Monday, December 15, 2014

အတုမြင် အတတ်သင်

*****************
အတုမြင် အတတ်သင်
[ဒေါက်တာသာထွန်းဦး]
*****************

မကြာသေးမီက မြန်မာနိုင်ငံတွင် လက်ရှိအလုပ်လုပ်ကိုင်နေသော
အသက် ၂၅ နှစ်ခန့်ရှိ အမေရိကန်လူငယ်တစ်ဦးနှင့် တွေ့ဆုံ
စကားပြောဆိုခွင့်ရခဲ့ပါသည်။ တစ်နှစ်ခွဲခန့်လုပ်ကိုင်ခဲ့သော
အတွေ့အကြုံပေါ်မူတည်၍ အလုပ်လုပ်နေသော မြန်မာလူငယ်များ
အနေဖြင့် မဖြစ်မနေ ဆင်ခြင်ရမည့်အချက်တစ်ချက်ကို
သိလိုကြောင်း မေးမြန်းခဲ့ပါသည်။ သူ့အနေဖြင့် မြန်မာလူငယ်
များသည် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် မှားမှန်းသိလျက်နှင့်
ဖုံးကွယ်ထားဖြင်းပင်ဖြစ်ကြောင်း ဖြေကြားလေသည်။
သွေးထွက်အောင်မှန်သောအချက်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်တွင် အမှားကိုသိလျက်
သတ္တိရှိရှိ အကျိုးနှင့်အကြောင်းနှင့် အမှန်ကို တင်ပြပြောဆိုမှု
လွန်စွာအားနည်းကြောင်း တွေ့မြင်နေရပါသည်။ ဤသို့သော
ဦးဆောင်မှုအဆင့်တွင်အားနည်းနေမည်ဆိုပါက ယနေ့ခေတ်
လူငယ်လူလတ်များအနေဖြင့် ဆိုဖွယ်ရာရှိမည် မဟုတ်ပေ။

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်းနောင်တစ်ချိန်တွင်
အဘက်ဘက်က ဦးဆောင်မည့် ယနေ့လူငယ်များအနေဖြင့်
မိမိတို့လက်ရှိမြင်တွေ့သင်ယူနေသည့် ယနေ့လူကြီးများ၏
အပြောအဆို၊ အတွေးအခေါ်များကို စံနမူနာအခြေခံ၍
'အတုမြင် အတတ်သင်' ဆိုသည့်အတိုင်း၊ မိမိတို့မြင်တွေ့ကြား
သိသည့်အတိုင်း အနာဂတ်တွင် ပြောဆိုကျင့်ကြံကြမည်ဖြစ်ပါသည်။
ယနေ့လက်ရှိမြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးတွင် ခေါင်းဆောင်ဟု
ဆို၍ ခေါင်းဆောင်နေကြသူများအနေဖြင့် ပြောသည့်အတိုင်းလုပ်ရန်
(Walk the talk) လိုအပ်ပါသည်။ ရေရှည်တွင် ဖြစ်ပေါ်နိုင်သည့်
အကျိုးဆက်များကို ကြိုတင်မျှော်မှန်းပြင်ဆင်မှုမရှိဘဲ
မှားယွင်းသောဦးဆောင်မှုများ၊ လုပ်ဆောင်မှုများ၊ တွေးခေါ်မှုများနှင့်
ရေတိုရလဒ်များကိုသာ ဖော်ဆောင်နေပါက မြန်မာနိုင်ငံ၏အနာဂတ်
အတွက် ရင်လေးစရာဖြစ်ပါသည်။

ယနေ့လူငယ်များ၏ အနာဂတ်ဦးဆောင်မည့်ပုံစံမှာ ယနေ့လူကြီးများ
အတိုင်း "အမှန်တရားကိုမပြောရဲခြင်း၊ သင်ယူမှုအားနည်းခြင်း၊
မိမိအနီးနားရှိလူကိုသာ ယုံကြည်အားကိုးခြင်း၊ မိမိထက်တော်သည့်
လူများနှင့်ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ မိမိရာထူးနှင့်
ထိုက်တန်စွာတာဝန်မယူတတ်ခြင်းနှင့် မယူပြခြင်း၊ မှားလျှင်
မှားကြောင်း ၀န်မခံရဲခြင်းနှင့် တာဝန်မယူရဲခြင်း၊ လူကြီးအကြိုက်
အပေါ်ယံပြောဆိုလုပ်ကိုင်ခြင်း၊ အဖွဲ့အစည်းအတွက် မစဉ်းစားဘဲ
ကိုယ်ကျိုးကိုပဲ မျှော်ကိုးလုပ်ဆောင်ခြင်း" များကိုသာ
တွေ့မြင်နေရမည်ဖြစ်ပါသည်။

နိုင်ငံတကာစံနှင့် ယှဉ်ပြိုင်ဦးဆောင်နိုင်မည့်လူငယ်လူလတ်များကို
ယခုအချိန်တွင် ဂရုတစိုက်ပြုစုပျိုးထောင်ထားမှသာ ကျွန်တော်တို့
နိုင်ငံကြုံတွေ့နေရသည့်၊ ကြုံတွေ့ရမည့် ခေါင်းဆောင်များ
ရှားပါးခြင်းကို ကျော်လွှားပြီး ပေမီဒေါက်မီ စနစ်တကျဖွံ့ဖြိုးသည့်
နိုင်ငံဖြစ်လာမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယနေ့
ခေါင်းဆောင်ဆိုသည့်လူကြီးများအနေဖြင့် ခေါင်းဆောင်များ
ပီသစွာကျင့်ကြံလုပ်ဆောင်သွားမှသာ လက်ရှိလေ့လာသင်ယူမှု
နေရာတွင်ရောက်နေသော လူငယ်လူလတ်များလာဖို့ သင်ခန်းစာ
ကောင်းများ၊ နမူနာကောင်းများ သင်ယူလေ့လာပြင်ဆင်နိုင်မည်
ဖြစ်ပါကြောင်း။


CEO Magazine

No comments:

Post a Comment