******************************
စာဖတ်ခြင်းဖြင့် ဘ၀တိုးတက်မှု ရရှိလိုလျှင်
[ဆရာဖေမြင့်]
******************************
"ဘာတွေဖတ်နေလဲ" စာဖတ်သူချင်းတွေ့လျှင် သည်လိုပဲမေးလေ့ရှိသည်။
"ဘယ်လိုဖတ်သလဲ" ဟူ၍ကား မေးခဲလှသည်။
စာဖတ်သူချင်းအတူတူ ဘယ်သူက ပို၍စာအုပ်စာပေ၏ အကျိုးကျေးဇူးကို
ခံစားသွားရသလဲဟူသော အချက်ကား မေးခဲလှသည့် ဒုတိယ အမေးပေါ်
တွင် မူတည်နေပေသည်။ စာအုပ်တစ်အုပ်မှ လူတစ်ယောက် ဘာရသလဲဟူ
သည် ထိုစာအုပ်ကို ၎င်းလူဘယ်လိုဖတ်သလဲဟူသော အချက်ပေါ်တွင်မူတည်
သည်။ သို့သော် အခြားသူများနှင့် တွေ့လျှင် အဲဒီစာအုပ် မိမိဖတ်ပြီးကြောင်း
ပြောနိုင်အောင် ဟူ၍ အခြောက်တိုက် အချိန်ကုန်ခံ ဖတ်ရှုသူများမှာ ထိုစာအုပ်
ထဲမှ ဘာအနှစ်သာရ တစ်ခုမျှရလိုက်မည် မဟုတ်ပေ။
စာဖတ်သည့်အလုပ်ကို ခပ်ပေါ့ပေါ့ လုပ်သူသည် အခြားကိစ္စရပ်များတွင်လည်း
တို့ကနန်း ဆိတ်ကနန်း စမ်းကြည့်လိုက် ချထားလိုက် လုပ်တတ်၏။ လုပ်ဖူး
သည်ဆိုရုံ မြည်းစမ်းကာ တကယ်စိတ်အားလူအား စိုက်ထုတ်ရမည့်အချိန်၌
အသာရှောင်ထွက်သွားတတ်သည့် ပေါ့တန်လျော့ရဲသော စိတ်ဓာတ်ပိုင်ရှင်မျိုး
ဖြစ်လာတတ်၏။ စာအုပ်အငှားဆိုင်သို့ ခေါက်တုံ့ခေါက်ပြန် သွားနေကြသူများ
ကို စိစစ်ကြည့်ပါ။ စာကို အလေးအနက် တန်ဖိုးထားဖတ်ရှုနေကြသူတွေ၊
စာအုပ်စာပေမှ အကျိုးကျေးဇူး ခံစားရယူမည်ဟူသော ရည်ရွယ်ချက်ဖြင့်
ကြိုးစားနေကြသူတွေလည်း ရှိပါသည်။ သို့သော် တော်တော်များများကမူ
ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ၀တ္ထုတွေကို သူများထက်ဦးအောင် မဖတ်ရမှာ
စိုးသဖြင့် အသည်းအသန် အရေးတကြီး လုဖတ်နေကြသည်။ သူ့မှာ
ဘာရည်ရွယ်ချက်မှ မရှိသလို ဘာအလားအလာမှလည်း မရှိပါ။ ထို့ကြောင့်
စာဖတ်သူ တစ်ယောက် အနေနှင့် စာအတွက် မိမိအချိန်ကုန် လူပန်းခံ
သလောက် စာမှ မိမိအတွက် ထိုက်တန်သော အကျိုးကျေးဇူးရရှိလိုသည်
ဆိုလျှင် စာဖတ်ရာ၌ ရိုးသားမှုရှိရန် လိုသည်။ စာကို လေးစားယုံကြည်ရန်
လိုသည်။ စာထဲက ရတနာကို အလွယ်တူ လက်ဖြန့်ခံယူ၍ မရ၊ ကိုယ်တိုင်
တူးဆွ ယူငင်မှ ရမည်ဟူ၍လည်း သဘောပေါက်ထားရန် လိုသည်။
စာကို အရေအတွက် အမြောက်အမြားဖတ်ရှုနေခြင်းထက် ဖတ်သမျှ စာ၏
အနှစ်သာရကို မိမိဦးနှောက်ထဲ အသွေးအသားထဲ စိမ့်ဝင်အောင် စုပ်ယူသိမ်း
ဆည်းနိုင်ရန်သာ လိုသည်။ အနှစ်သာရတွေ စုပ်ယူရရှိလိုပါက စာ ၁၅ မိနစ်
ဖတ်ပြီးတိုင်း ၄၅ မိနစ်စာမျှ ပြန်လှန်စဉ်းစားသုံးသပ်မှုပြုပါ ဟူ၍
ရစ်ချက်လဂယ်လီယင်း အမည်ရှိ အင်္ဂလိပ် စာပေပညာရှင်ကြီးတစ်ဦးက
အကြံပြုခဲ့သည်။
အမေရိကန်သမ္မတကြီး အေဗရာဟမ် လင်ကွန်းသည် လူပျိုပေါက်အရွယ်တွင်
စာ စသင်ခဲ့ရပြီး စာတတ်စကာလ စာကိုအငမ်းမရ ဖတ်ချင်သော ကာလက
ရွေးဖတ်စရာ စာအုပ်များများမရခဲ့ပေ။ သို့သော် ကံအားလျော်စွာ ထိုစဉ်က
ကျေးလက်တောရွာမှာ သူတွေ့ခဲ့ရသည့် စာအုပ်များသည် စာကောင်း
ပေကောင်းများ၊ ဂန္တ၀င်စာပေကြီးများ ဖြစ်ခဲ့ပြီး အရေအတွက် မများလှသည့်
စာအုပ်ကောင်းများကို ၀ါးမျိုခွင့်၊ အသွေးအသားထဲတွင် မပြတ်စီးဆင်းလည်
ပတ်နေအောင် စုပ်ယူသိမ်းဆည်းခွင့်ရခဲ့သောကြောင့် စာအုပ်များက ပေးသည့်
အသိအမြင်များ၊ ထိုအသိအမြင်များကို ဖော်ကျူးသည့် ပီပြင်ပြောင်မြောက်သော
ဝေါဟာရ စကားလုံးများ၊ ယင်းစကား ယင်းအမြင်များက တိုက်တွန်းလာသည့်
လုပ်ရပ်များအားဖြင့် သူ့ဘ၀ စတင်ရာ ကျေးလက်တောရွာနှင့် တောမြို့တခွင်
ဦးဆောင် နိုင်သူတစ်ဦးဖြစ်လာခဲ့သည်။
သူသည် ကွယ်လွန်ချိန်အထိ စာကို လေးလေးစားစား ဖတ်ရှုသူတစ်ဦးဖြစ်ခဲ့
သည်။ စာဖတ်သည်။ သုံးသပ်ဝေဖန်သည်။ လေ့လာကျက်မှတ်သည်။ အလျဉ်း
သင့်သလိုကိုးကား သုံးစွဲသည်။ စာကပေးသော အသိအမြင်ကို လက်တွေ့ဘဝ
ပြဿနာများ ဖြေရှင်းရာ၌ အသုံးပြုခဲ့သည်။ သူသည် တစ်သက်လုံး စုပေါင်းမှ
ကျောင်း ၁၂ လမျှ နေခဲ့ရသူဖြစ်သော်လည်း ဥပဒေပညာ နှင့် အထွေထွေစာပေ
ဗဟုသုတဘက်တွင် တက္ကသိုလ်မှ ပါရဂူ ဘွဲ့ရပုဂ္ဂိုလ်များကို ယှဉ်ပြိုင်နိုင်သည်
အထိ မိမိကိုယ်ကို ကိုယ်တိုင်ရှာပညာဖြင့် မြှင့်တင်ခဲ့သူဖြစ်သည်။ သူသည်
စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အပြည့်ဝဆုံး ခံစားသွားရသည့် စံနမူနာပြ
စာဖတ်သမားကောင်း တစ်ယောက်ဖြစ်ပေသည်။
ထို့ကြောင့် စာပေဖြင့် သင့်ဘ၀ တိုးတက်အောင်မြင်မှု ရလိုသည်ဆိုလျှင်
ရှေးဦးစွာ သင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်
လှုပ်ရှားမည်၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းမည်ဟူ၍ ဦးတည်
ရည်မှန်းချက်ထားရန်လိုပါသည်။ ပြီးလျှင် ဖတ်စရာစာအုပ် ရွေးချယ်သည့်
အခါ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပတ်သက်သယောင်ထင်ရသော
စာအုပ်များကို တကယ်ဆက်စပ် မဆက်စပ်သေချာအောင် မြည်းစမ်းကြည့်ပါ။
မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပတ်သက်သည့် စာအုပ်မျိုးကိုမူ ညက်ညက်
ကြေအောင်ဝါး၊ အသွေးအသားထဲစုပ်ယူ ဟူသော နည်းမျိုးဖြင့် ဖတ်ရှုပါဟု
အကြံပြုတင်ပြလိုက်ရပါသည်။
(ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ)
Thursday, March 27, 2014
Tuesday, March 25, 2014
Little Eye Labs
အိန္ဒိယနိုင်ငံက တက်သစ်စမိုဘိုင်းနည်းပညာကုမ္ပဏီ Little Eye Labs ကို
Facebook က၀ယ်ယူလိုက်ပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံးလူမှုရေး ကွန်ရက်
Facebook ရဲ့ အိန္ဒိယမှာ ပထမဆုံးပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်
လို့ သိရပါတယ်။ မိုဘိုင်းဖုန်းကနေ Facebook အသုံးပြုသူတွေများပြား
လာနေချိန်မှာ Application တွေအသုံးပြုရာမှာ Memory နဲ့စွမ်းအင်သုံးစွဲမှု
လို အချက်အလက်တွေကို ထောက်ပံ့နိုင်မယ့် စွမ်းဆောင်ရည် အကဲဖြတ်မှု
နဲ့ကြီးကြပ်စောင့်ကြည့်ရေး Tools တွေကို Facebook ကတည်ဆောက်ရာ
မှာ ဘန်ဂလောမြို့အခြေစိုက် Little Eye က အကူအညီပေးမှာ ဖြစ်ပါတယ်။
သဘောတူညီချက် ပမာဏကိုနှစ်ဖက်ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ခြင်း
မရှိပေမယ့် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့်ရှိမယ်လို့ သတင်းဖော်ပြ
ချက်တွေ ထွက်ခဲ့ပါတယ်။ Little ဟာလုပ်ငန်းဆောင်ရွက်မှုတွေကို
Facebook ရဲ့ရုံးချုပ်တည်ရှိရာ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့လုပ်ကိုင်
မှာဖြစ်တယ်။
CEO Magazine

Tuesday, March 18, 2014
Quote of the day
ကိုယ်ကျင့်တရားဆိုတာ သစ်ပင်နဲ့တူပြီး
နာမည်ကောင်းရမှုဆိုတာ အရိပ်နဲ့တူပါတယ်။
အရိပ်ဆိုတာ အထင်အမြင်သက်သက်ပဲဖြစ်ပြီး
သစ်ပင်ကမှ တကယ့်အမှန်တရားဖြစ်ပါတယ်။
အေဘရာဟင်လင်ကွန်း
နာမည်ကောင်းရမှုဆိုတာ အရိပ်နဲ့တူပါတယ်။
အရိပ်ဆိုတာ အထင်အမြင်သက်သက်ပဲဖြစ်ပြီး
သစ်ပင်ကမှ တကယ့်အမှန်တရားဖြစ်ပါတယ်။
အေဘရာဟင်လင်ကွန်း
Monday, March 17, 2014
ထူးကဲပြောင်မြောက်သောဖွဲ့စည်းမှု
***************************
ထူးကဲပြောင်မြောက်သောဖွဲ့စည်းမှု
[ဒေါ်ရီရီမြင့်]
***************************
စီးပွားရေးကော်ပိုရေးရှင်းတွေရဲ့ အောင်မြင်မှု၊ ရပ်တည်မှုတို့မှာ များစွာ
ရှုပ်ထွေးပြီး အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ အဆုံးမှာ တစ်ခုနဲ့တစ်ခု
ဆက်စပ်နေတဲ့ "S" ခုနှစ်လုံးပါတဲ့ ဘောင်တစ်ခုအဖြစ်ချုပ်ပြီး ထူးချွန်
အောင်မြင်မှု အကြောင်းတွေ ဖော်ထုတ်ခဲ့ပါတယ်။
"S" ခုနှစ်လုံးမှာ Structure ဆိုတဲ့ တည်ဆောက်မှု၊ Strategy ဆိုတဲ့ မဟာဗျူဟာ၊System ဆိုတဲ့ စနစ်၊ Staff ဆိုတဲ့ ၀န်ထမ်းတွေ၊ Style ဆိုတဲ့ လုပ်ကိုင်ဟန် ၊Skill ဆိုတဲ့ ကျွမ်းကျင်မှု နဲ့ Shared Values ဆိုတဲ့ တူညီစွာလက်ခံကြတဲ့ တန်ဖိုးထားမှုတို့ ဖြစ်ပါတယ်။
ဒါ့ပြင် စီမံခန့်ခွဲမှု ဘာသာရပ်မှာ လက်ခံကျင့်သုံးနေတဲ့ ဓမ္မဓိဌာန်အယူအဆတွေမှာ မှန်နိုင်တာထက် မှားနိုင်တာတွေလည်းရှိတာကို ထောက်ပြပြီး ထူးချွန်စွာကောင်းမွန်တဲ့ အဖွဲ့အစည်းတွေမှာတွေ့မြင်ရတဲ့ အချင်းလက္ခဏာတွေကို ထောက်ပြပါတယ်။
(၁) Bias for Action - လုပ်စရာရှိရင်သိပ်မတွေဝေဘဲ ထလုပ်တဲ့အလေ့အထ
(၂) Close to the Customer - မိမိကုန်ပစ္စည်းကို ၀ယ်ယူအသုံးပြုသူတွေနဲ့
နီးနီးကပ်ကပ်ရှိပြီး ယင်းတို့လိုအပ်ချက်ကို ထင်ဟပ်ထုတ်လုပ်ရောင်းချခြင်း
(၃) Autonomy and Entrepreneurship - လွတ်လပ်ခွင့်နှင့်စီးပွားရေးသဘောအရ စွန့်စားလုပ်ကိုင်မှု
(၄) Productivity Through People - လူတွေကိုအခြေခံပြီးထုတ်လုပ်မှုစွမ်းရည်ရယူခြင်း (ကုန်ထုတ်လုပ်မှုစွမ်းရည် နဲ့ အရည်အသွေးကောင်းဖို့ လုပ်သားတွေနဲ့ကြီးကြပ်သူတွေက အဓိကကျတယ်လို့ လက်ခံပြီး စက်အားနဲ့ ငွေရင်းနှီးမြှုပ်နှံမှု
ကို အဓိကမထားပေ)
(၅) Hands-on Value-driven - Management by Walking Around ဆိုတဲ့အသုံးအနှုန်းပေါ်ထွက်ရတဲ့ အကြောင်းမှာ McDonald's အပါအ၀င် အချို့ကုမ္ပဏီအကြီးအကဲတွေဟာ အလုပ်ခွင်နဲ့အရောင်းဆိုင်တွေဆီ ပုံမှန်သွားရောက်လေ့လာတဲ့ အလေ့အကျင့်ရှိတာကို ညွှန်းပါတယ်
(၆) Stick to the Knitting - သိုးမွှေးထိုးတတ်ရင် သိုးမွှေးထိုးတာပဲလုပ်ပါလို့ဆိုတာကတော့ မိမိကျွမ်းကျင်ရာကိုသာ လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။Johnson and Johnson နဲ့ Proctor and Gamble တို့ဟာ အဲဒီလို ကုမ္ပဏီမျိုးပါ
(၇) Simple form, Lean Staff - လေ့လာတွေ့ရှိချက် နောက်တစ်ခုကတော့အဲဒီကုမ္ပဏီတွေမှာ Project တွေနဲ့ လုပ်တာမျိုးမရှိဘဲ ရိုးရှင်းပြီး ထိပ်ပိုင်းအုပ်ချုပ်သူလည်း နည်းပါတယ်။ ပုံစံရိုးရိုးနဲ့ ၀န်ထမ်းသိပ်မများ တာကို ဆိုလိုတာပါ
(၈) Simultaneous Loose+Tight Properties - ဗဟိုကနေချုပ်ကိုင်တဲ့ ပုံစံမျိုးရှိသလို လုပ်ပိုင်ခွင့်ကို အောက်ခြေ၀န်ထမ်းတွေနဲ့ ကြီးကြပ်သူတွေမှာပါ ပေးထားပါတယ်။ ဒါပေမယ့် တကယ်အရေးပါတဲ့၊ တန်ဖိုးထားတဲ့ ကိစ္စတွေကျရင်တော့အလျှော့မပေးတတ်ပါဘူး။

Wednesday, March 12, 2014
Sony SmartWig
ဂျပန်အီလက်ထရွန်းနစ်ကုမ္ပဏီ Sony ကလူ့ခန္ဓာကိုယ်မှာ သွေးဖိအားကနေ
ဦးနှောက်လှိုင်းတွေ လှုပ်ရှားမှုအထိ တိုင်းတာနိုင်မည့် အာရုံခံကိရိယာတွေ
ပါဝင်တဲ့ SmartWig ခေါင်းစွပ်ကို အမေရိကန်မှာ မူပိုင်ခွင့်လျှောက်ထား
လိုက်ပါတယ်။ ဒီခေါင်းစွပ်ဟာ မျက်မမြင်တွေကို အခြားအကူအပံ့တွေ
မလိုဘဲ သွားလာနိုင်အောင် ကူညီတာလိုမျိုး လက်တွေ့အသုံးဝင်မှုများစွာ
ပါဝင်ပါတယ်။ ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်လည်း အသုံးတည့်
နိုင်ပါတယ်။ Google က Google Glass မျက်မှန်ကို မနှစ်မေလတုန်းက
ထုတ်လုပ်ခဲ့သလို Samsung ကလည်း Glaxy Gear စမတ်ဖုန်းလက်ပတ်
နာရီကို စက်တင်ဘာလမှာ ထုတ်လုပ်ခဲ့တယ်။ ဒီကုန်စည်တွေကို လူကြိုက်
များခဲ့ပေမယ့် ကုန်ကျတာနဲ့အကျိုးရှိတာကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
Sony Europe ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနည်းပညာဟာ အခြေခံ
သုတေသနအဆင့်မှာပဲရှိသေးပြီး ဈေးကွက်တင်ဖို့ မဆုံးဖြတ်ရသေးဘူးလို့
ပြောပါတယ်။ Sony ဟာ နာမည်ကျော်ဂိမ်းကစားစက်ဖြစ်တဲ့ Playstation 4
ကို မနှစ်နိုဝင်ဘာမှာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်
ဖြန့်ချီခဲ့ပါတယ်။

Tuesday, March 11, 2014
ငွေကို မိတ်ဆွေလို ဆက်ဆံပါ
**********************
ငွေကို မိတ်ဆွေလို ဆက်ဆံပါ
[ဆရာချစ်စံဝင်း]
**********************
သင် ကြီးပွားချမ်းသာလိုပါက ပထမဆုံး လိုက်နာရမည့် ကိစ္စမှာ ငွေကို
မိတ်ဆွေလို ဆက်ဆံရန်ဖြစ်၏။ ငွေကို မိတ်ဆွေလို မဆက်ဆံနိုင်သမျှ
သင်သည် ဘယ်သောအခါမှ သူဌေးဖြစ်မည် မဟုတ်ပါ။ ငွေကို မိတ်ဆွေ
လို ဆက်ဆံရေးအတွက် သင်သည်...
ပထမ- ငွေနှင့်ပက်သက်သော အတင်းအဖျင်းစကားများ၊ ယုံတမ်း
စကား၊ ပုံပြင်များကို ဂရုမစိုက်ပါနှင့်။ သင့်မိတ်ဆွေ အကြောင်း ပြော
သည့် အတင်းအဖျင်းများကို အဘယ်ကြောင့် သင်ယုံနေပါမည်နည်း။
ဒုတိယ- မိတ်ဆွေများသည် ကောင်းကျိုးရော ဆိုးကျိုးပါ ပေးတတ်
သလို ငွေကလည်း ကောင်းကျိုးရော ဆိုးကျိုးပါ ပေးနိုင်ပါသည်။
ငွေက ကောင်းကျိုးပေးဖို့နှင့် ဆိုးကျိုးပေးဖို့ ကိစ္စ နှစ်ရပ်တွင် သင်က
ငွေကို ဘယ်လိုအသုံးချသလဲဆိုသည့် အချက်ပေါ်တွင် မူတည်ကြောင်း
သတိထားရှိပါ။
တတိယ- တစ်ခုသတိပြုရန်မှာ ငွေကြေးပြည့်စုံမှ သင်သည် သင့်ဆွေမျိုး
မိဘ နှင့် အခြားသူများကို ကူညီနိုင်မည်။ သင် ဆင်းရဲနေလျှင် ဘယ်သူ့
ကိုမှ မကူညီနိုင်၊ ဘာဒါနမှ မပြုလုပ်နိုင်ဟူသော အချက်ကို မှတ်သား
ထားပါ။
စတုတ္ထ- ငွေကြေးရှာဖွေသုံးစွဲမှုကို သုံးချောင်းထောက် ခွေးခြေလို
သဘောထားပါ။
(က) ငွေကိုရှာပါ
(ခ) ငွေကိုစုပါ
(ဂ) အမြော်အမြင်ရှိရှိ နှင့် ရင်းနှီးပါ
သင်မုချ ကြွယ်ဝချမ်းသာလာပါမည်။

Monday, March 10, 2014
Quote of the day
တာဝန်ဆိုသောစကားက အလုပ်များကိုကောင်းစွာ ပြီးစေသည်။
မေတ္တာဆိုသောစကားသည် အလုပ်များကို လှပသေသပ်စွာ
ပြီးမြောက်စေသည်။
Unknown

Saturday, March 8, 2014
ငွေ၏ပံ့ပိုးမှု စွမ်းအား
****************
ငွေ၏ပံ့ပိုးမှု စွမ်းအား
[ဆရာဖေမြင့်]
****************
လူငယ်တွေ ငွေရှာဖို့၊ ချမ်းသာအောင်လုပ်ဖို့ အချိန်တော့သုံးရမှာပဲ။ တချို့က
ပြောမယ် လောကကြီးမှာ ငွေထက်တန်ဖိုးရှိတာတွေလည်း အများကြီးရှိသေး
တယ်လို့။ မှန်ပါတယ်၊ အားလုံးသိတာပဲ။ ငွေထက်ကြီးကျယ်တာ၊ မြင့်မားတာ၊
ငွေနဲ့အစားထိုး မရနိုင်တာတွေ ရှိပါတယ်။ ရွှေတုံးရွှေခဲထက် တန်ခိုးကြီးတာ၊
ဦးခိုက် ပူဇော်ထိုက်တာတွေ လောကမှာ ဘ၀မှာ အများကြီးရှိပါတယ်။ သို့သော်
ကျွန်တော်တို့ ရိုးရိုးလေးစဉ်းစားရုံနဲ့ သိနိုင်ပါတယ်။ ကျွန်တော်တို့ တန်ဖိုးထား
သော အဲဒီအရာတွေ အရေးကိစ္စတွေသည် ကျွန်တော်တို့လက်ထဲမှာ ငွေကြေး
လုံလောက်စွာ ရှိတဲ့အခါ၊ ငွေကြေးအင်အားနဲ့ ဖြည့်ဆည်းပံ့ပိုးလိုက်နိုင်တဲ့အခါ
ပိုပြီး ပြည့်စုံမလာဘူးလား၊ ပီပြင်မလာဘူးလား၊ ပိုအဆင်မပြေလာဘူးလား။
အားလုံးသိတဲ့အတိုင်း ချစ်ခြင်းမေတ္တာဆိုတာ ဒီကမ္ဘာလောကမှာ အကြီးအကျယ်
အမြင့်မြတ်ဆုံး အရာတစ်ခုပေါ့။ ဒါပေမယ့် အဲဒီ ချစ်ခြင်းမေတ္တာပိုင်ရှင်၊
ချစ်တတ်သော နှလုံးသားပိုင်ရှင်မှာ ဓနငွေကြေးသာပြည့်ပြည့်၀၀ ဖောဖော
သီသီ ရှိနေခဲ့မယ်ဆိုရင် သူဟာပိုပြီး ကြီးကြယ်မြင့်မြတ်တဲ့ လုပ်ရပ်တွေ
စွမ်းဆောင်မလာနိုင် ဘူးလား။
ကျုပ်ငွေမလိုချင်ဘူးဆိုတဲ့ လူတစ်ယောက်ကို ခင်ဗျားအများအကျိုးမသယ်ပိုး
ချင်တဲ့လူပဲ ပြောရင် အတင်းဆွဲပြောသလိုကြီးဖြစ်နေမယ်။ ဒါပေမယ့် ဒီနှစ်ခု
ဟာ ဆက်စပ်နေတယ်။ ခွဲလို့မဖြစ်ဘူး။ လူ့ဘ၀ဆိုတာ အင်မတန် ကြီးကျယ်
မြင့်မြတ်ပါတယ်။ တန်ဖိုးရှိလှပါတယ်။ ဒီဘ၀ကို တန်ဖိုးရှိနိုင်သမျှ တန်ဖိုးရှိစေ
ဖို့ ငွေရှာတဲ့နေရာမှာလည်း အချိန်သုံးရလိမ့်မယ်။
ဒါပေမယ့် တချို့အယူအစွဲကြီးတဲ့ ပုဂ္ဂိုလ်တွေက ငွေမုန်းတီးစိတ်သိပ်ကြီးမား
နေကြတယ်။ ရောင့်ရဲတင်းတိမ်းခြင်းနဲ့ ဘုရားသခင်ရဲ့ သူဆင်းရဲဆိုတာမျိုး
ဖြစ်ရမှာကို အလွန်ကြီးမြတ်တဲ့ ဂုဏ်ထူးဝိသေသတစ်ခုလို ခံယူချင်နေပြီး
သိပ်ဝမ်းသာကျေနပ်နေတယ်လို့ ပြောကြတယ်။ ဒါပေမယ့် အဲ့လိုပြောတဲ့
စကား သူ့ဇနီးကြားရင် ဘာပြောမလဲ။ ကိုယ့်လူက အေးအေးဆေးဆေး
ဝရန်တာမှာ ဆေးလိပ်ကလေးဖွာပြီး ထိုင်ဆင်းရဲနေတဲ့အချိန် မိန်းမက သူများ
အိမ်မှာ လျှော်ဟယ် ဖွပ်ဟယ်နဲ့ မိသားစု အငတ်ဘေးမဆိုက်အောင် ပင်ပန်း
ကြီးစွာ ရှာဖွေနေရတာမျိုးဖြစ်နေတတ်ပါတယ်။
အဲ့ဒီတော့ ချမ်းသာအောင် ကျွန်တော်တို့လုပ်ရလိမ့်မယ်။ ဒါကျွန်တော်တို့
တာဝန်။ ဒါပေမယ့် ချမ်းသာအောင် ကြိုးစားတဲ့နေရာမှာတော့ ဂုဏ်သိက္ခာ
ရှိသော၊ ဘာသာတရားနှင့် မဆန့်ကျင်သော နည်းလမ်းများနဲ့ လုပ်ဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီနည်းလမ်းများသည်သာ ချမ်းသာမှုပန်းတိုင်ကို
လှမ်းကိုင်နိုင်ဖို့ အသေအချာဆုံး၊ အမြန်ဆုံး၊ အစစ်မှန်ဆုံးနည်းတွေဖြစ်လို့ပါ။
သို့သော် ငွေကို တပ်မက်ခြင်းသည် အလုံစုံသော အကုသိုလ်ဒုစရိုက်တို့၏
အရင်းခံ အကြောင်းတရားဖြစ်သည်တဲ့။ ငွေကိုအသုံးပြုပြီး အကျိုးရလဒ်တွေ
ရနိုင်တယ်။ ကောင်းကျိုးရလဒ်တွေကိုသာတန်ဖိုးထားပါ။ ငွေချည်းသက်သက်
ကို မြတ်နိုးကိုးကွယ်မနေပါနဲ့။ ကောင်းကျိုးရလဒ်ဖြစ်မယ့်ကိစ္စတွေမှာ ငွေကို
အသုံးမပြုပဲ ကိုယ်ရနိုင်သမျှသာ ကျုံးယူမယ်၊ သိမ်းဆည်းသိုဝှက်မယ်၊ လက်ထဲ
မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ အကုသိုလ်ဒုစရိုက်တို့၏
အရင်းခံအကြောင်းတရားဆိုတာ တကယ်ဖြစ်လာမယ်။
(စိန်မြေဧကပေါင်းများစွာ)

Thursday, March 6, 2014
Quote of the day
နိုင်ငံတစ်နိုင်ငံ၏ လူငယ်ထုသည် နောင်သားစဉ်မြေးဆက်တို့၏
ဘဏ္ဍာထိန်းများဖြစ်သည်။
Benjamin Disralei
ဘဏ္ဍာထိန်းများဖြစ်သည်။
Benjamin Disralei
Tuesday, March 4, 2014
Business Process Reengineering (BPR)
**************************
Business Process Reengineering (BPR)
**************************
BPR စီမံခန့်ခွဲမှုအမြင်အတွေးသည် ၁၉၉၀ ပြည့်နှစ်များအတွင်းက
ပေါ်ပြူလာဖြစ်ခဲ့သော၊ အပြောများခဲ့သော အမြင်အတွေးဖြစ်သည်။
ယခုအခါတွင် အပြောနည်းလာသော်လည်း အခြေခံသဘောမှာ လုပ်ငန်း
ကြီးများ နှစ်ကြာလာလျှင် ပြောင်းလဲရန်လိုအပ်မှုရှိမြဲဖြစ်ပြီး အလုံးစုံ
ပြန်စိစစ်ပြောင်းလဲမှ အကျိုးရှိနိုင်သော အဆိုဖြစ်သည်။
BPR ကို ပေါ်ပြူလာဖြစ်စေခဲ့သော စာအုပ်မှာ Michael Hammer နှင့်
James Hampy တို့ ၁၉၉၃ ခုနှစ်က ထုတ်ဝေခဲ့သော Reengineering
Corporation စာအုပ်ဖြစ်သည်။ Hammer က BPR မှာ Industrial
Revolution ၏ ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဆိုသည်။ စားသုံးသူများ၏
လိုလားမှုနှင့် ဆန္ဒများအစဉ်ပြောင်းလဲနေသော 'သတင်းခေတ်' ကြီးတွင်
ကော်ပိုရေးရှင်းကြီးများက ပုံသေနေ၍ မဖြစ်နိုင်ဟု အခိုင်အမာဆိုသည်။
ကော်ပိုရေးရှင်းကြီးများသည် သီးခြားအထက်အောက်ပြောင်းတိုင် (မီးခိုး
ခေါင်းတိုင်) ကဲ့သို့ အဆင့်ဆင့် ဆက်သွယ်မှုသာရှိပြီး ဘေးနှင့်ပေါင်း
စပ်လေ့မရှိ။ BPR ကမူအပေါ်မှ ခြုံငုံကြည့်၍ အခြေအနေ လိုအပ်ချက်ကို
သုံးသပ်ပြီးပြုပြင်သည်။ အရည်အသွေးကောင်းမွန်ရန်၊ ကုန်ကျစရိတ်
လျော့ရန်၊ ဆောင်ရွက်မှုပိုကောင်းရန်တို့ကို လိုအပ်သလို
ပြန်၍လုပ်သည်။
Reengineering မှာ Reorganization (ပြန်လည်ဖွဲ့စည်းခြင်း) မဟုတ်။
အနည်းငယ်ပြုပြင်ခြင်းလည်းမဟုတ်။ အစမှပြန်၍ လိုရာရောက်အောင်
လုပ်ခြင်းဖြစ်သည်။ ထိုသို့မလုပ်ပါက အကျပ်အတည်းကို ရင်ဆိုင်ရ
မည်မှာ သေချာနေသည်။
အကျဉ်းချုပ်သဘောကို ပြောမည်ဆိုလျှင် BPR မှာလုပ်ငန်းဖြစ်စဉ်များ
ကို အစအဆုံး ပြန်၍စဉ်းစားတည်ဆောက်ခြင်း ဖြစ်သည်။
ဒေါ်ရီရီမြင့်

ငွေစုခြင်း
*******
ငွေစုခြင်း
[ဆရာချစ်စံဝင်း]
*******
ငွေစုခြင်းဆိုသည်မှာ မိမိဝင်ငွေမှ ရသောပိုက်ဆံကို မိမိကိုယ်မိမိ
ပေးခြင်းဖြစ်၏။ ကျန်ငွေသည် သူများကို ပေးရသဖြင့် ကုန်သွားသော
ငွေဖြစ်၏။
သင် ပင်ပင်ပန်းပန်း ရှာဖွေထားသောငွေမှ ၁၀ ရာခိုင်နှုန်းကို
သင့်ကိုယ်သင် ပေးသင့်ပါသည်။ ဤကိစ္စသည် တရားသောကိစ္စ၊
သင့်ဘ၀နောင်ရေးကိစ္စဖြစ်၍ သင့်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း စုခြင်းကို
မဖြစ်မနေ ဆောင်ရွက်ပါ။
၉၀ ရာခိုင်နှုန်းကို သင့်စားဝတ်နေရေးအတွက် အသုံးပြုပါ။ စားဝတ်
နေရေးအတွက် အသုံးပြုသော ၉၀ ရာခိုင်နှုန်းသည် သင် သုံးပစ်
လိုက်သော ငွေများဖြစ်၍ သင်စုဆောင်းလိုက်သော ၁၀ ရာခိုင်နှုန်း
သည်သာ သင်တကယ်ပိုင်သော ငွေဖြစ်၏။
အဓိက သော့ချက်မှာ သင်စုပြီးမှ ကျန်တာကို သုံးပါ။
သင်သုံးပြီးမှ ကျန်တာကို မစုပါနှင့်။ သင်သုံးပြီးမှ ကျန်တာကို
စုမည်ဟု စိတ်ကူးပါကစုဆောင်းစရာငွေ ဘာမျှကျန်တော့မည်
မဟုတ်ပါ။ ထို့ကြောင့် စုပြီးမှ ကျန်ငွေကို သုံးပါ။

Monday, March 3, 2014
Ta Ta Group
Ta Ta Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Indian Hotels လုပ်ငန်းစု
ဟာ ဘာမြူဒါအခြေစိုက် Orient-Express Hotels အုပ်စုကို အမေရိကန်
ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ၀ယ်ယူဖို့ကမ်းလှမ်းချက်ကို စွန့်လွှတ်လိုက်
ပါတယ်။ ဒါဟာ Indian Hotels အုပ်စုဟာ အစောပိုင်းတုန်းက Orient
Express Hotels ကိုဝယ်ယူဖို့ ကြိုးပမ်းမှုနှစ်ကြိမ်မြောက် မအောင်မြင်
တာဖြစ်ပါတယ်။ Indian Hotels အုပ်စုဟာ အစောပိုင်းတုန်းက
Orient Express ရဲ့ရှယ်ဟာ ၆.၉ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့ပေမယ့်
ကမ္ဘာတစ်ဝန်း ဇိမ်ခံခရီးသွားလုပ်ငန်းကျဆင်းမှုကြောင့် ရှယ်ယာတန်ဖိုး
တွေကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Orient-Express ရဲ့အကြွေးတွေ
အပါအ၀င် ကုမ္ပဏီရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁.၈၆ ဘီလီယံနဲ့
သတ်မှတ်ခဲ့ချိန်မှာ Indian Hotels အုပ်စုက၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ချိန်
ကတည်းက ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ မိုးပျံအောင် တော်နေပါစေ။
သူ့မှာ တာဝန်ယူလိုတဲ့ စိတ်၊ တာဝန်ကို ကြိုးစားပမ်းစား
ထမ်းဆောင်လိုတဲ့ စိတ်နေစရိုက် မရှိရင်
ဘယ်နေရာမှ အသုံးမ၀င်ဘူး။
ဆရာအောင်သင်း

Subscribe to:
Posts (Atom)