**************
စိတ်ဓာတ်ကျခြင်း
[ဆရာချစ်စံဝင်း]
**************
ပုဂ္ဂိုလ်တစ်ဦးက စိတ်ဓာတ်ကျခြင်း ဆိုသည်မှာ
"ဘာကိုမှ လုပ်ဆောင်မှု မရှိသည့် အန္တရာယ်ရှိသော အနုပညာတစ်ရပ်"
ဟု ဆိုခဲ့ပါ၏။
တကယ်တော့ စိတ်ဓာတ်ကျခြင်းသည်
- ဘ၀တွင် မျှော်လင့်ချက် ကင်းမဲ့သွားခြင်း
- ထိုကိစ္စအတွက် ဘာမျှ ကုစား၍ မရတော့ဟု ယူဆနေခြင်းနှင့်
မိမိအတွက် ဘာမှ အရေးတကြီးဆောင်ရွက်နေစရာ မရှိတော့ခြင်းသည်
စိတ်ဓာတ်ကျခြင်း ဖြစ်ပါ၏။
စိတ်ဓာတ်ကျပြီဟု ဆိုပါက ဘာမျှလည်း ရွေးချယ်စရာဟူ၍
မရှိတော့သည့် အနေအထားဖြစ်ပါ၏။ အနာဂတ်နှင့်
ပက်သက်၍ အပြုသဘောဆောင်သော အတွေးအခေါ်များ
ကင်းမဲ့နေခြင်းလည်း ဖြစ်ပါ၏။ လူ့ဘ၀တွင်
စိတ်ဓာတ်ကျနေသော ကာလသည်
- ကြမ်းတမ်းသောလမ်းကြောင်းမှ ထွက်လမ်းမမြင်တော့သည့်အခါမျိုး
- လင်းလက်နေသော နေရောင်ခြည်အစား တိမ်တိုက်မည်းကြီးများကို
မြင်နေရသော ကာလမျိုး ဖြစ်ပါ၏။
လူ၏စိတ်သည် အတော်ဆန်းကြယ်၍ အင်အားများရှိသည်ကို
သင်အစဉ် အမှတ်ရနေဖို့ လိုပါ၏။ သင့်စိတ်ကို သင်သည်
ထိန်းချုပ်နိုင်သည် ဆိုသော အချက်ကိုလည်း သင်သတိရပါ။
သင်၏ လုပ်ဆောင်ချက်များက သင်၏ခံစားချက်ကို ပြဌာန်းခြင်း
သာလျှင် ဖြစ်ပါ၏။ ထို့ကြောင့် သင်စိတ်ဓာတ်ကျနေပါက
ကျွန်တော်သည် အလေးအနက် အကြံပေးလိုသော အချက်
သုံးချက် ရှိပါ၏။
ပထမအချက်- စိတ်ဓာတ်ကျခြင်း၏ အကြောင်းရင်းခံသည်
တစ်ခါတစ်ရံ ဒေါသဖြစ်၏။ ဒေါသသည် ဦးတည်ချက်မရှိဘဲ
ထွက်လေ့မရှိ။ ဒေါသသည် တစ်စုံတစ်ယောက်သောသူကို
ဦးတည်နေတတ်ပါ၏။ သင် ဘယ်သူ့ကို ဒေါသ ထွက်နေသနည်း။
တစ်ဦးတစ်ယောက်ကို ဒေါသထွက်နေရာက စိတ်ဓာတ်ကျနေတာလား။
လူတစ်စုကို ဒေါသထွက်နေတာလား။ ဘာကြောင့် ဒေါသထွက်
ရသည်ကို သင်ရှာပါ။ သင်စိတ်ဓာတ်ကျမှုသည် ဒေါသထွက်မှုနှင့်
ဆက်စပ်နေပါက သင်ဒေါသထွက်နေသော သူများထံ
သွားလိုက်ပါ။ ထို့နောက် သင်က သူတို့ကို ခွင့်လွှတ်ကြောင်း
ပြောလိုက်ပါ။ ထို့နောက် အပြန်ခရီးတွင် သင့်ကိုယ်သင်လည်း
ခွင့်လွှတ်လိုက်ပါ။
ဒုတိယအချက်- စိတ်ဓာတ်ကျခြင်းသည် ဘာမျှလုပ်စရာ
မရှိတော့သည့် အခြေအနေမျိုး ဖြစ်ပေရာ သင့်စိတ်ဓာတ်ကျနေပါက
အလုပ်လုပ်စရာ စာရင်းတစ်ခုကို ချရေးလိုက်ပါ။ ထိုကဲ့သို့
အလုပ်များကို ရေးချပြီး ထိုအထဲမှ ဘယ်အလုပ်ကို စတင်လုပ်ဆောင်ရန်
သင်ရွေးချယ်ပါ။ ထို့နောက် အလုပ်တစ်ခုပြီးတစ်ခု ဆက်လုပ်ပါ။
သင် အလုပ်တစ်ခုပြီးတိုင်း သင်၏ စိတ်ဓာတ်သည် တစ်ဆင့်
မြင့်တက်လာပါသည်။
တတိယအချက်- သင့်စိတ်ဓာတ်ကျနေပါက တစ်စုံတစ်ယောက်ကို
ကူညီလိုက်ပါ။ အကူအညီလိုနေသူတစ်ဦးအား ကူညီလိုက်ပါ။
သူများကိစ္စများကို ကူညီခြင်းဖြင့် "သြော် သူများကိစ္စတွေတောင်
ငါကူညီနိုင်တာပဲ" ဟု ဆိုသည့် အတွေးရရှိကာ ထိုအတွေးက
သင့်အားလည်း စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးပြီး
ဖြစ်သွားတတ်ပါ၏။
ဒေါက်တာကားလ်မတ်နင်ဂျာ ဆိုသူက-
"မိမိရဲ့ စိတ်အာရုံ ထိခိုက်မှု ရှိလာပြီး စိတ်ဓာတ်ကျချင်နေပြီ
ဆိုတာနဲ့ တကယ့်ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့လူ၊
ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ယောက်ကိုရှာပြီး
ထိုသူကို အကူအညီပေလိုက်ပါ။ သင့်ပြဿနာသည်
ဖြေဖျောက်ပြီး ဖြစ်သွားမည်" ဟု ဆိုပါ၏။
(စိစစ်ရမည့် ရွေးချယ်မှု) စာအုပ်မှ

No comments:
Post a Comment