွင် နေရောင်ရှိချိန်တွင် ဖြစ်ပေါ်လာတတ်သည်။ နေ၀င်ချိန်တွင် ထို
အလင်းရောင်ကြီးကို လုံးဝ မမြင်ရချေ။ နောက်ဆုံးတွင် ထိုအလင်းရောင်ကြီး
ပေါ်လာနိုင်သောအချိန်ကို ရှောင်၍ တိုက်ခိုက်ခြင်းအားဖြင့် ရောမတို့သည်
စီးရာခရုမြို့ကို သိမ်းပိုက်နိုင်ပြီး အာကီးမီးတီးလည်း သေဆုံးသွားသည်။

အပျက်အစီးများကြားထဲမှ တွေ့ရှိရသော အထောက်အထားများအရ
အာကီးမီးတီးသည် စီးရာခရုမြို့ကို သူတတ်သော သင်္ချာပညာ၏ အစွမ်းဖြင့်
ရန်သူ့လက်သို့ မကျအောင် မည်မျှကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။အချို့
နေရာတွက် ငုတ်တိုင်အကျိုးများ မှန်ကွဲစများကို တွေ့ရသည်။ သို့သော်
မှန်မှတဆင့် နေ၏အလင်းတန်းများ အလင်းပြန်ရုံမျှနှင့် နေထက်လင်းပြီး
သင်္ဘောများကို ထိရုံဖြင့် မီးလောင်အောင် ပူပြင်းသော စွမ်းအင်မျိုးကို မရနိုင်။
မည်ကဲ့သို့ပြုလုပ်သည်ဟူသော သဲလွန်စများကို အာကီးမီးတီး၏ အိမ်တွင်
တွက်ချက်ထားသော မှတ်စုများနှင့် စက်ဝိုင်းနှင့် မတူသော မျဉ်းကွေးပုံများ
တွေ့ရသည်။

ထိုအချိန်က အာကီးမီးတီးတွက်ချက်ထားသော မှတ်စုများနှင့် သူဆွဲထား
သောမျဉ်းပုံများ၏ အကျိုးသက်ရောက်မှုကို မည်သူကမျှ နားမလည်ကြချေ။
ယခု သိပ္ပံနှင့် သင်္ချာတိုးတက်လာသော ခေတ်တွင်သူ၏ တွက်ချက်မှုများနှင့်
ဆွဲထားသောပုံများကို တက္ကသိုလ်တွင် ပထမနှစ်အထိ သင်္ချာယူဖူးသော
ကျောင်းသားကျောင်းသူများပင် နားလည်နိုင်ပါသည်။ အာကီးမီးတီး
ဆွဲထားသောပုံများမှာ ပါရာဗလာ(Parabola) အမည်ရှိသော မျဉ်းကွေးပုံ
ဖြစ်သည်။ သူတွက်ချက်နေသော ညီမျှခြင်းမှာ ပါရာဗလာ၏ ဆုံချက်အမှတ်
ကိုရှာနေခြင်း ဖြစ်သည်။ အကယ်၍ မှန်သေးသေးလေးများကို ပါရာဗလာ
မျဉ်းကွေးအတိုင်း စီထားလိုက်လျှင် ထိုမှန်ကလေးများကို တွေ့ထိသော
နေရောင်ခြည်အလင်းတန်းများသည် ယင်းမျဉ်းကွေး၏ ဆုံချက်တွင်
သွား၍စုဝေးသည်။ ထို့ကြောင့် ယင်းအလင်းတန်းများစုဝေးနေရာသည်
နေ၏ အပူထက် အဆပေါင်းများစွာ ပူပြင်းပြီးမီးလောင်ကျွမ်းစေခြင်းဖြစ်သည်။

ဒေါက်တာခင်မောင်ဝင်း (ဂိမ်းသီအိုရီနှင့် သင်္ချာအတွေးအခေါ် သမိုင်း)

Friday, September 13, 2013

Warren Buffett ၏ ခေါင်းဆောင်မှု အရည်အသွေး
[ဇော်ဝင်းကြူ ]
*******************************************************

'ခေါင်းဆောင်မှု' ဆိုတာ အမှန်တကယ်တော့ မန်နေဂျာကောင်း
တစ်ယောက်ရဲ့ အကြောင်းပါပဲ။ Leadership ဆိုတဲ့စကားလုံးမှာပါတဲ့ 
စာလုံးတွေဟာ မန်နေဂျာတစ်ယောက်မှာရှိရမယ့် အရည်အချင်းတွေကို
ကိုယ်စားပြုနေပါတယ်။

L - Loyalty (သစ္စာရှိမှု)
E - Enthusiasm (စိတ်အားထက်သန်မှု)
A - Attitude (စိတ်နေသဘောထား)
D - Discipline (စည်းစနစ်ကျနမှု)
E - Example (စံနမူနာပြနိုင်မှု)
R - Respect (ရိုသေလေးစားမှု)
S - Scholarliness (ပညာရှင်ပီသမှု)
H - Honesty (ရိုးသားမှု)
I - Integrity (တည်ကြည်ဖြောင့်မတ်မှု)
P - Pride (ဂုဏ်သိက္ခာဖြင့် နေထိုင်မှု)

ဒီအရည်အချင်းတွေအားလုံးနဲ့ပြည့်စုံနေတဲ့ Warren Buffett
ဟာ သူလေ့လာတွေ့ရှိထားသော စီမံခန့်ခွဲမှုအောင်မြင်ရေး ပုံသေနည်း
တစ်ခုဖြစ်လာအောင် ဖန်တီးခဲ့ပုံကို အောက်ပါအတိုင်း အပိုင်း ၅ ပိုင်းခွဲခြား
တင်ပြထားပါတယ်။

၁. မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းကို ရွေးချယ်ပါ
------------------------------------------------
စီးပွားရေးလုပ်ငန်းတွေအားလုံးကို အညီအမျှဖြစ်နေအောင်ဖန်တီးထားတာ
မဟုတ်ဘူးလို့ Warren ကနားလည်ထားပါတယ်။ အောင်မြင်မှုဆီသွားမယ့်
ပထမခြေလှမ်းကတော့ မှန်ကန်တဲ့စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ပြီး
ဒီလုပ်ငန်းနဲ့လိုက်ဖက်တဲ့ စီးပွားရေးပညာကိုသုံးပြီး စီမံခန့်ခွဲလုပ်ကိုင်သွားဖို့
ပါပဲ။ သင့်အနေနဲ့ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်ချင်ဖြစ်၊ မန်နေဂျာဖြစ်ချင်ဖြစ်၊
ဝန်ထမ်းပဲဖြစ်ချင်ဖြစ် ဒီလိုလုပ်တာဟာ လုပ်ကြပြီဟေ့ဆိုကတည်းက
သူများရဲ့ရှေ့ကို ရောက်နေမယ့်နည်းပါပဲ။

၂. လုပ်ပိုင်ခွင့်ကို လွှဲပေးပါ
---------------------------
ဒုတိယအဆင့်ကတော့ လုပ်ကိုင်ခွင့်လွှဲပေးတဲ့ကိစ္စအပေါ် Warren ရဲ့ ပြိုင်ဘက်ကင်းတဲ့အမြင်ပါပဲ။ ယိုင်နဲ့နေတဲ့အထည်အလိပ် လုပ်ငန်းကုမ္ပဏီသေးသေးလေးဖြစ်တဲ့ Berkshire Hathaway ကို ဧရာမနိုင်ငံစုံစီးပွားရေးကော်ပိုရေးရှင်းကြီးဖြစ်လာအောင် လုပ်ပေးခဲ့တာဟာ Warren ရဲ့ဒီပြိုင်ဘက်ကင်းတဲ့အမြင်ပါပဲ

၃. မှန်ကန်တဲ့အရည်အချင်းတွေရှိတဲ့ မန်နေဂျာတစ်ယောက်ကို ရှာပါ
---------------------------------------------------------------------
တတိယအဆင့်ကတော့ လုပ်ငန်းတစ်ခုကို ပြောင်ပြောင်မြောက်မြောက်
စီမံခန့်ခွဲနိုင်ဖို့အတွက် လိုအပ်နေတဲ့အရည်အချင်းတွေကိုသိထားဖို့ပါပဲ။
Warren က တည်ကြည့်ဖြောင့်မတ်မှု၊ ညဏ်ရည်ညဏ်သွေးနဲ့ လုပ်ငန်း
အပေါ်စိတ်အားထက်သန်မှုတွေကိုရှာပါတယ်။ ဒီအရည်အချင်းတွေဟာ
ကျွန်တော်တို့ကိုယ်တိုင်လည်း အောင်မြင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်ချင်
ရင် မွေးမြူပေးဖို့လိုအပ်တဲ့ အရည်အချင်းတွေဖြစ်နေတာပါ။

၎. သင့်ရဲ့ဝန်ထမ်းတွေကို တွန်းအားပေးပါ
------------------------------------------
အရမ်းကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တွေ့ပြီး မှန်ကန်တဲ့ မန်နေဂျာ
တစ်ယောက်ကိုလည်း အဲဒီထဲကို ထည့်ပြီးပြီဆိုရင်တော့ Warren ဟာ သူ့ရဲ
မန်နေဂျာတွေကို သူတို့စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်နိုင်အောင်
တွန်းအားပေးတဲ့အလုပ်ကို လုပ်ပါတယ်။ ဒါဟာ ဒီလုပ်ငန်း၊ ဒီမန်နေဂျာနဲ့
ဒီဝန်ထမ်းတွေပေါင်းပြီး အကျိုးအရှိဆုံးဖြစ်အောင်လုပ်ဖို့ပါ။ Warren ဟာ
တွန်းအားပေးတဲ့နေရာမှာ တိကျမှုရှိတဲ့ စွမ်းရည်တွေဖော်ထုတ်ပြီး အဲဒီ
စွမ်းရည်တွေနဲ့ သူ့ရဲ့ မန်နေဂျာတွေကို တွန်းအားပေးခဲ့ပါတယ်။

၅. ပြဿနာအမျိုးအမျိုးအတွက် စီမံခန့်ခွဲမှုဆိုင်ရာ ပကတိအမှန်တရားများ
---------------------------------------------------------------------------
ပေးစရာရှိတဲ့အကြွေးတွေကို ကိုင်တွယ်တာကစပြီး မရိုးသားတဲ့ဝန်ထမ်းတွေ
ကိုကိုင်တွယ်တာ၊ ကုန်ကျစရိတ်တွေကို နည်းအောင်ထိန်းတာတွေအထိ
ပြဿနာပေါင်းစုံကို ကိုင်တွယ်ဖို့အတွက် Buffett ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ
ပကတိအမှန်တရားတွေဟာ အတိအကျ ရှိနေပါတယ်။

(Warren Buffett's Management Secretes)

Wednesday, September 11, 2013

အာဆီယံ သတင်းအချက်အလက်နှင့်နည်းပညာ ရေရှည်စီမံကိန်း

အာဆီယံ သတင်းအချက်အလက်နှင့်နည်းပညာ ရေရှည်စီမံကိန်း

အာဆီယံဆိုသည်မှာ အရှေ့တောင်အာရှရှိနိုင်ငံများအဖွဲ့အစည်းကို
ခေါ်ခြင်းဖြစ်ပါတယ်။ အာဆီယံအဖွဲ့မှာ နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်ဖွဲ့စည်းထား
ပါတယ်။ ၄င်းတို့မှာ -
၁. ဘရူနိုင်း
၂. ကမ္ဘောဒီးယား
၃. အင်ဒိုနီးရှား
၎. လာအို
၅. မလေးရှား
၆. မြန်မာ
၇. ဖိလစ်ပိုင်
၈. စင်္ကာပူ
၉. ထိုင်း
၁၀.ဗီယက်နမ်   တို့ဖြစ်ကြပါတယ်။

အာဆီယံနိုင်ငံများ၏ သတင်းအချက်အလက်နှင့် နည်းပညာတိုးတက်
မှုဟာလည်း တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာပြီဖြစ်ရာ သတင်းအချက်အလက်
နှင့် နည်းပညာခေတ်ဟု ဆိုရလောက်အောင်ကို နေ့စဉ်ဘ၀နှင့် အလုပ်အကိုင်
များထဲဆီထိ ထိုးဖောက်ဝင်ရောက်လာပြီဖြစ်ပါသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်မှစတင်၍ အာဆီယံနိုင်ငံများမှာ
သတင်းအချက်အလက်နှင့် နည်းပညာ တိုးတက်လာစေရန်အခြေခံအဆောက်
အအုံတည်ဆောက်ခြင်းဖြင့် အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်အောင်
အရင်းအနှီးများများဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

လာမည့် ၂၀၁၅ တွင် အာဆီယံနိုင်ငံများ၏ သတင်းအချက်အလက်
နှင့် နည်းပညာ ရေရှည်စီမံကိန်းအရ ဖြစ်ပေါ်တိုးတက်မှုများအတွက်
အောက်ပါအတိုင်း ဗျူဟာချမှတ်ထားကြပါသည်။

၁. စီးပွားရေး အပြောင်းအလဲ
သတင်းအချက်အလက်နှင့်နည်းပညာနယ်ပယ်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု
စီးပွားရေးလုပ်ငန်းရှင်များ တိုးတက်များပြားလာစေရန် နှင့်
သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ် အပြောင်းအလဲစွမ်းပကား
တိုးမြှင့်ရန်

၂. လူအများ အင်တိုက်အားတိုက် နှင့် စုပေါင်းပါဝင်မှု
သတင်းအချက်အလက်နှင့်နည်းပညာ၏ အကူအညီဖြင့် လူနေမှုဘဝ
တိုးတက်မြင့်မားလာစေရန်

၃. ဆန်းသစ်တီထွင်မှု
သတင်းအချက်အလက်နှင့်နည်းပညာနယ်ပယ်တွင် တီထွင်နိုင်စွမ်း နှင့်
ဆန်းသစ်တီထွက်မှု တိုးတက်မြင့်မားလာစေရန်

၎. အခြေခံအဆောက်အုံ ဖွံဖြိုးတိုးတက်မှု
နောင်လာမည့် မျိုးဆက်သစ်များအတွက် အဓိက ကျသောအခြေခံအဆောက်
အအုံများတည်ဆောက်ရန် နှင့် မူဘောင် စည်းစနစ်များ ရေးဆွဲနိုင်ရန်

၅. လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်မှု
သတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်လုပ်သားများ တိုးတက်ရရှိရန်
နှင့် အမြဲမပြတ်သင်ယူလေ့လာနေသည့် အဖွဲ့အစည်းများဖြစ်ပေါ်လာရန်

၆. နည်းပညာကွာဟမှု ကျဉ်းမြောင်းစေရန်
သတင်းအချက်အလက်နှင့်နည်းပညာစွမ်းပကားဖြင့် ဒေသတွင်းနိုင်ငံများ နှင့်
နိုင်ငံသားများအား မြှင့်တင်ရန်

တို့ဖြစ်ပါတယ်။

အထက်ပါဗျူဟာများ အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံနိုင်ငံများ
သတင်းအချက်အလက်နှင့်နည်းပညာနယ်ပယ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်
လာစေရန်၊ ကမ္ဘာနှင့် အာဆီယံ ကို သတင်းအချက်အလက်နှင့်နည်းပညာပိုင်း
တွင် ပိုမိုချိတ်ဆက်လာနိုင်စေရန်၊ ဒေသတွင်းနိုင်ငံများရှိ ပြည်သူများ
လူနေမှုဘ၀ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ပေါင်းစည်းလုပ်ဆောင်ရန်
ကြိုးပမ်းနေခြင်းဖြစ်ပါသည်။

(ASEAN ICT Masterplan 2015)

Tuesday, September 10, 2013

Microsoft Visual Studio အကြောင်း

**************************
Microsoft Visual Studio အကြောင်း
**************************

Microsoft Visual Studio ကို Integrated Development Environment (IDE) ဟုလည်းခေါ်ဆိုကြသည်။ ပထမဆုံး Visual Studio ကို ၁၉၉၅ ခုလောက်တွင် စတင်ထုတ်လုပ်ခဲ့ပြီး
၁၉၉၇ တွင် Visual Studio 97
၁၉၉၈ တွင် Visual Studio 6.0
၂၀၀၂ တွင် Visual Studio 2002
၂၀၀၃ တွင် Visual Studio 2003
၂၀၀၅ တွင် Visual Studio 2005
၂၀၀၇ တွင် Visual Studio 2008
၂၀၁၀ တွင် Visual Studio 2010
၂၀၁၂ တွင် Visual Studio 2012 နှင့်
မကြာမီ Visual Studio 2013 ထွက်ရှိတော့မည်။

Microsoft Visual Studio 2002 မှစတင်ပြီး Dot Net Framework ဟုခေါ်သည့် program ရေးသားရာတွင် ကိုးကားအသုံးပြုသော library များစွာပါပီး Microsoft ၏ programming language များဖြစ်သော VB.Net, C#.Net, J#.Net, C++.Net စသော language များစွာကိုထောက်ပံပေးသော အရာဖြစ်၍ Dot Net Framework ကို install လုပ်ထားရုံဖြင့် အထက်ပါ language များဖြင့်ရေးသားထားသော program များကို (run) အလုပ်လုပ်စေနိုင်မည်ဖြစ်သည်။

Microsoft Visual Studio 2002 သည် Dot Net Framework 1.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2003 သည် Dot Net Framework 1.1 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2005 သည် Dot Net Framework 2.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2008 သည် Dot Net Framework 3.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2010 သည် Dot Net Framework 4.0 ကိုအခြေခံ၍၄င်း
Microsoft Visual Studio 2012 သည် Dot Net Framework 4.5 ကိုအခြေခံ၍၄င်း တည်ဆောက်ထားသည်။

ထို့ကြောင့် သင်သည် သင်အသုံးပြုသော Microsoft Visual Studio ၏ version ပေါ်မူတည်၍ Dot Net Framework ကို သင့် program အသုံးပြုမည့်စက်တွင် install လုပ်ထားရန်လိုအပ်ပေသည်။

သို့သော်သင့်စက်တွင် Microsoft Visual Studio ကို install လုပ်ထားပါက Dot Net Framework ကိုထပ်မံ install လုပ်ရန်မလိုအပ်ပေ။

အချက်အလက်ဘဏ် (Database)

*************************
အချက်အလက်ဘဏ် (Database)
*************************

အချက်အလက်ဘဏ် (Database) ဆိုသည်မှာ အချက်အလက်များကို
အုပ်စုဖွဲ့ စုစည်း၍ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သိမ်းဆည်းထားနိုင်သည့်အရာဖြစ်သည်။
အချက်အလက်များကို တကယ့်လက်တွေ့နှင့် ပတ်သက်ဆက်နွှယ်သည့်ပုံစံမျိုးဖြင့်
ဖွဲ့စည်းသိမ်းဆည်းထားနိုင်သည်။ ဥပမာအားဖြင့် ဟိုတယ်တစ်ခုရှိ အခန်းများကဲ့သို့
တစ်ခုနှင့်တစ်ခု ပတ်သက်ချိတ်ဆက်ထားကြပါသည်။ ထိုသို့သိမ်းဆည်းထားသော
အချက်အလက်များကို တွက်ချက်ရှာဖွေအသုံးချရာတွင် ပြန်၍အသုံးပြုနိုင်မည်ဖြစ်ရာ
ဟိုတယ်တစ်ခုတွင် အခန်းလွတ်များ မည်မျှရှိသည်ကို ရှာဖွေသကဲ့သို့ဖြစ်သည်။

အချက်အလက်ဘဏ် (Database) အယူအဆကို ၁၉၆၀ ခုနှစ်များက
စတင်ခဲ့ကြပြီး အသုံးပြုသူအမြောက်အများ တပြိုက်နက်တည်း အချက်အလက်များ
ထည့်သွင်းခြင်း၊ ပြန်လည်ရှာဖွေကြည့်ရှုခြင်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ
ဖြေရှင်းရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့စတင်လုပ်ဆောင်ကြရင်း Database
ကို စနစ်တကျ စီမံခန့်ခွဲထိန်းသိမ်းရန်အတွက် အသုံးချစနစ်တစ်ခုကိုလည်း စတင်
အသုံးပြုခဲ့ကြပါသည်။ ၄င်းကို Database Management Systems (DBMS) ဟု
ခေါ်ဝေါ်ကြပါသည်။

ထင်ရှားသော Database Management Systems များမှာ -
IBM မှ DB2
Oracle မှ Oracle DBMS
Microsoft မှ Access နှင့် SQL Server
Open source ဖြစ်သော MySQL
တို့ဖြစ်ကြပါသည်။


Wiki

Thursday, September 5, 2013

ပရိုဂရမ်မာဆိုသည်မှာ

ပရိုဂရမ်မာဆိုသည်မှာ...

ပရိုဂရမ်မာ (Programmer) ဆိုသည်မှာ ကွန်ပျူတာဆော့ဖ်ဝဲလ်
ရေးသားသူများကို ခေါ်ပါသည်။ သူတို့ဟာ ကွန်ပျူတာ နားလည်နိုင်သော
ဘာသာစကားအဖြစ်ပြောင်းလဲပေးနိုင်သည့် ကွန်ပျူတာ ပရိုဂရမ်များကို
ကျွမ်းကျင်စွာအသုံးပြု၍ ကုဒ်ဘာသာစကားဖြင့် ဆော့ဖ်ဝဲလ်အမျိုးမျိုးကို
ရေးသားပေးနိုင်သူများဖြစ်ကြပါတယ်။ ပရိုဂရမ်မာဟူသည့် အသုံးအနှုန်းကို
ဆော့ဖ်ဝဲလ်ရေးသားသူ၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံပညာရှင်၊
ဟူ၍လည်း ခေါ်ဝေါ်နိုင်သေးပါတယ်။

မှတ်တမ်းများအရ Ada Lovelace ဆိုသည့်အမျိုးသမီးဟာ
ပထမဆုံးသော ပရိုဂရမ်မာဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ Charles Babbage
၏ ကွန်ပျူတာတီထွင်မှုတွင် အသုံးချပရိုဂရမ်ကို ၁၈၄၂ ခုတွင် ပထမဆုံးရေးသား
ခဲ့ပါတယ်။

ဆက်လက်၍ ကွန်ပျူတာ ပရိုဂရမ်ဘာသာစကားကို လက်ဆင့်ကမ်း
အသုံးချပြီး နည်းပညာကျယ်ပြန့်လာသည်နှင့်အမျှ ပရိုဂရမ်မာများကို တန်ဖိုးထားသည့်
ပညာရှင်များအဖြစ် အသိအမှတ်ပြုလာကြပါသည်။ ၂၀၀၉ ခုတွင် ရုရှားနိုင်ငံမှ နှစ်စဉ်
ပညာရှင်များအားလပ်ရက်အဖြစ် ပရိုဂရမ်မာများရဲ့နေ့ ဟူ၍ စက်တင်ဘာလ ၁၃ ရက်နေ့ကို
သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ကြောင်းသိရှိရပါတယ်။

Friday, August 30, 2013

အောင်မြင်မှုဆီ လှမ်းချီမည့် ခြေလှမ်းညီ ၁၂ လှမ်း

**********************************
အောင်မြင်မှုဆီ လှမ်းချီမည့် ခြေလှမ်းညီ ၁၂ လှမ်း
**********************************

၁. ယုံကြည်မှုရှိပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှုရှိ၍
    အကောင်းမြင်တတ်သည့်စိတ်ထားဖြင့် လုပ်ဆောင်ရမည့်အလုပ်များကို
    အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြပါတယ်။

၂. တာဝန်ယူတတ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ သူတို့လုပ်ဆောင်သမျှရဲ့နောက်ဆက်တွဲ
    ဖြစ်ပေါ်လာမှုတွေကို တာဝန်ယူတတ်ကြပါတယ်။ အောင်မြင်မှုမှ
    ဂုဏ်ယူတတ် ကြပြီး မှားယွင်းမှုမှ သင်ခန်းစာယူတတ်ကြပါတယ်။

၃. အသင့်ရှိပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ လုပ်ငန်းခွင်ကိုပုံမှန်သွားရောက်ကြပြီး
    စိတ်ရော ကိုယ်ပါအသင့်ရှိနေတတ်ကြပါတယ်။

၎. အချိန်မှန်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ အချိန်မဆွဲတတ်ကြပဲ အခြားသူများ
    အားကိုးရလောက်အောင် အချိန်တိကျတတ်ကြပါတယ်။

၅. အပေါင်းအသင်းဝင်ဆန့်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ သူတပါးကို ကူညီပေးခြင်းဖြင့်
    မိတ်ဖွဲ့တတ်ကြပြီး လူတစ်ဦးစီရဲ့ မတူညီမှုများကို လက်ခံနားလည်
    ပေးတတ်ကြပါတယ်။
    မအောင်မြင်သူတွေကတော့ သူတပါးကို အပြုအမူအပြောအဆိုနဲ့
    ထိခိုက်အောင် လုပ်တတ်ကြပါတယ်။

၆. ယဉ်ကျေးပျူငှာတတ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ လုပ်ငန်းခွင်မှာရှိတဲ့သူတိုင်းကို
    တလေးတစားဆက်ဆံ တတ်ကြပြီး စကားပြောဆိုရာတွင်
    ကြားဖြတ်မပြောပဲ အလှည့်ကိုစောင့်ခြင်းဖြင့် သူတပါး၏
    ပြောဆိုမှု စိတ်ခံစားချက်များကို နားလည်ပေးတတ်ကြပါတယ်။

၇. ပြင်ဆင်တတ်သူဖြစ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ ဘယ်သွားသွား ဘာလုပ်လုပ်
    ကြိုတင်ပြင်ဆင်လေ့ရှိတယ်။ အသုံးပြုမယ့်ပစ္စည်းတွေကအစ
    စနစ်တကျစစ်ဆေးလေ့ရှိတယ်။

၈. နားထောင်တတ်သူဖြစ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ မှာကြားချက်တွေ လမ်းညွှန်မှုတွေကို
    ဂရုတစိုက်နားထောင်လေ့ရှိတယ်။ နားထောင်ပေးခြင်း တခြားသူတွေနဲ့
    ပူးပေါင်းလုပ်ဆောင်ရာမှာ အဆင်ပြေစေတယ်ဆိုတာကို
    အသေအချာနားလည်ကြတယ်။

၉. လုပ်ဆောင်တတ်သူဖြစ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ အလုပ်တိုင်းကို ကိုယ်စွမ်းရှိသမျှ
    လုပ်ဆောင်တတ်ကြတယ်။လေ့ကျင့်လေ ကျွမ်းကျင်လေဆိုသလိုပဲ
    ပိုလုပ်ဆောင်လေလေ ပိုလုပ်နိုင်လေလေ ဆိုပြီး
    ခံယူထားတတ်ကြတယ်။

၁၀.ကြိုးစားတတ်သူဖြစ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ တစိုက်မတ်မတ်လုပ်ဆောင်ပြီး
    ရည်မှန်းချက်ကို ရောက်တဲ့အထိမလျှော့တမ်းကြိုးစားကြတယ်။
    အခက်အခဲဆိုတာ ခဏတာပဲလို့ လက်ခံထားကြတယ်။

၁၁.စွန့်စားတတ်သူဖြစ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ စွန့်စားလိုစိတ်ရှိပြီး ကျရှုံးမှုအတွက်
    ကြိုတင်တွေးထားလေ့ရှိတယ်။ အနှေး နဲ့ အမြန် သူတို့ရည်မှန်းထားရာကို
    ရောက်မယ်ဆိုတဲ့ စိတ်နဲ့ ဆက်လက်လုပ်ဆောင်ကြတယ်။

၁၂.ပန်းတိုင်သတ်မှတ်တတ်သူဖြစ်ပါစေ
    အောင်မြင်သည့် ပုဂ္ဂိုလ်တွေဟာ အနာဂတ်အတွက် တင်ကူးပြင်ဆင်
    ထားတတ်ပြီး ရောက်ရမယ့် ပန်းတိုင်ကို ချမှတ်ထားလေ့ရှိတယ်။
    လူရဲ့စိတ်ကိုတက်ကြွအောင် နှိုးဆွပေးရာမှာ ရည်မှန်းချက်ပန်တိုင်ချမှတ်ခြင်း
    ထက် အင်အားပြင်ထန်သော အရာမရှိလို့ ခံယူထားတတ်ကြပါတယ်။

(Learner's Journal)