Monday, February 24, 2014

ပြင်ဆင်မှု

********
ပြင်ဆင်မှု
[ဒေါက်တာခင်မောင်ညို]
********

မိမိရဲ့တိုးတက်ရာတိုးတက်ကြောင်းကို ရှာချင်တယ်ဆိုရင် day-tight
compartments (တစ်နေ့တာအလုံပိတ်အခန်း) မှာသာနေပါ။ မနေ့က
ဆိုတာမရှိပါဘူး။ မနေ့ကဆိုတာပြီးသွားပြီ။ နက်ဖြန်ဆိုတာလည်း
မရှိဘူး။ နက်ဖြန်ရဲ့ အခန်းအတွက်လည်း ခလုတ်မဖွင့်ပါနဲ့။ တံခါးကို
လုံလုံပိတ်ထားပါ။ ဒါဆိုရင် နက်ဖြန်အတွက် မပြင်ဆင်ရတော့ဘူးလား။
ဒီနေ့အတွက် အကောင်းဆုံးလုပ်တာဟာ နက်ဖြန်အတွက် ပြင်ဆင်
တာပဲ။ ခရစ်ယာန်တွေ ဆုတောင်းတဲ့အခါ "ကျွန်တော်တို့ကို
ယနေ့အတွက် ပေါင်မုန့်ပေးသနားပါ" လို့သာ ဆုတောင်းပါတယ်။

နက်ဖြန်အတွက် မစဉ်းစားနဲ့လို့ ဆိုလိုတာမဟုတ်ဘူး။ တကယ်တော့
နက်ဖြန်အတွက် စိတ်သောကမရောက်နဲ့လို့သာ ဆိုလိုတာဖြစ်တယ်။
နက်ဖြန်ဟာ သူ့ဘာသူလာလိမ့်မယ်။ နက်ဖြန်ကျရင် နက်ဖြန်အတွက်
အတွေးတွေပေါ်လာမှာပဲ။ ဒီအတွက် ကျွန်တော်တို့က ပူပန်နေတာမျိုး
မလုပ်ကောင်းပါဘူး။ ကျွန်တော်တို့တတွေဟာ အသက်ရှင်ပြီး
ပျော်ရွှင်စွာနေတဲ့အချိန်တွေကို ရွှေ့နေကြတယ်။

ဘယ်အခါမှ ပျော်မှာလဲ။
ကလေးလေးကပြောတယ် ကျောင်းနေမှ..တဲ့။
မူလတန်းကျောင်းသားကပြောတယ် အထက်တန်းရောက်မှ..တဲ့။
အထက်တန်းကျောင်းသားကပြောတယ် တက္ကသိုလ်ရောက်မှ..တဲ့။
တက္ကသိုလ်ကျောင်းသားကပြောတယ် အလုပ်ရမှ..တဲ့။
အလုပ်လုပ်နေတဲ့သူကပြောတယ် ရာထူးတက်မှ..တဲ့။
ဒါနဲ့ပဲ.....ဒါနဲ့ပဲ.... အငြိမ်းစားယူသွားတယ်။ နောက်တော့
သူရဲ့ဘ၀ နိဂုံးကို ရောက်သွားတယ်။

ဒီတော့ ဒီနေ့မှာပျော်လိုက်ပါ။
နက်ဖြန်အတွက် နက်ဖြန်မှာစဉ်းစားပါ။
ဒီနေ့အတွက်ကိုသာ စဉ်းစားမယ်ဆိုရင် ပျော်နိုင်ကြမှာ အမှန်ပါပဲ။

No comments:

Post a Comment