*******************
ဖာဂူဆန်၏ စီမံခန့်ခွဲမှု
[ဒေါက်တာသာထွန်းဦး]
*******************
အားကစားနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် စသည့်
မည်သည့်နယ်ပယ်၌မဆို အဖွဲ့အစည်း၏အောင်မြင်မှုကို တိုင်းတာရာတွင်
အခရာကျသည်က ရေရှည်အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သည့်
အချက်ဖြစ်သည်။ နိုင်ငံတကာဘောလုံးလောကတွင် အအောင်မြင်ဆုံး
မန်နေဂျာများထဲက တစ်ဦးဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်၏
စီမံခန့်ခွဲမှုနည်းလမ်းများထဲမှ အချို့ကို ထုတ်နုတ်သုံးသပ်ရမည်ဆိုလျှင်
၁။ လူငယ်မျိုးဆက် (Young Generations) ကို နေရာပေးပြုစုပျိုးထောင်
ခြင်းဖြစ်သည်။ မန်ယူအသင်းကို သူကိုင်တွယ်ခဲ့သည့် ၂၆ နှစ်တာကာလ
အတွင်း လူငယ်မျိုးဆက်များကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းက မန်ယူအသင်း
ရရှိခဲ့သည့်မြောက်များစွာသော အောင်မြင်မှုများနှင့် ကမ္ဘာ့ဘောလုံး ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်မှုအရှိန်အ၀ါတို့၏ အခြေခံအုတ်မြစ် ပင်ဖြစ်သည်။ လူငယ်ကစားသမားများ တစ်သင်းထဲ၌ အတူတကွကြီးပြင်း
လာကာ အသင်းအဖွဲ့စိတ်ဓာတ်၊ အချင်းချင်း စည်းလုံးချစ်ခင်မှု၊
အောင်မြင်မှုကို ဆာလောင်စိတ် စသည့် အသင်း၏ထူးခြားသည့်
Culture ကို ဖာဂူဆန်ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဘောလုံး
ပရိတ်သတ်အများစုက မန်ယူပရိတ်သတ်များဖြစ်နေသည်ကို ကြည့်မည်
ဆိုလျှင် ဖာဂူဆန်၏ အမှတ်တံဆိပ်တည်ဆောက်မှု (Brand Building) နှင့်
ဈေးကွက်ထိုးဖောက်မှု (Market Penetration) တို့၏အောင်မြင်မှု
အတိုင်းအတာကို ခန့်မှန်းကြည့်နိုင်သည်။ စီးပွားရေးရှုထောင့်ကကြည့်
မည်ဆိုလျှင် Forbes မဂ္ဂဇင်းမှ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်သည့်
စာရင်းဇယားအရ မန်ယူသည် ကမ္ဘာပေါ်တွင် တတိယတန်ဖိုးအကြီးဆုံး
(ဒေါ်လာ ၂.၈၁ ဘီလီယံ) ဘောလုံးအသင်းအဖြစ် ရပ်တည်နေပါသည်။
၂။ အသင်းအောင်မြင်မှုအတွက် အထောက်အကူဖြစ်ရန် အောင်မြင်မှုရရှိ
ပြီးသား နာမည်ကျော်ဘောလုံးကစားသမားများကို ၀ယ်ယူသည်။
စီးပွားရေးနယ်ပယ်ကိုကြည့်မည်ဆိုလျှင် ကိုယ်တိုင်က အင်အားကြီး
ကုမ္ပဏီများ (Global Players) ဖြစ်သည့် Facebook ၏ Instagram နှင့်
WhatsApp တို့အား ၀ယ်ယူမှု၊ Google ၏ Youtube အားဝယ်ယူမှု
စသည့် သာဓကများသည် မိမိအဖွဲ့အစည်း၏ရေရှည်အောင်မြင်မှုအတွက်
လိုအပ်သည့်အရာများကို ကြိုတင်တွေးဆလုပ်ကိုင်နိုင်စွမ်းရှိသော
ထူးချွန်ထက်မြတ်သည့်ခေါင်းဆောင်တို့၏ အနာဂတ်အမြှော်အမြင်ရှိမှု
(Vision) ကို ထင်ဟပ်နေပါသည်။ ဖာဂူဆန်သည်ဤကဲ့သို့ခေါင်းဆောင်မျိုး
ဖြစ်သည်။
၃။ အနိုင်ရလဒ်အတွက်သာ အာရုံထားပြီး တိုက်ပွဲဝင်သူဖြစ်သည်။
သရေရလဒ်ရအောင် ရည်ရွယ်ပြီးဘယ်တော့မှ ဘောလုံးပွဲကိုမကစားဘူးဟု
ဖာဂူဆန်က ဆိုသည်။ ဤအချက်က လုပ်သမျှကို အကောင်းဆုံးလုပ်ဆောင်
တတ်သည့်စိတ်ထား (Spirit of Excellence) ကို ရည်ညွှန်းသည်။ မန်ယူ
အသင်း၏ ပွဲပြီးခရာမမှုတ်မချင်း နောက်ဆုံးမိနစ်အထိ ရေကုန်ရေခန်း
တိုက်ပွဲဝင်ပြီး အောင်ပွဲများ ရယူခဲ့သည့်ရလဒ်များကို ကြည့်လျှင် ဤစိတ်နေ
သဘောထားကို တွေ့နိုင်ပါသည်။ လုပ်ငန်းအဖွဲ့အစည်းတိုင်းတွင်
မိမိတို့၏ထုတ်ကုန်၊ ၀န်ဆောင်မှု စသည်တို့ကို မိမိတို့၏ Customer
အတွက်၊ မိမိတို့၏အဖွဲ့အစည်းနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် လုပ်သမျှကို အကောင်းဆုံးလုပ်ဆောင်တတ်သူများတိုးပွားလာလျှင် မည်သည့်အဖွဲ့အစည်းကိုမဆို ရေရှည်အောင်မြင်မှုကိုရယူထိန်းသိမ်း နိုင်မည် ဖြစ်သည်။
CEO Magazine
