Tuesday, April 28, 2015

တန်ဖိုးကွင်းဆက် (Value Chain)

**************************
တန်ဖိုးကွင်းဆက် (Value Chain)
[ဒေါ်ရီရီမြင့်]
**************************

Value is what customers are willing to pay.
ပစ္စည်းတစ်ခု၏တန်ဖိုးမှာ ၀ယ်ယူသူများကပေးလိုသောဈေး(တန်ဖိုး)ဖြစ်သည်။

ယှဉ်ပြိုင်မှုနှင့် ပက်သက်၍ Michael Porter က စီမံခန့်ခွဲမှုနှင့်
ပက်သက်သော သဘောတရား၊ အမြင်၊ အတွေးသစ်များ
ဖော်ထုတ်ပေးခဲ့သည်။ ယင်း၏အမည်နှင့်တွဲ၍ ကျော်ကြားသော
အသုံးအနှုန်းနှင့် စကားလုံးများ ပေါ်ထွက်လာခဲ့သည်။

Value Chain ဆိုသည့် သဘောအမြင်ကို လုပ်ငန်းတစ်ခုအတွင်း
အလုပ်ဖြစ်စဉ်နှင့်ပက်သက်သည့် ယှဉ်ပြိုင်နိုင်စွမ်းအားအဖြစ်
ဖော်ထုတ်ခဲ့သည်။

လုပ်ငန်းတူချင်း မိမိကသာသော ယှဉ်ပြိုင်နိုင်မှုနေရာတွင်ရှိနေရန်မှာ
အလုပ်အဆင့်တိုင်း၌ စေ့စပ်သေချာစွာစိစစ်ရမည်။ Michael Porter ၏
Five Forces Model မှာလည်း စက်ရုံလုပ်ငန်းဖြစ်စဉ်၏ ပြင်ပတွင်
ရှိနေသည့်ယှဉ်ပြိုင်မှုအခြေအနေကို စိစစ်ပုံစိစစ်နည်း Model ပင်
ဖြစ်သည်။

ကုန်ပစ္စည်းတစ်ခု၊ သို့မဟုတ် ၀န်ဆောင်မှုတစ်ခုကို ထုတ်လုပ်
ဆောင်ရွက်ရာတွင် ပါဝင်သော၊ ဆက်စပ်သော အလုပ်အဆင့်များမှာ
ရှုပ်ထွေးဆက်စပ်နေသော ကွင်းဆက်များအဖြစ် ကြည့်မြင်၍
အချိတ်အဆက်တစ်ခုတိုင်း၌ ကုန်ကျစရိတ်ရှိသလို ထုတ်ကုန်၌
တန်ဖိုးတက်လာသည်လည်းရှိသည်။ ထုတ်လုပ်မှုအဆင့်တိုင်းတွင်
အမြင့်ဆုံးတန်ဖိုးဖြစ်ရန်နှင့် အနည်းဆုံးစရိတ်ဖြစ်ရန် လုပ်ဆောင်ပါက
ပစ္စည်းထုတ်လုပ်ပြီးစီးသည့်အခါ ကုန်ပစ္စည်း၏ စုစုပေါင်းတန်ဖိုးနှင့်
စရိတ်မှာ ကွာခြားမှု သိသာပေမည်။ ယင်းကွာခြားမှုမှာ
ထုတ်လုပ်မှုမှ ရရှိသော အကျိုးအမြတ်ဖြစ်သည်။

Value Chain တန်ဖိုးကို မြင့်တက်အောင် မလုပ်နိုင်ဘဲ စရိတ်ကိုပါ
မထိန်းနိုင်ပါက အပြိုင်ထုတ်လုပ်သူများ၏ရှေ့သို့ရောက်သည့်
ယှဉ်ပြိုင်နိုင်မှုအခြေအနေတွင် ရှိမည်မဟုတ်ပေ။ လုပ်ငန်း၏
အလုပ်များကို Porter က နှစ်မျိုးခွဲစိစစ်သည်။

ပထမအမျိုးအစား

အခြေခံအလုပ်များဟု သတ်မှတ်ရာမည့် လုပ်ငန်းများမှာ ပစ္စည်းတစ်ခု
ဖြစ်ရန် သို့မဟုတ် ၀န်ဆောင်မှုတစ်ရပ်ပြီးမြောက်အောင် တိုက်ရိုက်
လိုအပ်သော အလုပ်များဖြစ်သည်။ ယင်းတို့မှာ...

- Inbound Logistics ဟု သတ်မှတ်သည့် ကုန်သွင်းသူများထံက
ပစ္စည်းများ လက်ခံခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် လိုရာအရောက်
ထုတ်ဝေဖြန့်ဝေခြင်း၊

- Operations (လုပ်ငန်းဆောင်ရွက်ခြင်း) - ပစ္စည်းများအဖြစ်
ထုတ်လုပ်ခြင်း၊ လိုအပ်သည့်ဆောင်ရွက်မှု လုပ်ဆောင်ပေးခြင်း၊

- Outbound Logistics - ထုတ်လုပ်ပြီးစီးကုန်ပစ္စည်းများကို
သိုလှောင်ခြင်း၊ ဖြန့်ဖြူးပို့ဆောင်ခြင်း၊

- Marketing ad Sales - ကုန်ပစ္စည်းများကို ၀ယ်ယူရန် ဆွဲဆောင်ခြင်း၊
ဈေးသတ်မှတ်ခြင်း၊ လမ်းကြောင်းရွေး၍ ကြော်ငြာရောင်းချခြင်း၊

- Service - ၀ယ်ယူသူတို့အား လိုအပ်သလို တပ်ဆင်ပေးခြင်း၊
After Sales Service ပေးခြင်း၊ ပြဿနာရှိလျှင်ဖြေရှင်းပေးခြင်း၊

ဒုတိယလုပ်ငန်း

အမျိုးအစားများမှာ မူလလုပ်ဆောင်ပေးခဲ့သော လုပ်ငန်းများ
ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်မှုအတွက် ကူညီပံ့ပိုးပေးရသော
လုပ်ငန်းများဖြစ်သည်။ ယင်းတို့မှာ...

- Procurment - လိုအပ်သောကုန်ကြမ်းပစ္စည်းများ၊ လုပ်ဆောင်မှု
များကို ဖန်တီးရယူခြင်း၊

- Technology  Development - တန်ဖိုးဖန်တီးနိုင်ရန် နည်းပညာ၊
သုတေသနနှင့် ဖွံ့ဖြိုးမှု၊ အော်တိုမေးရှင်း နှင့် တန်ဖိုးဖန်တီးသည့်
အထောက်အကူပြုနည်းပညာများ အသုံးပြုမှု၊

- လူ့စွမ်းအားစီမံခန့်ခွဲမှု - လုပ်သားများ စိစစ်ရွေးချယ်ခန့်ထားခြင်း၊
သင်တန်းများပေးခြင်း၊ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ စိတ်ဓာတ်
တက်ကြွစေခြင်း၊ ထိုက်တန်သော လုပ်ခပေးခြင်း၊

- တည်ဆောက်မှုခိုင်မာခြင်း - ဖွဲ့စည်းပုံ၊ ထိန်းချုပ်မှု၊ ဥပဒေဘောင်နှင့်
သတင်းစနစ်ကောင်းမွန်ခြင်း၊

လုပ်ငန်းများ ချိတ်ဆက်မှုကောင်းမှသာလျှင် ကုန်ကျစရိတ်များ
သက်သာမည်။ အဖွဲ့အစည်းအနေဖြင့် တန်ဖိုးကွင်းဆက်လုပ်ငန်းများကို
အကောင်းဆုံးလုပ်နိုင်မှသာ စရိတ်ကုန်ကျမှုနည်းပြီး မိမိအတွက်
အမြတ်မာဂျင်ကျန်မည်။

Understanding Costs (စရိတ်ကို သဘောပေါက်ခြင်း)

တန်ဖိုးကွင်းဆက်ကို နားလည်ထားခြင်းအားဖြင့် ကုန်ကျစရိတ်
နည်းနိုင်သမျှနည်းရန်နှင့် ပြောင်း၍လုပ်နိုင်သောနည်းများ
ရှာနိုင်သည်။ ကွင်းဆက်များ အချိတ်အဆက်ပုံစံစနစ်များ
တည်ရှိနေမှုကို စိစစ်လေ့လာ၍ အကောင်းဆုံး ယှဉ်ပြိုင်မှု
အသာစီးရနိုင်သောနည်းများ ကြံဆတီထွင် ဖန်တီးနိုင်ရမည်။
လုပ်ငန်းတွင်း အချိတ်အဆက်လုပ်ကိုင်မှုမှသာမက
ပြင်ပနှင့် ရှိနေသော အချိတ်အဆက်များကိုပါ အကောင်းဆုံး
စီမံခန့်ခွဲ၍ ယှဉ်ပြိုင်နိုင်မှုကို ရှေ့က ရှိနေရန်လုပ်ဆောင်ရမည်။

CEO Magazine