*************************
ခေါင်းထဲကို အမှိုက်တွေမထည့်နဲ့
*************************
တစ်ခါတုန်းက အင်္ဂလန်နိုင်ငံမှာ ဆင်းရဲတဲ့လူငယ်
တစ်ယောက်ရှိတယ်။ ဆင်းရဲတော့ ကျောင်းမနေနိုင်ဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ရတယ်။ သူ့အလုပ်က
တစ်ဘီးတပ်တွန်းလှည်းလေးနဲ့အော်ဒါမှာတဲ့ပစ္စည်းတွေကို
တစ်အိမ်ချင်းလိုက်ပို့ရတဲ့အလုပ်ဖြစ်တယ်။ တစ်ပတ်ကုန်မှ
(၆)ပဲနိပဲ ရတယ်။ ရတဲ့လခနဲ့အိမ်ခန်းမငှားနိုင်ဘူး။
အလုပ်ရုံရဲ့အထပ်ခိုးမှာနေရတယ်။ ရတဲ့လခကလည်းစားရ
ရုံပဲရပါတယ်။ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ဘဝပါ။
တစ်နေ့တော့ သူဟာ ခေါင်းလက္ခဏာဆရာတစ်ယောက်နဲ့
တွေ့တယ်။ ခေါင်းလက္ခဏာဆိုတာက ခေါင်းရဲ့ထူးခြားမှု
ကိုကြည့်ပြီးဟောတဲ့ ဆရာပါ။ မြန်မာနိုင်ငံမှာဆိုရင်
လက္ခဏာဆရာ၊ဗေဒင်ဆရာတွေမျိုးပေါ့။
အဲဒီလူငယ်လေးက ခေါင်းလက္ခဏာကိုမေးကြည့်ချင်တယ်။
"ဈေးနှုန်းကိုမေးကြည့်တော့ ၆-ပဲနိပေးရမယ်" တဲ့။
သူရတဲ့တစ်ပတ်စာလောက်ဆိုတော့ များတယ်။
သူမတတ်နိုင်ဘူး။
ခေါင်းလက္ခဏာကြည့်ပြီး တစ်ပတ်လုံးရေသောက်
ဗိုက်မှောက်နေရမယ့် ကိန်းဖြစ်နေတယ်။ သူပြန်စဉ်းစားတယ်။
တစ်သက်လုံးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာက
တစ်ပတ်စာစားစရာမရှိတာထက် ပိုဆိုးတယ်။
ဘာဘဲဖြစ်ဖြစ် ခေါင်းလက္ခဏာကိုမေးမယ်ဆိုပြီး မေးတယ်။
ခေါင်းလက္ခဏာဆရာက သူ့ခေါင်းကို
သေသေချာချာကြည့်ပြီးဟောတယ်။
“ခေါင်းကတော့အဖိုးတန်ခေါင်းမျိုးဖြစ်တယ်။
အင်္ဂလန်နိုင်ငံရဲ့ပညာရှိ မက်ကောလင်းလို
ခေါင်းမျိုးဖြစ်တယ်။အဲဒီလိုခေါင်းထဲကို
အမှိုက်တွေမထည့်နဲ့”
“အမှိုက်တွေမထည့်နဲ့ဆိုတာကဘာလဲ”ပေါ့။
သူကပြန်မေးတယ်။
“အေး အမှိုက်တွေဖြစ်တဲ့အပေါစား စာပေတွေကို
မဖတ်နဲ့၊ အားတဲ့အချိန်မှာ စာကြည့်တိုက်ကိုသွားပါ၊
မက်ကောလင်းရေးတဲ့ စာအုပ်လိုမျိုးကို ဖတ်ပါ”
လို့ပြောလိုက်တယ်။
ခေါင်းလက္ခဏာပြောတဲ့အတိုင်း စာကြည့်တိုက်ကိုသွားတယ်။
မက်ကောလင်းရေးတဲ့စာအုပ်တစ်အုပ်ကို ငှားတယ်။
ဖတ်ကြည့်တယ်။ အတွေးအမြင်တွေပါတဲ့စာအုပ်ဖြစ်တော့
စစချင်းဖတ်တော့ နားမလည်ဘူး။ အဲဒီစာအုပ်ကိုပြန်အပ်
တော့ စာကြည့်တိုက်မှူးက မေးတယ်။ “နားလည်သလား”ပေါ့။
နားမလည်ကြောင်းပြောပြတော့ စာကြည့်တိုက် မှူး
ကဖတ်ပြီး နားလည်နိုင်တဲ့သမိုင်းစာအုပ်တွေကို ရွေးပေးလိုက်တယ်။
အဲဒီစာအုပ်ကိုဖတ်ကြည့်တော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
လောကသစ်တစ်ခုထဲရောက်သွားသလိုခံစားရတယ်။
အော်...စာအုပ်ကောင်းတွေဖတ်ရတဲ့အခါ အစားကောင်းတွေ
စားရတာထက် အရသာရှိပါလားဆိုတာကိုသိလာ
ခဲ့တယ်။ ဒီလိုနဲ့အားလပ်တဲ့အချိန်တိုင်းမှာစာကြည့်တိုက်ကိုသွားပြီး
စာဖတ်ဖြစ်လာတယ်။ စာဖတ်ဝါသနာပါလာတယ်။
နောက် အားလပ်ချိန်ကိုရှာပြီးစာကြည့်တိုက်ကိုသွားပြီးစာဖတ်
ဖြစ်လာတယ်။ နောက်တော့ ဖတ်ရမယ့်စာအုပ် ကိုလည်း
ရှာတတ်လာတယ်။ ရွေးချယ်တတ်လာတယ်။
သူဟာအသက်(၂၆)နှစ်မှာပဲ သူ့ရဲ့အလုပ်သမားအဖွဲ့မှာ
ခေါင်းဆောင်ဖြစ်လာတယ်။နောက်ဆုံးမှာသူဟာ အတော်ဆုံး
ဗြိတိသျှဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့တယ်။
သူပြောတဲ့စကားကတော့...
"စာဖတ်ဝါသနာကိုပြုစုပျိုးထောင်ပါ။ စာအုပ်ဟာလှေကားနဲ့တူတယ်။
စာဖတ်တာဟာ အဲဒီလှေကားပေါ်တစ်ဆင့်ချင်း တက်သွားတာနဲ့တူပါတယ်။
ဘဝအဆင့်အတန်းမြင့်ချင်ရင် စာဖတ်ပါ။
စာဖတ်ရင်းနဲ့စာကောင်းတွေကိုရွေးချယ် တတ်လာပါလိမ့်မယ်။
သူသာစာမဖတ်ခဲ့ရင် ဘဏ္ဍာရေးဝန်ကြီးမဖြစ်နိုင်ပါဘူး။
လုပ်နေကျအလုပ်မှာပဲ အချိန်ကုန်သွားဖို့ရှိပါတယ်" လို့ပြောခဲ့ပါတယ်။
Forward Mail
Thursday, June 26, 2014
Tuesday, June 24, 2014
လုပ်ငန်းရှင် ဖြစ်လိုသော်
[ကိုညွန့်သောင်း]
*******************
၂။ စီးပွားရေးလုပ်ငန်းအစီအစဉ်ဆွဲပါ
အသေးစိတ်ရေးဆွဲပါ။ အားလုံးဟာ လက်တွေ့အကောင်အထည်
ဖော်နိုင်ဖို့လိုတယ်။ အချိန်ယူပြီး အပိုင်းလိုက် သုံးသပ်ပါ။ စီးပွားရေး
လုပ်ငန်းစီမံချက်တစ်ခုမှာ အောက်ပါအတိုင်းတွေ ပါဝင်လေ့ရှိတယ်။
- ပစ္စည်းအကြောင်းဖော်ပြချက်။--။ သင့်ပစ္စည်းဟာအမြင်အားဖြင့်
ဘယ်လိုရှိတယ်။ ဘယ်လိုကုန်ကြမ်းတွေနဲ့ လုပ်မယ်ဆိုတာတွေ
ပါဘဲ။ ပစ္စည်းဟာ အမြင်အရ ဆွဲဆောင်မှုရှိဖို့လိုတယ်။
- ဈေးကွက်ဆန်းစစ်ချက်။--။ ဘယ်ဈေးကွက်ကိုဦးတည်မှာလဲ။
ကိုယ်စိတ်ကူးထားတဲ့သူတွေက ဘယ်ဈေးတွေမှာ ဈေးဝယ်ကြတယ်။
အဲဒီဈေးတွေက ဘယ်မှာရှိကြတာလဲ။
- အပြိုင်အဆိုင်။--။ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ၊ သူတို့ရဲ့
အားသာချက်တွေ ဘာတွေလဲ။ သူတို့ထက်သာအောင် ဘယ်လို
လုပ်မလဲ။
- မားကတ်တင်း (ရောင်းရအောင် ဆောင်ရွက်ခြင်း)။--။
ပစ္စည်းကိုရောင်းထွက်အောင် ဘယ်လိုလုပ်မလဲ။ ပစ္စည်းကိုဝယ်မယ့်
သူတွေ ဘယ်လိုမြင်စေချင်သလဲ။ ပြောချင်တာက ဘာလဲ။
အမြင်ကောင်းအောင် ဘယ်လိုထုပ်ပိုးမှာလဲ။
- လက်တွေ့ရောင်းချခြင်း။--။ ဘယ်မှာ ရောင်းမှာလဲ။ ၀ယ်ချင်အောင်
ဘယ်လိုလုပ်မှာလဲ။ ဘယ်တော့ရောင်းမှာလဲ။ ဘယ်လောက်ဖိုး
ရောင်းရမယ်လို့ မှန်းထားသလဲ။
- ထုတ်လုပ်ခြင်း။--။ ဘယ်လိုထုတ်မှာလဲ။ ဒါကို အဆင့်ဆင့်
အသေးစိတ်ရေးဆွဲထားပါ။ ဘယ်လိုကုန်ကြမ်းတွေလိုမလဲ။
ဘယ်နေရာမှာ ဘယ်တော့ထုတ်လုပ်မှာလဲ။ ထုတ်လုပ်ကုန်ကျစရိတ်
က ဘယ်လောက်လဲ။
- ဘဏ္ဍာရေး။--။ လုပ်ငန်းစဖို့ ငွေဘယ်လောက်လိုမလဲ။
ဘယ်လောက်မြတ်မယ်လို့ မှန်းထားသလဲ။

Monday, June 23, 2014
လုပ်ငန်းရှင် ဖြစ်လိုသော်
[ကိုညွန့်သောင်း]
*******************
၁။ စိတ်ကူးကောင်းကောင်းရအောင်ကြိုးစားပါ
စီးပွားရေးလုပ်ငန်းအများစုဟာ စိတ်ဝင်စားစရာစိတ်ကူးစိတ်သန်း
တစ်ခုခုနဲ့ စခဲ့ကြရတာချည်းပါပဲ။ လူတွေလိုအပ်နေတဲ့ ၀န်ဆောင်မှု
တစ်မျိုးမျိုးဖြစ်ဖြစ်၊ နေ့စဉ်လုပ်ကိုင်ရတဲ့ အလုပ်ကလေးတွေ
လွယ်ကူသက်သာသွားစေနိုင်တဲ့အသုံးတည့်တဲ့ပစ္စည်းမျိုးဖြစ်ဖြစ်
အဲဒီလို လိုအပ်ချက်နှစ်မျိုးကို ဖြည့်ဆည်းပေးနိုင်တဲ့ဟာမျိုးပဲဖြစ်ဖြစ်
လုပ်ဖို့ရာမှာ စိတ်ကူးကောင်းဖို့ လိုတယ်။ ပိုပြီးအရေးကြီးတာက
စိတ်ကူးကို ဘယ်လိုအကောင်အထည်ဖော်သလိုဆိုတာဖြစ်တယ်။
- စိတ်ကူးကောင်းတစ်ခုတော့ရပြီး ဒါပေမယ့်တကယ့်လက်တွေ့
အကောင်အထည်ဖော်နိုင် မဖော်နိုင်ဆိုတာကို စဉ်းစားချင့်ချိန်ဖို့
လိုတယ်။ ကုန်ကျစရိတ် ဘယ်လောက်ရှိမယ်။ ထုတ်လုပ်ရတဲ့အချိန်၊
လူကြိုက်များမများဆိုတာတွေကို ထည့်စဉ်းစားပါ။
- ကိုယ်ရထားတဲ့စိတ်ကူးနဲ့မတူတဲ့ တခြားစိတ်ကူးတွေအတွက်
အမြဲတံခါးဖွင့်ထားပါ။ လူတွေက ကိုယ့်ပစ္စည်းကို ၀ယ်ချင်စိတ်ရှိမရှိ
သိရအောင် မေးမြန်းပြီး မှတ်တမ်းတင်ထားပါ။
- စိတ်ကူးရယ်လို့ မရှိသေးရင်တော့ ပစ်မှတ်ထားရမယ့် ဈေးကွက်
အကြောင်းကိုပထမ စဉ်းစားပါ။ အဲဒီနောက်ဘယ်ဆိုင်တွေမှာ သူတို့
ဈေးဝယ်ကြတယ်။ သူတို့အကြိုက်တွေက ဘာတွေဖြစ်နိုင်တယ်
စတဲ့ အချက်တွေကို မွှေနှောက်ဆက်စပ်စဉ်းစားပါ။ အဲဒီအချက်
အလက်တွေထဲက သုံးချက်လောက်ကိုပဲ ရွေးပြီး အနှစ်ချုပ်စဉ်းစားပါ။
တစ်ချိန်တည်းမှာပဲ ကုန်ကျစရိတ်၊ ထုတ်လုပ်ရချိန်နဲ့ လူကြိုက်များ၊
မများ ဆိုတာတွေကိုထည့်တွက်ပါ။ အဲဒါတွေထဲကမှ တကယ်
အကောင်အထည်ဖော်နိုင်တဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖို့လည်း
အလွယ်ဆုံးဖြစ်မယ့် ပစ္စည်းကိုရွေးပါ။

Quote of the day
သင့်ခန္ဓာကိုပေါ်တွင် ဆင်ယင်ထားသမျှအနက်
သင့်မျက်နှာပေးသည် အရေးအကြီးဆုံး ဖြစ်သည်။
ဂျနက်လိန်း

Thursday, June 19, 2014
ထိထိရောက်ရောက် ရှင်းလင်းတင်ပြတတ်ဖို့
******************************
ထိထိရောက်ရောက် ရှင်းလင်းတင်ပြတတ်ဖို့
[ကိုညွန့်သောင်း]
******************************
မိမိရဲ့ရောင်းကုန်ပစ္စည်းတွေအကြောင်း ဒါမှမဟုတ် ၀န်ဆောင်မှု
အကြောင်းတွေကို Power Point အစရှိတဲ့ ဆော့ဖ်ဝဲလ်တွေ
အသုံးပြုပြီး လူအများသိသွားအောင် ရှင်းလင်းတင်ပြရာမှာ
ထိရောက်အောင်မြင်စေနိုင်တဲ့ အချက်တွေကိုကတော့...
၁။ ရှင်းလင်းတင်ပြပေးမယ့်အကြောင်းအရာကိုသိထားဖို့လိုတယ်။
အဲဒီလိုစေ့စေ့စပ်စပ်သိထားရင် အေးအေးဆေးဆေး သက်တောင့်
သက်သာ ပြောသွားလို့ရတယ်။ နားထောင်တဲ့ ပရိတ်သတ်က
သင်ဟာ တကယ်တတ်သိနားလည်တဲ့သူ တစ်ယောက်ဖြစ်မှာပါ
ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာကြတာဖြစ်တယ်။ ဒါပေမယ့်
သင်တတ်သိနားလည်ထားတာတွေကို အားလုံးအိတ်သွန်ဖာမှောက်
ပြောချလိုက်တာမျိုး မလုပ်ပါနဲ့။ ပရိတ်သတ်တွေ ခေါင်းရှုပ်သွား
နိုင်တယ်။ သူတို့စိတ်ဝင်စားတဲ့ အချက်သုံးချက်လောက်ဆိုရင်
သင့်လောက်ပြီ။ ဒီထက်ပိုသိချင်ရင်တော့ မေးပါစေ။
၂။ သူတို့ကို သိစေချင်တာကဘာလဲ၊ အဲဒါကိုရှင်းရှင်းလင်းလင်း
နားလည်သွားအောင်ပြောပြပါ။
ဒါနဲ့ပတ်သက်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက သုံးစွဲလိုက်နာ
လာခဲ့တဲ့ အောက်ပါအချက်သုံးချက်ရှိပါတယ်။
(က) သင်ပြေချင်တဲ့အကြောင်းအရာကို ပထမဆုံးအစပျိုးထားပါ
(ခ) အဲဒီနောက် အသေးစိတ် အကျယ်တ၀င့် ပြောပါ
(ဂ) ပြောပြီးတာတွေကို ၀ါကျအနည်းငယ်နဲ့ အကျဉ်းချုံးပြောပေးပါ
၃။ ရုပ်ပုံကားချပ်တွေနဲ့ ရှင်းပြပါ။
ရုပ်ပုံကားချပ်တွေနဲ့ ရှင်းပြတဲ့အခါ သဘောပေါက်လွယ်ပါတယ်။
၎။ ရုပ်ရှင်မင်းသား၊ မင်းသမီးသာဆိုရင် ပွဲမ၀င်ခင် ဇတ်တိုက်
လေ့ကျင့်ထားမှာဖြစ်တယ်။
အခုတင်ပြပြောဆိုရတဲ့အလုပ်ဟာလည်း ဒါနဲ့သိပ်မကွာဘူး။
ဒါလည်းပွဲ ပဲလေ။ ဒီတော့ လူတွေရှေ့မှာလေ့ကျင့်ထားတာပိုကောင်း
တာပေါ့။ ဒါမှ ဘယ်ဟာကတော့ အချိုးပြေတယ်၊ ဘယ်ဟာကတော့
ဖြင့် အချိုးမပြေဘူးဆိုတာ သိသွားနိုင်တယ်။ အပြင်မှာ အပြောအဆို
ကြိုတင်လေ့ကျင့်ထားရင် တကယ်ပြောရတဲ့အခါ အေးအေးဆေး
ဆေးရှိမှာဖြစ်သလို အချက်အလက်တွေကိုပဲ အလွတ်ပြန်ရွတ်ပြ
ပေးနေတာမျိုးလည်း မဖြစ်နိုင်တော့ဘူး။
၅။ ကိုယ်ပြောရမယ့်အခန်းထဲမှာ လေ့ကျင့်ပါ။
ကိုယ့်အိမ်မှာ ဒါမှမဟုတ် ကိုယ့်ရုံးခန်းထဲမှာ လေ့ကျင့်လို့အဆင်ပြေ
နိုင်ပေမယ့် တကယ်ပြောရမယ့်အခန်းထဲမှာကျတော့ အဆင်ပြေ
ချင်မှပြေမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ တကယ်ပြောရမယ့်အခန်း
ထဲဝင်ပြီး အခန်းရဲ့အနေအထား စတာတွေနဲ့ ရင်းနှီးအကျွမ်းဝင်
သွားအောင်လုပ်ပါ။ ပရိတ်သတ်တွေထိုင်တဲ့ ထိုင်ခုံတွေမှာ
မိမိကိုယ်မိမိ ပရိတ်သတ်တစ်ယောက်အဖြစ် သဘောထားပြီး
ထိုင်ကြည့်ပါ။ ဒီတစ်ခါ တကယ်တမ်း မီးရောင်အောက်မှာ စကား
ပြောရပြီဆိုတဲ့အခါကျတော့ ဘယ်နေရာမှာ လမ်းလျှောက်လို့
ရတယ်၊ မတ်တတ်ကလေးရပ်လို့ရတယ်ဆိုတာ သိသွားနိုင်တယ်။
ပြောတဲ့အခါ သုံးရတဲ့ လျှပ်စစ်ပစ္စည်းတွေကိုလည်း စစ်ဆေးကြည့်
ဖို့ မမေ့ပါနဲ့။ လျှပ်စစ်မီးကြိုးပလပ်ပေါက်တွေ လုံလုံလောက်
လောက် မရှိတတ်ဘူး။ ဒါကြောင့် ဆက်သွယ်ဖို့ မီးကြိုးအရှည်တို့
မီးလုံးတို့၊ ပြစက်တို့ဆိုတာတွေပါ ယူသွားသင့်တယ်။
၆။ တစ်ယောက်စာ စကားပြောစင်မြင့်ကိုအားမကိုးပါနဲ့
စင်မြင့်ပေါ်မှာ မတ်တတ်ရပ်လက်တင်ပြီး စကားပြောရတာထက်
လွတ်လွတ်လပ်လပ်ပရိတ်သတ်ကြားထဲ လမ်းလျှောက်ရင်း
စကားပြောသင့်ပါတယ်။ စင်မြင့်ပေါ်မှာဆိုရင်လည်း တစ်နေရာတည်း
မှာနေပြီး ပြောတာထက် နေရာရွှေ့ရွှေ့ပြီးပြောတာ ပိုကောင်းတယ်။
ဒါမှပရိတ်သတ်ကို ဆွဲဆောင်နိုင်မှာဖြစ်သလို မိမိဟာ သူတို့အတွက်
အလွယ်တကူပြောဆိုမေးမြန်းနိုင်သူတစ်ယောက်ပါလားဆိုတာ
သူတို့ယူဆသွားမှာဖြစ်တယ်။ ဆလိုက်ထိုးပြဖို့အတွက်လိုအပ်ရင်
Remote Control သုံးပါ။
၇။ ပရိတ်သတ်ကို စကားပြောပါ
တချို့ရှင်းလင်းတင်ပြကြသူတွေဟာ မိမိတို့အိမ်ကယူလာတဲ့မှတ်စု
တွေကိုပဲ ဖတ်ပြနေတတ်တယ်။ ပိုဆိုးတာက Power Point နဲ့
ထိုးပြထားတာတွေကိုပဲ ဖတ်ပြနေတာမျိုးဖြစ်တယ်။ သူတို့ကို
ဖတ်ပြဖို့မလိုဘူး။ သင်ပြောတာကို ကြားချင်လို့လာကြတာဖြစ်တယ်။
၈။ ဖြည်းဖြည်းမှန်မှန်လေး ပြောရှင်းပါ
ဖြည်းဖြည်းမှန်မှန်လေးပြောရင်း ပရိတ်သတ်ထဲက သိချင်တာရှိရင်
ဖြေကြားပေးနိုင်ဖို့လည်း အဆင်သင့်လုပ်ထားပါ။ ဒါကတော့
အမှတ်စဉ် (၁) တုန်းကပြောခဲ့တဲ့အတိုင်းပါပဲ။ ရှင်းလင်းတင်ပြအပြီး
မေးခွန်းမေးခွင့်ပြုပေးပါ။ ကိုယ်ကလည်း သူတို့ကိုပြန်မေးဖို့
အသင့်ရှိပါစေ။ ဒါဟာ ရင်းနှီးစေနိုင်တဲ့ နည်းပဲ။
၉။ Power Point ကို သုံးတယ်ဆိုရင်တော့
Slide အမျိုးမျိုးကို မြန်မြန်ဆန်ဆန် ပြောင်းလဲသုံးနိုင်အောင်
လေ့ကျင့်ထားပါ။
၁၀။ အစားထိုးဖို့ စီစဉ်ထားပါ
ရှင်းလင်းတင်ပြပွဲအတွက် မမျှော်လင့်တဲ့အခက်အခဲလေးတွေရှိတတ်
တယ်။ ကိုယ့်ရဲ့ Projector က မီးလုံးပျက်သွားတာမျိုးဖြစ်ဖြစ်၊
အရေးကြီးတဲ့ စာရွက်စာတမ်းထည့်ထားတဲ့အိတ် မေ့ကျန်ခဲ့တာမျိုး
ဖြစ်ဖြစ်၊ တွေ့ကြုံရတဲ့အခါ ပွဲမပျက်ရအောင် ပြောစရာရှိတာပြောသွား
နိုင်အောင်လုပ်ထားပါ။ လက်တန်းပြောနိုင်ဖို့လိုတယ်။ ဒါမှလည်း
ပရိတ်သတ်တွေ လာရကျိုးနပ်မှာဖြစ်တယ်။
CEO Magazine

Wednesday, June 18, 2014
စကားပြောဆိုကြရာဝယ်
******************
စကားပြောဆိုကြရာဝယ်
[Solomon Soe]
******************
တစ်ခါက ဖားအုပ်စုတစ်စုသည် သစ်တောအုပ်တစ်ခု
အတွင်းဖြတ်သန်းရင်း ၄င်းတို့အုပ်စုထဲမှ ဖား၂ ကောင်သည်
တွင်းနက်ထဲသို့ မထင်မှတ်ပဲကျသွားသည်။သို့နှင့်ကျန်သော
ဖားများအားလုံး ၄င်းတွင်းနက်အနားတွင်စုရုံးလာခဲ့ကြသည်။
၎င်းတွင်းသည် အလွန်တရာနက်သည် ကိုကျန်သော
ဖားများကတွေ့ မြင်သောအခါ...
၎င်းတွင်းထဲသို့ ကျသွားသောဖား၂ ကောင်းအား
ကျန်သောဖားများကသေတာပဲကောင်းပါတယ်လို့ 
မှတ်ချက်ချပြောဆိုနေပါသည်။ သို့သော် ၄င်းဖား၂ကောင်သည်
၎င်းတို့ မှတ်ချက်ချပြောကြားချက်ကိုဂရုမစိုက်ပဲ
၎င်းတွင်းမှလွတ်မြောက်အောင်တတ်နိုင်သလောက်ကြိုးစားပြီး
ခုန်ကြပါသည်။
ကျန်သောဖားများကလည်းဆက်မခုန်ရန်နှင့်အေးအေးဆေးဆေး
သေကပိုကောင်းကြောင်းတစ်ယောက်တစ်ပေါက်ပြောနေကြသည်။
နောက်ဆုံးတော့ တစ်ကောင်သောဖားသည်
အခြားသောဖားများပြောနေသည်ကိုသတိပြုမိပြီးဆက်မခုန်တော့ပဲ
အရှုံးပေးလိုက်သည်။ထိုသို့  အရှုံးပေးလိုက်သည်နှင့်၎င်းဖားမှာ
လှဲကျပြီးသေဆုံးသွားသည်။ သို့သော်ကျန်သောဖားတစ်
ကောင်မှာ တတ်နိုင်သလောက်ဆက်ပြီးခုန်နေသည်။
၎င်းဖားခုန်နေတာကိုကြည့်ပြီးကျန်သောဖားများကဆက်ပြီး
အနာမခံပဲအေးအေးဆေးဆေးသေရန်ုပြောပြန်သည်။
သို့ နှင့်၎င်းဖားသည်ပိုပင်ကြိုးစားပြီးခုန်နေကာနောက်ဆုံးတွင်
၎င်းတွင်းမှလွတ်မြောက်ခဲ့လေသည်။
စာရှုသူများခင်ဗျား- အမှန်မှာ၎င်းလွတ်မြောက်လာသောဖားသည်
နားမကြားပါ။ ၄င်းအနေဖြင့်အခြားသောဖားများပြောသောအရာကို
ဘာမှမကြားပါ။ ၄င်းထင်သည်မှာအခြားသောဖားများသည်
၎င်းကိုတစ်ချိန်လုံးအားပေးနေသည် ဟု သာထင်ခဲ့ သည်။
ပုံပြင်သည်ကျွန်တော်တို့ ကိုသင်ခန်းစာ ၂ ခုပေးခဲ့ သည်။
၁. လျှာတွင်အသက်ကိုရှင်စေ၊သေစေနိုင်သောစွမ်းအားရှိသည်။
စိတ်ဓာတ်ကျနေသူတစ်ဦးအား အားပေးစကားပြောခြင်းသည်
၎င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင်သည့်အပြင်
၎င်းရင်ဆိုင်နေရသောအခက်အခဲကိုအောင်မြင်ကျော်လွားနိုင်
အောင်ကူညီပေးနိုင်သည်။ထို့ နည်းတူ စိတ်ဓာတ်ကျနေသူတစ်ဦး
အားပြောသည့်အပြုသဘောမဆောင်သောစကား
သည်၎င်းကိုယ်၎င်းသတ်သေရန်ဖြစ်စေနိုင်သည်။
သို့ အတွက်ကြောင့်မိမိပြောသမျှစကားများကိုသတိထား
ဆင်ဆင်ခြင်ခြင်ပြောကြရန်ဖြစ်သည်။
၂။ ဘ၀လမ်းကြောင်းတွင်းသွားရင်းလာရင်း မိမိနှင့်ထိတွေ
့ဆက်ဆံသူများအားအပြုသဘောဆောင်သော
စကားကိုသာပြောပါ။ တစ်ခါတစ်ရံတွင်အပြုသဘောဆောင်
သောစကား၊ အားပေးစကားများသည်
မိမိထင်ထားသည်ထက်ပြီးထိရောက်တတ်သည်ကို
နားမလည်နိုင်အောင်ဖြစ်ရသည်။
သည့်အတွက်ကြောင့် စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။
သူ့ အကျိုးကိုယ့်အကျိုး၊ရပ်ရွာအကျိုး၊နိုင်ငံ့အကျိုးကိုဖြစ်စေ
သောစကားကိုပြောနိုင်ကြပါစေ။

Tuesday, June 10, 2014
ယဉ်ကျေးဖွယ်ရာ အပြုအမူ
*****************
ယဉ်ကျေးဖွယ်ရာ အပြုအမူ
[ဆရာချစ်စံဝင်း]
*****************
သင်သည် အမှန်တကယ် ထိပ်တန်းသို့ရောက်လိုပါသလား။
ကျွန်တော် မေတ္တာရပ်ခံလိုသည်မှာ ယဉ်ကျေးသိမ်မွေ့ပါဟု
ဖြစ်ပါ၏။
သင်သည် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား
ဤကိစ္စအားလုံး ယဉ်ကျေးသိမ်မွေ့ရပါမည်။ အဘယ်ကြောင့်
ဆိုသော သင်သည် ထိပ်တန်းသို့ တက်လိုသောသူဖြစ်နေသဖြင့်
မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။ သင်သည် ဖြစ်ချင်သလိုဖြစ်
ဆိုပါက ဘာမှအကြံပေးရန်အကြောင်းကိစ္စ မရှိပါ။
ခေတ်ဟောင်းဆန်သည်ဟု ဆိုချင်ဆိုပါရစေ။
- ကျေးဇူးပြု၍
- ကျေးဇူးတင်ပါတယ်
- ဟုတ်ကဲ့ မေမေ
- ဟုတ်ကဲ့ ခင်ဗျာ
ဟုဆိုသော စကားလုံးများသည် အလွန်တရာမှ အရေးကြီးလှ
ပါသည်။ လူငယ်တစ်ဦး ထိုကဲ့သို့ ပြောဆိုနေသည်ကို
ကြားပါက တယ်လည်း ရည်မွန်တဲ့ လူငယ်ပဲဟု လူတိုင်း
ချီးကျူးကြပါ၏။ သင်သည် အချီးကျူးခံရသော လူငယ်တစ်ဦး
ဖြစ်ပါက ထိပ်တန်းသို့ တက်လှမ်းရန် လှေကားထစ် တစ်ထစ်
နှစ်ထစ်ခန့်ကိုပင် တက်မိပြီဟု ယူဆနိုင်ပါသည်။
ကုမ္ပဏီရှိ လူကြီးပိုင်းပုဂ္ဂိုလ်များနှင့်သော်လည်းကောင်း၊
သင့်အထက်အရာရှိနှင့်သော်လည်းကောင်း သို့မဟုတ်
သင်ဆက်ဆံရသူတိုင်းအား ယဉ်ကျေးဖွယ်ရာ စကားအသုံးအနှုန်း
များကို ပြောဆို၍ အလေးထားဆက်ဆံရန် အကြံပေးလိုပါသည်။
ယဉ်ကျေးသော စကားပြောဆိုမှု၊ ယဉ်ကျေးသော အမူအရာများနှင့်
တစ်ပါတည်း လူအများရှေ့တွင် စားသောက်သည့်နည်းကိုလည်း
လေ့ကျင့်သင်ယူထားပါ။
"အောင်မြင်ရန် ၀တ်ဆင်ပါ" (Dress for Success) ဟူသော
အမေရိကန် စာအုပ်တစ်အုပ်ရှိပါသည်။ ထိုစာအုပ်ကို ရေးသားသူ
ဂျွန်မိုလီက စီမံခန့်ခွဲရေးအပိုင်းအတွက် အလုပ်လျှောက်ထားသူ
၃၀ ရာခိုင်နှုန်းသည် အလုပ်အတွက် ပြည့်ဝသောထောက်ခံချက်
များပါရှိပါလျက် ယဉ်ကျေးဖွယ်ရာသော အစားအသောက်၊
အပြောအဆို၊ အမူအကျင့်များ မရှိ၍ အလုပ်မရကြဘဲ ရှိကြသည်ဟု
ဆိုပါ၏။
ယဉ်ကျေးဖွယ်ရာ အမူအကျင့်တို့သည် ထိပ်ပိုင်းသို့ ရောက်ရှိရေး
အတွက်သော်လည်းကောင်း၊ ထိပ်ပိုင်း၌ဆက်၍ နေရေးအတွက်
သော်လည်းကောင်း၊ အလွန်မှအရေးပါလှပါသည်။

Wednesday, June 4, 2014
ဟားဗတ်တက္ကသိုလ်
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့
ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့
စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး
စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က
အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။
ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင်
ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည်
အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။
မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။
ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ
ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ
မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှု
အရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊
ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့်
မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသွားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခု
လက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း
ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို
အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
By: Hao Zane

Monday, June 2, 2014
အချိန်စီမံခန့်ခွဲမှု (Time Management)
**************************
အချိန်စီမံခန့်ခွဲမှု (Time Management)
**************************
သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ
အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲ
တတ်ခြင်းပါပဲ။ လူတော်တော်များများဟာအလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့စိတ်ဖိစီးနေကြရပါတယ်။
ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာ
လည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ
ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။ဒါပေမဲ့ အဓိက
ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့
စိတ်ပညာရှင်တွေကဆိုပါတယ်။
သင့်ကိုယ်သင် ပြောင်းလဲချင်စိတ် ရှိရပါမယ်။ အပြောင်း
အလဲတွေ လုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့
သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်စီမံခန့်ခွဲတတ်ခြင်း
ပါပဲ။အချိန်စီမံခန့်ခွဲမှုဆိုတာကတော့ ဘယ်ကိစ္စတွေက
အရေးကြီးတယ်၊ ဘယ်ကိစ္စတွေက အရေးမကြီးဘူး
ဆိုတာကို ခွဲခြားတတ်တဲ့ စွမ်းရည်တစ်မျိုးပါပဲ။
ဆိုလိုတာကတော့ဘယ်ကိစ္စတွေကို အရင်လုပ်ရမယ်၊
ဘယ်ဟာကိုတော့ နောက်မှ လုပ်ရမယ်ဆိုတာ
ခွဲခြားတတ်ရမယ်ပေါ့။
ဒါပေမယ့် အချိန်စီမံခန့်ခွဲမှု (Time Management) ကို
အသုံးမပြုခင်မှာသင်လုပ်ရမယ့် အရာတစ်ချို့ရှိပါတယ်။
အဲဒါတွေ မရှိဘူးဆိုရင်တော့ သင့်ရဲ့
အားထုတ်မှုတွေဟာ အရာထင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်
စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း ၈ခုကို ပေးချင်ပါတယ်။
၁။ စာရင်းများ ပြုလုပ်ပါ
သင် လုပ်စရာမှန်သမျှကို အစီအစဉ်ဆွဲထားပါ။ ပြီးတော့
အဲဒါတွေကိုစာရွက်ပေါ်မှာချရေးပါ။ (ကွန်ပျူတာနဲ့
ရေးမယ်ဆိုရင်တော့ notepad ဟာ
အကောင်းဆုံးလို့ ထင်ပါတယ် )
၂။ သင့်ကိုယ်သင် အားပေးပါ
သင့်ရဲ့ စာရင်းထဲက အလုပ်တစ်ခုကို လုပ်ပြီးတိုင်း
အဲဒီအလုပ်အတွက် သင့်ကိုယ်သင်
ဆုချီးမြှင့်ပါ။ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ်၊
ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်
သင်လုပ်ချင်တာတစ်ခုခုကို လုပ်လိုက်ပါ။
၃။ တစ်ကြိမ်မှာ တစ်ခု
ကျနော်တို့ရဲ့ ဦးနှောက်ဟာ တစ်ကြိမ်မှာ အလုပ်
ကိစ္စတစ်ခုကိုပဲအာရုံစိုက်မယ်ဆိုရင် ပိုပြီး ထိထိ
ရောက်ရောက် စွမ်းဆောင်နိုင်ပါတယ်။
ဆိုလိုတာကတော့ တစ်ပြိုင်နက်တည်း အလုပ်တွေ
အများကြီးလုပ်လေ၊ စွမ်းဆောင်ရည်
ကျဆင်းလေပါပဲ။
၎။ အလုပ်တွေကို အချိန်မဆိုင်းပါနဲ့
ဒါကတော့ ရိုးရှင်းပါတယ်။ အချိန်ဆွဲခြင်းဟာ
ကျနော်တို့အတွက် အဓိက ရန်သူပါပဲ။
၅။ ကိစ္စတိုင်းအတွက်နောက်ဆုံးအချိန်ကိုသတ်မှတ်ထားပါ
သင့်ရဲ့ လုပ်စရာကိစ္စတိုင်းအတွက် နောက်ဆုံးပြီးရမယ့်
ရက်တွေကိုသတ်မှတ်ထားမယ်ဆိုရင် အချိန်တွေအများကြီး သက်သာတာကို အသေအချာ တွေ့ရပါလိမ့်မယ်။
၆။ သင်ဝါးနိုင်တာထက် ပိုမကိုက်ပါနဲ့
(Don’t bite off more than you can chew)
လူတော်တော်များများက အလုပ်တွေ အများကြီးကို
လုပ်ကြတယ်။ အရာရာတိုင်းကိုလုပ်နိုင်ဖို့ ကြိုးစား
ကြတယ်။ ဒါပေမဲ့ ရလာဒ်ကတော့ အမြဲတမ်း
အနှုတ်လက္ခာပြနေတာပါပဲ။ ဒါကြောင့် တစ်ချိန်တည်းမှာ
အလုပ်တွေအများကြီးလုပ်မယ်ဆိုရင် သင် မောပန်း
လာပါလိမ့်မယ်။
၇။ ဒိုင်ယာရီ စရေးပါ
သင့်ရဲ့ အတွေးတွေအားလုံးကို ချရေးနိုင်မယ့်
ဒိုင်ယာရီကို စတင်ပါ။ ဒိုင်ယာရီထဲမှာ အစီအစဉ်တွေ
ပြုလုပ်နိုင်တယ်။ အဲဒါတွေကို ပုံဖော်ကြည့်နိုင်တယ်။
အဲဒါအပြင် သင့်ရဲ့ ရလာဒ်တွေကိုပါ မှတ်သားထားနိုင်တယ်။
တိုတိုပြောရရင်၊ ဒိုင်ယာရီရဲ့အကူအညီနဲ့ သင့်ကိုယ်သင်
ဆန်းစစ်နိုင်ပါလိမ့်မယ်။
၈။ မပင်ပန်းပါစေနဲ့
သင့်ရဲ့ အလုပ်တွေ၊ တာဝန်တွေနဲ့ ပင်ပန်းလာပြီဆိုရင်
ရလာဒ်ကောင်းတွေကို မရနိုင်ပါဘူး။ ဒါ့အပြင် သင့်ရဲ့အချိန်ကို ဖြုန်းတီးသလိုတောင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်
သင့်ကိုယ်သင် မပင်ပန်းအောင် ဂရုစိုက်ပါ။
အလုပ်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်မနေဘဲ
အနားယူတတ်ပါစေ။
Forward mail
Ref: Time Management from 10 Steps to a Better
Life by Roman Soluk

လူတွေကို အကောင်းဆုံးအကျိုးပေးသည့် အား
*************************************
လူတွေကို အကောင်းဆုံးအကျိုးပေးသည့် အား
[ဒေါက်တာသိန်းလွင်]
*************************************
Ergograph ဟုခေါ်သော ကိရိယာတစ်ခုကို သုံးပြီး ကလေးတွေမှာရှိသော
အင်အားအနိမ့်အမြင့်ကို စိတ်ပညာရှင် ဟင်နရီဂေါဒတ်က လေ့လာခဲ့ပါသည်။
သူ၏တွေ့ရှိချက်များသည် စိတ်ဝင်စားစရာကောင်းလှပါသည်။
ကလေးတွေကို အသိအမှတ်ပြု ချီးကျူးစကားပြောသောအခါ
ကလေးတို့၏ အင်အားအဆင့်သည် ချက်ချင်းမြင့်တက်လာပါသည်။
ကလေးတွေကို ဝေဖန်ပြစ်တင်သောအခါသူတို့၏ ကိုယ်ကာယဆိုင်ရာ
အင်အားတို့သည် ရုတ်တရက်ချည်း ထိုးကျသွားသည်ကို တွေ့ရပါသည်။
ဤတွေ့ရှိချက်ကို သင်ကိုယ်တိုင်လည်း လိုလိုသတိထား တွေ့ထားပြီးဖြစ်မှာပါ။
တစ်စုံတစ်ဦးက သင့်အား အသိအမှတ်ပြုချီးကျူး သောအခါ
သင်၏ အင်အားတွေတက်မလာဘူးလား။ သင့်အား တစ်စုံတစ်ယောက်က
ဝေဖန်ပြစ်တင်သောအခါ စိတ်ဓာတ်အင်အားတွေ ကျမကုန်ဘူးလား။
စကားလုံးတွေမှာ အားအပြည့်ရှိကြပါသည်။
လူတွေနှင့် ပထမဆုံးတွေ့ဆုံသောအချိန်တွင် သူတို့၏ အားသာချက်တွေကို
စဉ်ဆက်မပြတ်ထောက်ခံအတည်ပြုပြောပေးမည်ဆိုလျှင် သင်သည်
ဘယ်လိုပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးရာရောက်မည်ဟု ယူဆပါသလဲ။
သင်သည်လူအများကိုသာ တိုက်တွန်းအားပေးခြင်း မဟုတ်ပါ။
သူတို့၏ စိတ်ဓာတ်အင်အား၊ ကိုယ်ခန္ဓာအားတွေကို မြင့်တက်အောင်
ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါသည်။ သင်အခန်းထဲဝင်လာလိုက်လျှင်
လူတွေကြည်နူးသွား ကြပါလိမ့်မည်။ လူတိုင်း မြတ်နိုးနှစ်သက်သော
ပတ်ဝန်းကျင်ကို တစ်နေ့တာ ဘ၀တွေကို ပျော်ရွှင်လင်းလက် စေနိုင်ပါသည်။
25 Ways to Win with People (John C.Maxwell & Les Parrot)

Subscribe to:
Posts (Atom)