Monday, May 9, 2016

ငွေကြေးအနည်းငယ်ဖြင့် စတင်လုပ်ဆောင်နိုင်သော စီးပွားရေးလုပ်ငန်းများ
*****************************************************


လူအတော်များများဟာ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်လိုကြပေမယ့်
ငွေကြေးလုံလောက်မှုမရှိတာကြောင့် မလုပ်နိုင်ပဲရှိနေကြပါတယ်။ သို့သော်လည်း
ကမ္ဘာအနှံ့အပြားမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းအချို့တို့မှာတော့ ကိုယ်ပိုင်ငွေကြေး
အနည်းငယ်မျှလောက်ရှိရုံနဲ့တင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် စတင်နိုင်တာကို
တွေ့ရပါတယ်။ သင်သဘောကျတဲ့ သင်ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှု (သို့)
ပစ္စည်းတစ်ခုခုကို အကျွမ်းတဝင်ရှိနေဖို့ကတော့ လိုအပ်မှာဖြစ်ပြီး အချိန်တစ်ခုယူကာ
အစီအစဉ်တကျလုပ်သွားရင် တိုးတက်မှုရလာမှာဖြစ်ပါတယ်။

လုပ်ဆောင်စရာစိတ်ကူးအချို့တို့ကိုဖော်ပြပေးလိုက်ပါတယ်...

- ရုံးလုပ်ငန်းတွေဆီအရောက် ကားရေဆေးခြင်းလုပ်ငန်း
- ရုံးခန်းများနှင့် အိမ်များအတွက် သန့်ရှင်းရေးလုပ်ငန်း
- ကွန်ပျူတာ တပ်ဆင်ပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းလုပ်ငန်း
- ကွန်ပျူတာပရိုဂရမ်လေ့လာပြီး ဆော့ဖ်ဝဲလ်ရေးသားပေးခြင်းလုပ်ငန်း
- အကြံဉာဏ်ပေးခြင်းနှင့် အတိုင်ပင်ခံလုပ်ငန်း
- စာသောက်ဆိုင်များနှင့် စားသုံးသူများထံ အစားအသောက်များ ပို့ဆောင်ပေးခြင်းလုပ်ငန်း
- E-bay and Amazon တို့တွင် ပစ္စည်းတင်ကာရောင်းချခြင်းလုပ်ငန်း
- အခမ်းအနားပွဲများကို စီစဉ်ပေးခြင်းလုပ်ငန်း
- အိမ်တွင်းလက်မှုလုပ်ငန်းထုတ် ပစ္စည်းများ အင်တာနက်တွင်ရောင်းချခြင်းလုပ်ငန်း
- တစ်ပိုင်တစ်နိုင်စာရေးခြင်းလုပ်ငန်း
- ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ ပျိုးပင်ပြုစုခြင်းလုပ်ငန်း
- လက်ဆောင်ခြင်း၊ လက်ဆောင်ပန်းပြုလုပ်ခြင်းလုပ်ငန်း
- ဒီဇိုင်းရေးဆွဲပေးခြင်းလုပ်ငန်း
- အိမ်တွင်းအသေးစား ပြင်ဆင်မှုများပြုလုပ်ပေးခြင်းလုပ်ငန်း
- ဝါသနာပါရာတစ်ခုခုကို စီးပွားရေးအဖြစ်ပြုလုပ်ခြင်း (မုန့်ဖုတ်ခြင်း၊ ဖန်စီလက်ဝတ်ရတနာပြုလုပ်ခြင်း၊ ကိရိယာတန်ဆာပလာပြုလုပ်ခြင်း)
- ပွဲတော်အားလပ်ရက်များအတွက် အိမ်နှင့် ရုံးအဆောက်အဦများ အလှဆင်ပေးခြင်းလုပ်ငန်း
- ကိုယ်တိုင်ဝယ်ရောင်းခြင်းလုပ်ငန်း
- တစ်ကိုယ်ရေတိုးတက်မှုလေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်း
- ကလေးထိန်းစောင့်ရှောက်ပေးခြင်းလုပ်ငန်း
- တိရစ္ဆာန်စောင့်ရှောက်ထိန်းသိမ်းပေးခြင်းလုပ်ငန်း
- မင်္ဂလာပွဲ၊ ပါတီ နှင့် လုပ်ငန်းများအတွက် ဓာတ်ပုံမှတ်တမ်းတင်ပေးခြင်းလုပ်ငန်း
- မုန့်သရေစာ လှည့်လည်ရောင်းချခြင်းလုပ်ငန်း
- ပုံဟောင်းဒီဇိုင်းဟောင်းများအား အသစ်ပြန်လည်ပြင်ဆင်ပေးခြင်းလုပ်ငန်း
- ကိုယ်ရေးအကျဉ်း၊ ထောက်ခံချက်၊ အလုပ်လျှောက်လွှာစသည်တို့ကို ရေးသားတည်းဖြတ်ပေးခြင်း
- အသက်ကြီးသူများ စောင့်ရှောက်ကူညီပေးခြင်းလုပ်ငန်း
- လူမှုကွန်ယက်ပေါ်တွင် ကြော်ငြာပေးခြင်းလုပ်ငန်း
- အားကစားအသင်းများအတွက် နည်းပြလုပ်ပေးခြင်း
- အခွန်အခများ သွားရောက်ပေးဆောင်ခြင်းလုပ်ငန်း
- ကွန်ပျူတာ၊ ဂီတတူရိယာ၊ ဘာသာစကား စသည်တို့ကို သင်ကြားပေးခြင်း
- စာကူးပေးခြင်းလုပ်ငန်း
- ဘာသာပြန်ပေးခြင်းလုပ်ငန်း
- ဝဘ်ဆိုဒ်ဒီဇိုင်းရေးဆွဲပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်းလုပ်ငန်း

Santa Clara University Business Course

Monday, July 27, 2015

အထူးစီးပွားရေးဇုန်

******************
အထူးစီးပွားရေးဇုန်
[ဒေါက်တာသာထွန်းဦး]
******************


ကမ္ဘာမှာ တရုတ်နိုင်ငံဟာ အအောင်မြင်ဆုံး စီးပွားရေးဇုန်ကို
ပိုင်ဆိုင်ထားပြီး အိန္ဒိယနိုင်ငံမှာတော့ အကြီးမားဆုံး အထူးစီးပွားရေး
ဇုန်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ ပထ၀ီအနေအထားအရ
ဒီနိုင်ငံကြီး နှစ်ခုကြားမှာရှိနေတဲ့ မြန်မာနိုင်ငံမှာလည်း ကျောက်ဖြူ၊
သီလ၀ါ၊ ထားဝယ်ဆိုတဲ့ အထူးစီးပွားရေးဇုန်တွေ(Special
Economic Zone- SEZ) တွေကို အကောင်အထည်ဖော်နေပါတယ်။
SEZ တွေဟာ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်
စေတယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲခေါ်နိုင်စွမ်းရှိတယ်၊
နည်းပညာပိုင်းဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာဈေးကွက် အတွေ့အကြုံ
တွေကို ရစေတယ်၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာ
ကို ဖန်တီးပေးနိုင်တယ်၊ လူတစ်ဦးချင်းစီရဲ့ ၀င်ငွေတွေ တိုးတက်
လာစေသလို စီးပွားရေးလုပ်ငန်းပုံစံတွေ ပြောင်းလဲတိုးပွားလာနိုင်
တယ်ဆိုတဲ့ အားသာချက်တွေရှိနေပါတယ်။ တဖက်မှာလည်း
စိုက်ပျိုးရေးအတွက် ကောင်းမွန်တဲ့မြေဆီသြဇာကြွယ်ဝတဲ့
မြေနေရာတွေကို စက်ရုံတွေ တည်ဆောက်ဖို့ သုံးလိုက်ရတယ်၊
'Sexual Harassment' လို့ ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်
နှောက်ယှက်စော်ကားတဲ့ အမှုအခင်းတွေ ဖြစ်ပွားလာစေနိုင်တယ်။
အစိုးရအတွက် အခွန်ဘဏ္ဍာဝင်ငွေ ကျဆင်းစေနိုင်တယ်ဆိုတဲ့
ဟန့်တားချက်တွေလည်း ရှိနေပြန်ပါတယ်။

SEZ အောင်မြင်ဖို့အတွက် အများပြည်သူ၊ ပုဂ္ဂလိကနဲ့ အစိုးရတို့
ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ရပါလိမ့်မယ်။ သယံဇာတတွေကို
အကျိုးရှိရှိသုံးဖြစ်မှာလား၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ
မှန်းထားသလောက် ၀င်လာမှာလား၊ အလုပ်အကိုင်အခွင့်အလမ်း
တွေကို မှန်းထားသလို ဖန်တီးပေးနိုင်မှာလား၊ အကျိုးထက်အဆိုးက
ပိုများနေမလား ဆိုတာတွေကို ထောင့်စေ့အောင် ဆန်းစစ်သုံးသပ်
ရပါမယ်။ ချမှတ်ထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အလုပ်သမား
ဥပဒေ၊ အခွန်ဥပဒေ စတာတွေက ခိုင်မာမှု၊ ပွင့်လင်းမြင်သာမှု
ရှိရပါမယ်။

အိန္ဒိယနိုင်ငံရဲ့ SEZ ဆိုင်ရာဖြစ်ရပ်တစ်ခုကိုကြည့်ရင် အိန္ဒိယ IT
လုပ်ငန်းအများစုဟာ Non SEZ ကနေ SEZ အဖြစ်အလုံးအရင်းနဲ့
ပြောင်းရွှေ့လိုက်ကြတယ်။ SEZ ဆိုရင် အခွန်ရှောင်နိုင်တဲ့အတွက်
ကြောင့်ပါ။ အားလုံးသိရှိထားတဲ့အတိုင်း IT Industry ဟာ အိန္ဒိယရဲ့
စီးပွားရေးလုပ်ငန်းကို ကြီးစိုးဦးဆောင်ထားတာဖြစ်တော့ အစိုးအနေနဲ့
အခွန်ဘဏ္ဍာငွေမရတော့ဘဲ ဘတ်ဂျတ်လိုငွေပြပြီး နောက်ဆုံးမှာ
အသုံးစရိတ်တွေ ဖြတ်တောက်ပစ်လိုက်တာနဲ့ အဆုံးသတ်သွားပါ
တော့တယ်။ အသုံးစရိတ်ဖြတ်တောက်တယ်ဆိုရာမှာလည်း
အဓိကလူမှုရေးနဲ့ လူထုဆိုင်ရာကိစ္စတွေအတွက် ဖြစ်လေတော့
ဆင်းရဲသူတွေ ပိုဆင်းရဲတဲ့ကိန်းဆိုက်ခဲ့ရတယ်။

ဒါကြောင့် မြန်မာ SEZ  တွေအနေနဲ့ စီမံကိန်းတွေကို တစ်ဖက်က
အကောင်အထည်ဖော်ရင်း တစ်ဖက်မှာလည်း ပြင်ဆင်သင့်တာ၊
တားမြစ်သင့်တာတွေ မှန်သမျှ အခိုင်အမာ စနစ်တကျ ပြင်ဆင်ထား
ခြင်းဖြင့် သုံးဦးသုံးဖလှယ်အကျိုးရှိစေမယ့် စီးပွားရေးပုံစံသစ်တွေ
ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

CEO Magazine


Tuesday, June 9, 2015

ပျော်ရွှင်ခြင်း ဆိုသည်မှာ...

---------------------
Quote of the day
---------------------

ပျော်ရွှင်ခြင်း ဆိုသည်မှာ သင့်ကိုယ်ပေါ်သို့
တစ်စက်မှ မကျဘဲ အခြားသူများ၏ ကိုယ်ပေါ်
ပက်ဖျန်း၍ရသော ရေမွှေးမဟုတ်ပါ။

ရတ်ဖ်ဝေါလ်ဒိုးအီမာဆင်

စိတ်ဓာတ်ကျခြင်း

**************
စိတ်ဓာတ်ကျခြင်း
[ဆရာချစ်စံဝင်း]
**************

ပုဂ္ဂိုလ်တစ်ဦးက စိတ်ဓာတ်ကျခြင်း ဆိုသည်မှာ
"ဘာကိုမှ လုပ်ဆောင်မှု မရှိသည့် အန္တရာယ်ရှိသော အနုပညာတစ်ရပ်"
ဟု ဆိုခဲ့ပါ၏။

တကယ်တော့ စိတ်ဓာတ်ကျခြင်းသည်
- ဘ၀တွင် မျှော်လင့်ချက် ကင်းမဲ့သွားခြင်း
- ထိုကိစ္စအတွက် ဘာမျှ ကုစား၍ မရတော့ဟု ယူဆနေခြင်းနှင့်
မိမိအတွက် ဘာမှ အရေးတကြီးဆောင်ရွက်နေစရာ မရှိတော့ခြင်းသည်
စိတ်ဓာတ်ကျခြင်း ဖြစ်ပါ၏။

စိတ်ဓာတ်ကျပြီဟု ဆိုပါက ဘာမျှလည်း ရွေးချယ်စရာဟူ၍
မရှိတော့သည့် အနေအထားဖြစ်ပါ၏။ အနာဂတ်နှင့်
ပက်သက်၍ အပြုသဘောဆောင်သော အတွေးအခေါ်များ
ကင်းမဲ့နေခြင်းလည်း ဖြစ်ပါ၏။ လူ့ဘ၀တွင်
စိတ်ဓာတ်ကျနေသော ကာလသည်

- ကြမ်းတမ်းသောလမ်းကြောင်းမှ ထွက်လမ်းမမြင်တော့သည့်အခါမျိုး
- လင်းလက်နေသော နေရောင်ခြည်အစား တိမ်တိုက်မည်းကြီးများကို
မြင်နေရသော ကာလမျိုး ဖြစ်ပါ၏။

လူ၏စိတ်သည် အတော်ဆန်းကြယ်၍ အင်အားများရှိသည်ကို
သင်အစဉ် အမှတ်ရနေဖို့ လိုပါ၏။ သင့်စိတ်ကို သင်သည်
ထိန်းချုပ်နိုင်သည် ဆိုသော အချက်ကိုလည်း သင်သတိရပါ။

သင်၏ လုပ်ဆောင်ချက်များက သင်၏ခံစားချက်ကို ပြဌာန်းခြင်း
သာလျှင် ဖြစ်ပါ၏။ ထို့ကြောင့် သင်စိတ်ဓာတ်ကျနေပါက
ကျွန်တော်သည် အလေးအနက် အကြံပေးလိုသော အချက်
သုံးချက် ရှိပါ၏။

ပထမအချက်- စိတ်ဓာတ်ကျခြင်း၏ အကြောင်းရင်းခံသည်
တစ်ခါတစ်ရံ ဒေါသဖြစ်၏။ ဒေါသသည် ဦးတည်ချက်မရှိဘဲ
ထွက်လေ့မရှိ။ ဒေါသသည် တစ်စုံတစ်ယောက်သောသူကို
ဦးတည်နေတတ်ပါ၏။ သင် ဘယ်သူ့ကို ဒေါသ ထွက်နေသနည်း။
တစ်ဦးတစ်ယောက်ကို ဒေါသထွက်နေရာက စိတ်ဓာတ်ကျနေတာလား။
လူတစ်စုကို ဒေါသထွက်နေတာလား။ ဘာကြောင့် ဒေါသထွက်
ရသည်ကို သင်ရှာပါ။ သင်စိတ်ဓာတ်ကျမှုသည် ဒေါသထွက်မှုနှင့်
ဆက်စပ်နေပါက သင်ဒေါသထွက်နေသော သူများထံ
သွားလိုက်ပါ။ ထို့နောက် သင်က သူတို့ကို ခွင့်လွှတ်ကြောင်း
ပြောလိုက်ပါ။ ထို့နောက် အပြန်ခရီးတွင် သင့်ကိုယ်သင်လည်း
ခွင့်လွှတ်လိုက်ပါ။

ဒုတိယအချက်- စိတ်ဓာတ်ကျခြင်းသည် ဘာမျှလုပ်စရာ
မရှိတော့သည့် အခြေအနေမျိုး ဖြစ်ပေရာ သင့်စိတ်ဓာတ်ကျနေပါက
အလုပ်လုပ်စရာ စာရင်းတစ်ခုကို ချရေးလိုက်ပါ။ ထိုကဲ့သို့
အလုပ်များကို ရေးချပြီး ထိုအထဲမှ ဘယ်အလုပ်ကို စတင်လုပ်ဆောင်ရန်
သင်ရွေးချယ်ပါ။ ထို့နောက် အလုပ်တစ်ခုပြီးတစ်ခု ဆက်လုပ်ပါ။
သင် အလုပ်တစ်ခုပြီးတိုင်း သင်၏ စိတ်ဓာတ်သည် တစ်ဆင့်
မြင့်တက်လာပါသည်။

တတိယအချက်- သင့်စိတ်ဓာတ်ကျနေပါက တစ်စုံတစ်ယောက်ကို
ကူညီလိုက်ပါ။ အကူအညီလိုနေသူတစ်ဦးအား ကူညီလိုက်ပါ။
သူများကိစ္စများကို ကူညီခြင်းဖြင့် "သြော် သူများကိစ္စတွေတောင်
ငါကူညီနိုင်တာပဲ" ဟု ဆိုသည့် အတွေးရရှိကာ ထိုအတွေးက
သင့်အားလည်း စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးပြီး
ဖြစ်သွားတတ်ပါ၏။

ဒေါက်တာကားလ်မတ်နင်ဂျာ ဆိုသူက-
"မိမိရဲ့ စိတ်အာရုံ ထိခိုက်မှု ရှိလာပြီး စိတ်ဓာတ်ကျချင်နေပြီ
ဆိုတာနဲ့ တကယ့်ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့လူ၊
ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ယောက်ကိုရှာပြီး
ထိုသူကို အကူအညီပေလိုက်ပါ။ သင့်ပြဿနာသည်
ဖြေဖျောက်ပြီး ဖြစ်သွားမည်" ဟု ဆိုပါ၏။

(စိစစ်ရမည့် ရွေးချယ်မှု) စာအုပ်မှ

Tuesday, April 28, 2015

တန်ဖိုးကွင်းဆက် (Value Chain)

**************************
တန်ဖိုးကွင်းဆက် (Value Chain)
[ဒေါ်ရီရီမြင့်]
**************************

Value is what customers are willing to pay.
ပစ္စည်းတစ်ခု၏တန်ဖိုးမှာ ၀ယ်ယူသူများကပေးလိုသောဈေး(တန်ဖိုး)ဖြစ်သည်။

ယှဉ်ပြိုင်မှုနှင့် ပက်သက်၍ Michael Porter က စီမံခန့်ခွဲမှုနှင့်
ပက်သက်သော သဘောတရား၊ အမြင်၊ အတွေးသစ်များ
ဖော်ထုတ်ပေးခဲ့သည်။ ယင်း၏အမည်နှင့်တွဲ၍ ကျော်ကြားသော
အသုံးအနှုန်းနှင့် စကားလုံးများ ပေါ်ထွက်လာခဲ့သည်။

Value Chain ဆိုသည့် သဘောအမြင်ကို လုပ်ငန်းတစ်ခုအတွင်း
အလုပ်ဖြစ်စဉ်နှင့်ပက်သက်သည့် ယှဉ်ပြိုင်နိုင်စွမ်းအားအဖြစ်
ဖော်ထုတ်ခဲ့သည်။

လုပ်ငန်းတူချင်း မိမိကသာသော ယှဉ်ပြိုင်နိုင်မှုနေရာတွင်ရှိနေရန်မှာ
အလုပ်အဆင့်တိုင်း၌ စေ့စပ်သေချာစွာစိစစ်ရမည်။ Michael Porter ၏
Five Forces Model မှာလည်း စက်ရုံလုပ်ငန်းဖြစ်စဉ်၏ ပြင်ပတွင်
ရှိနေသည့်ယှဉ်ပြိုင်မှုအခြေအနေကို စိစစ်ပုံစိစစ်နည်း Model ပင်
ဖြစ်သည်။

ကုန်ပစ္စည်းတစ်ခု၊ သို့မဟုတ် ၀န်ဆောင်မှုတစ်ခုကို ထုတ်လုပ်
ဆောင်ရွက်ရာတွင် ပါဝင်သော၊ ဆက်စပ်သော အလုပ်အဆင့်များမှာ
ရှုပ်ထွေးဆက်စပ်နေသော ကွင်းဆက်များအဖြစ် ကြည့်မြင်၍
အချိတ်အဆက်တစ်ခုတိုင်း၌ ကုန်ကျစရိတ်ရှိသလို ထုတ်ကုန်၌
တန်ဖိုးတက်လာသည်လည်းရှိသည်။ ထုတ်လုပ်မှုအဆင့်တိုင်းတွင်
အမြင့်ဆုံးတန်ဖိုးဖြစ်ရန်နှင့် အနည်းဆုံးစရိတ်ဖြစ်ရန် လုပ်ဆောင်ပါက
ပစ္စည်းထုတ်လုပ်ပြီးစီးသည့်အခါ ကုန်ပစ္စည်း၏ စုစုပေါင်းတန်ဖိုးနှင့်
စရိတ်မှာ ကွာခြားမှု သိသာပေမည်။ ယင်းကွာခြားမှုမှာ
ထုတ်လုပ်မှုမှ ရရှိသော အကျိုးအမြတ်ဖြစ်သည်။

Value Chain တန်ဖိုးကို မြင့်တက်အောင် မလုပ်နိုင်ဘဲ စရိတ်ကိုပါ
မထိန်းနိုင်ပါက အပြိုင်ထုတ်လုပ်သူများ၏ရှေ့သို့ရောက်သည့်
ယှဉ်ပြိုင်နိုင်မှုအခြေအနေတွင် ရှိမည်မဟုတ်ပေ။ လုပ်ငန်း၏
အလုပ်များကို Porter က နှစ်မျိုးခွဲစိစစ်သည်။

ပထမအမျိုးအစား

အခြေခံအလုပ်များဟု သတ်မှတ်ရာမည့် လုပ်ငန်းများမှာ ပစ္စည်းတစ်ခု
ဖြစ်ရန် သို့မဟုတ် ၀န်ဆောင်မှုတစ်ရပ်ပြီးမြောက်အောင် တိုက်ရိုက်
လိုအပ်သော အလုပ်များဖြစ်သည်။ ယင်းတို့မှာ...

- Inbound Logistics ဟု သတ်မှတ်သည့် ကုန်သွင်းသူများထံက
ပစ္စည်းများ လက်ခံခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် လိုရာအရောက်
ထုတ်ဝေဖြန့်ဝေခြင်း၊

- Operations (လုပ်ငန်းဆောင်ရွက်ခြင်း) - ပစ္စည်းများအဖြစ်
ထုတ်လုပ်ခြင်း၊ လိုအပ်သည့်ဆောင်ရွက်မှု လုပ်ဆောင်ပေးခြင်း၊

- Outbound Logistics - ထုတ်လုပ်ပြီးစီးကုန်ပစ္စည်းများကို
သိုလှောင်ခြင်း၊ ဖြန့်ဖြူးပို့ဆောင်ခြင်း၊

- Marketing ad Sales - ကုန်ပစ္စည်းများကို ၀ယ်ယူရန် ဆွဲဆောင်ခြင်း၊
ဈေးသတ်မှတ်ခြင်း၊ လမ်းကြောင်းရွေး၍ ကြော်ငြာရောင်းချခြင်း၊

- Service - ၀ယ်ယူသူတို့အား လိုအပ်သလို တပ်ဆင်ပေးခြင်း၊
After Sales Service ပေးခြင်း၊ ပြဿနာရှိလျှင်ဖြေရှင်းပေးခြင်း၊

ဒုတိယလုပ်ငန်း

အမျိုးအစားများမှာ မူလလုပ်ဆောင်ပေးခဲ့သော လုပ်ငန်းများ
ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်မှုအတွက် ကူညီပံ့ပိုးပေးရသော
လုပ်ငန်းများဖြစ်သည်။ ယင်းတို့မှာ...

- Procurment - လိုအပ်သောကုန်ကြမ်းပစ္စည်းများ၊ လုပ်ဆောင်မှု
များကို ဖန်တီးရယူခြင်း၊

- Technology  Development - တန်ဖိုးဖန်တီးနိုင်ရန် နည်းပညာ၊
သုတေသနနှင့် ဖွံ့ဖြိုးမှု၊ အော်တိုမေးရှင်း နှင့် တန်ဖိုးဖန်တီးသည့်
အထောက်အကူပြုနည်းပညာများ အသုံးပြုမှု၊

- လူ့စွမ်းအားစီမံခန့်ခွဲမှု - လုပ်သားများ စိစစ်ရွေးချယ်ခန့်ထားခြင်း၊
သင်တန်းများပေးခြင်း၊ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ စိတ်ဓာတ်
တက်ကြွစေခြင်း၊ ထိုက်တန်သော လုပ်ခပေးခြင်း၊

- တည်ဆောက်မှုခိုင်မာခြင်း - ဖွဲ့စည်းပုံ၊ ထိန်းချုပ်မှု၊ ဥပဒေဘောင်နှင့်
သတင်းစနစ်ကောင်းမွန်ခြင်း၊

လုပ်ငန်းများ ချိတ်ဆက်မှုကောင်းမှသာလျှင် ကုန်ကျစရိတ်များ
သက်သာမည်။ အဖွဲ့အစည်းအနေဖြင့် တန်ဖိုးကွင်းဆက်လုပ်ငန်းများကို
အကောင်းဆုံးလုပ်နိုင်မှသာ စရိတ်ကုန်ကျမှုနည်းပြီး မိမိအတွက်
အမြတ်မာဂျင်ကျန်မည်။

Understanding Costs (စရိတ်ကို သဘောပေါက်ခြင်း)

တန်ဖိုးကွင်းဆက်ကို နားလည်ထားခြင်းအားဖြင့် ကုန်ကျစရိတ်
နည်းနိုင်သမျှနည်းရန်နှင့် ပြောင်း၍လုပ်နိုင်သောနည်းများ
ရှာနိုင်သည်။ ကွင်းဆက်များ အချိတ်အဆက်ပုံစံစနစ်များ
တည်ရှိနေမှုကို စိစစ်လေ့လာ၍ အကောင်းဆုံး ယှဉ်ပြိုင်မှု
အသာစီးရနိုင်သောနည်းများ ကြံဆတီထွင် ဖန်တီးနိုင်ရမည်။
လုပ်ငန်းတွင်း အချိတ်အဆက်လုပ်ကိုင်မှုမှသာမက
ပြင်ပနှင့် ရှိနေသော အချိတ်အဆက်များကိုပါ အကောင်းဆုံး
စီမံခန့်ခွဲ၍ ယှဉ်ပြိုင်နိုင်မှုကို ရှေ့က ရှိနေရန်လုပ်ဆောင်ရမည်။

CEO Magazine

Wednesday, February 25, 2015

ကမ္ဘာ့ပထမဦးဆုံး scanner ပူးတွဲပါဝင်သော 3D printer ထွက်ရှိ

*********************************************
ကမ္ဘာ့ပထမဦးဆုံး scanner ပူးတွဲပါဝင်သော 3D printer ထွက်ရှိ
*********************************************



ကမ္ဘာ့ပထမဦးဆုံး scanner ပူးတွဲပါဝင်သော 3D printer သည်
အရာဝတ္ထုများကိုပါ ပုံရိပ်ဖမ်းယူနိုင်မည်ဖြစ်ပြီး အမေရိကန်
အဆင့်မြင့်သိပ္ပံအဖွဲ့အစည်း (AAAS) ၏ နှစ်ပတ်လည်
တွေ့ဆုံပွဲ San Jose, California တွင် ပွဲထုတ်ခဲ့ပါသည်။

Blacksmith အုပ်စုဟာ ပြီးခဲ့တဲ့စနေနေ့ (၂၁-၂-၁၅) က
နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှာ အသုံးပြုသူ
လွယ်လင့်တကူလုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များစုစည်း
ပါဝင်သည့်ပစ္စည်းတစ်ခုအနေဖြင့် မိတ်ဆက်ပြသကာ
Blacksmith Genesis ဟု အမည်ခေါ်ဝေါ်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၂၂၀၀ တန်တဲ့ပစ္စည်းဟာ အသုံးပြုသူတွေကို
မည်သည့်အရာဝတ္ထုကိုမဆို ပုံရိပ်ဖမ်းယူနိုင်စေမှာဖြစ်ပြီး
ကွန်ပျူတာမှ ပြန်လည်ပြင်ဆင်တည်းဖြတ်ကာ 3D ရုပ်ကြွပုံဖြင့်
ထုဆစ်ပုံဖော်ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ NTU ဆက်သွယ်ရေး
အဖွဲ့၏ လက်ထောက်မန်နေဂျာ Lester Kok မှ ဆင်ဟွာသတင်း
ဌာနကို တနင်္ဂနွေနေ့(၂၂-၂-၁၅) က ပြောဆိုခဲ့ပါတယ်။

လက်ရှိဈေးကွက်မှာ 3D ရုပ်ကြွပုံဖော်စက်တွေဟာ အသုံးပြုသူ
လွယ်လင့်တကူဖြစ်နိုင်မှု နည်းပါးသေးကာ ပုံဖော်ထုဆစ်နိုင်မှုဟာ
ကွန်ပျူတာတွင် ရေးဆွဲထားသော ဒီဇိုင်းများကိုသာ ထုဆစ်ပေးနိုင်
ရုံပဲရှိသေးကာ Kok မှ Blacksmith Genesis ဟာ
ရုပ်ကြွပုံဖော်ဆော့ဖ်ဝဲလ်နဲ့ပက်သက်ပြီး သိရှိထားဖို့တောင်
မလိုအပ်ဘူးလို့ ဆိုပါတယ်။

အခြားသော 3D ရုပ်ကြွပုံဖော်စက်တွေနဲ့ မတူတဲ့အချက်က
Blacksmith Genesis ဟာ ဆန်းသစ်တဲ့ လည်ပတ်မှုနည်းပညာကို
အခြေပြုထားတဲ့ ပုံနှိပ်ခြင်းနဲ့ ပုံရိပ်ဖမ်းခြင်းကို အသုံးပြုထားတာပါ။
ဤ လည်ပတ်မှုနည်းပညာဟာ တကယ့်ကို ၃၆၀ ဒီဂရီအထိ
ပုံရိပ်ဖမ်းနိုင်စေပြီး ရုပ်ကြွပုံဖော်ထုဆစ်ရာမှာလည်း ၆၆၅၀
ကုဗစင်တီမီတာအထိ ထုဆစ်ပေးနိုင်တာဟာ ဈေးကွက်မှာရှိတဲ့
အခြားသော 3D ရုပ်ကြွပုံဖော်စက်တွေထက် ၂ ဆ ပိုမိုလုပ်ဆောင်
နိုင်တာပါ။

၅၀ မိုက်ကရိုမီတာထိကောင်းမွန်သော ပုံအရည်အသွေးဖြင့်
ပြန်လည်ထုဆစ်နိုင်ခြင်းဟာလည်း အခြားသော
3D ရုပ်ကြွပုံဖော်စက်တွေထက် အနုစိပ်ပုံဖော်နိုင်ခြင်းပါ။
အရာဝတ္ထုတွေကို ၅ မီဂါပစ်ဇယ်ဖြင့် ပုံရိပ်ဖမ်းယူမှုဟာလည်း
၆ မိနစ်မျှသာကြာခြင်းသည်ပင်လည်း အခြားစက်များထက်
၂ ဆထက်ပိုမြန်နေပါတယ်။

Blacksmith Genesis၏ အခြားသော တမူထူးသည့်လုပ်ဆောင်
ချက်မှာ အဝေးမှ တိုက်ရိုက်ထိန်းချုပ်ကာ အလိုအလျောက်
အမှားရှာဖွေခြင်းကို ပါဝင်တပ်ဆင်ထားသော ကင်မရာကို
သုံး၍ လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ
ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းစဉ်ကို မိမိတို့ရဲ့ smartphone က
တဆင့် မည်သည့်နေရာကမဆို အင်တာနက်ချိတ်ဆက်ကာ
ကြည့်ရှုနေနိုင်ပြီး ပုံဖော်ထုဆစ်မှု စတင်ခြင်း နှင့် ရပ်တန့်ခြင်းကို
လည်း ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

အများပြည်သူလက်လှမ်းမီတဲ့ တန်ဖိုးနည်3းD ရုပ်ကြွပုံဖော်စက်တွေ
ရှိနေပေမယ့် အစီအစဉ်တကျဖြစ်ဖို့ နဲ့ တပ်ဆင်ဖို့ခက်ခဲနေပါ
သေးတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်ကာ
သုံးရ လွယ်ကူစေတဲ့ 3D ရုပ်ကြွပုံဖော်စက်ကို ဈေးကွက်က လိုအပ်
နေချိန်မှာ Blacksmith အုပ်စုက လိုအပ်ချက်ကို ဖြည့်ဆည်း
ပေးနိုင်ပါလိမ့်မယ့်လို့ Blacksmith အုပ်စုရဲ့ ပဲ့ကိုင်ရှင်
ချူချီကွေ့ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

scanner ပူးတွဲပါဝင်သော 3D printer ကို စင်္ကာပူနိုင်ငံမှာ
လူထုရန်ပုံငွေအစည်းအရုံး၏ အထောက်အပံ့ဖြင့် တီထွင်ဖန်တီး
ခဲ့ကာ ဒေါ်လာ ၈ သောင်းကျော်အထိရရှိခဲ့ပြီး အမေရိကန်
အထောက်အပံ့ဖြင့် လာမည့် မတ်လတွင် ထုတ်လုပ်ဖြန့်ချီ
နိုင်မည်ဟု ခန့်မှန်းရပါသည်။

Business Standard

Tuesday, January 27, 2015

ကမ္ဘာ့အကြီးဆုံး ခရမ်းချဉ်သီး (Gigantomo)

********************************
ကမ္ဘာ့အကြီးဆုံး ခရမ်းချဉ်သီး (Gigantomo)
********************************

ကမ္ဘာ့အကြီးဆုံး ခရမ်းချဉ်သီးဟာ မိသားစု ၄ ယောက်လောက်
စားသုံးလို့ရပြီး ဗြိတိန်မှာမိတ်ဆက်ခဲ့ပြီးသောခရမ်းချဉ်သီးသုပ် တွေထက် ၁၂ဆ ပိုမိုများပြားပါတယ်။

ဗြိတိန်နဲ့ အမေရိကန်မှာရှိတဲ့ စိုက်ပျိုးရေးပညာရှင်တွေဟာ
နှစ်ပေါင်း ၂၀ မျှ သုတေသနလုပ်ငန်းများပြုလုပ်ပြီး
သီးနှံမျိုးကွဲအသစ်များကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။

ယခုကြီးမားသော ခရမ်းချဉ်သီးကြီးဟာ ၁၀ လက်မအထိ
ကြီးထွားပြီး သာမန်ခရမ်းချဉ်သီးတွေထက် ၁၂ ဆမျှရှိပါတယ်။

ယင်းခရမ်းချဉ်သီးကြီး၏အပင်မှာ ၆ ပေအမြင့်ထိကြီးထွား
ပေါက်ရောက်ပြီး ခရမ်းချဉ်သီးကြီး ၁၁ လုံးအထိသီးနိုင်ပါတယ်။
ဒါပေမယ့် အသီးတွေရဲ့အလေးချိန်ကိုခံနိုင်ဖို့အတွက်တော့
ထောက်ကန်ပေးနိုင်မယ့်စင်တစ်ခုခုနှင့် တွဲချည်ထားဖို့တော့
လိုပါလိမ့်မယ်။

ဗြိတိန်ရဲ့ စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ Simon Crawford
ကို အမေရိကန်မှ ပညာရှင် Paul Thomas မှ
ကြီးမားပြီး အရသာရှိသော ခရမ်းချဉ်သီးရရှိဖို့
၁၅ နှစ်တာကြိုးပမ်းမှုကိုအပြီးသတ်လုပ်ဆောင်နိုင်ဖို့
ခေါ်ယူခဲ့ပါတယ်။

Paul Thomas ကတော့ သူ့ရဲ့ခရမ်းချဉ်သီးကြီးတွေဈေးကွက်
အတွင်းနေရာရချိန်ကို မြင်တွေ့ခွင့်မရခင် ကွယ်လွန်သွားခဲ့
ပေမယ့် Crawford ကတော့ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေနဲ့
လုံလုံလောက်လောက် စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ဖို့
ကြိုးစားနေပါတယ်။

အမေရိကန်မှာတော့ ဤကြီးမားသောခရမ်းချဉ်သီးများကို
မနှစ်ကစတင်ဖြန့်ဖြူးခဲ့ပြီဖြစ်ပါတယ်။

Business Standard