****************
ငွေ၏ပံ့ပိုးမှု စွမ်းအား
[ဆရာဖေမြင့်]
****************
လူငယ်တွေ ငွေရှာဖို့၊ ချမ်းသာအောင်လုပ်ဖို့ အချိန်တော့သုံးရမှာပဲ။ တချို့က
ပြောမယ် လောကကြီးမှာ ငွေထက်တန်ဖိုးရှိတာတွေလည်း အများကြီးရှိသေး
တယ်လို့။ မှန်ပါတယ်၊ အားလုံးသိတာပဲ။ ငွေထက်ကြီးကျယ်တာ၊ မြင့်မားတာ၊
ငွေနဲ့အစားထိုး မရနိုင်တာတွေ ရှိပါတယ်။ ရွှေတုံးရွှေခဲထက် တန်ခိုးကြီးတာ၊
ဦးခိုက် ပူဇော်ထိုက်တာတွေ လောကမှာ ဘ၀မှာ အများကြီးရှိပါတယ်။ သို့သော်
ကျွန်တော်တို့ ရိုးရိုးလေးစဉ်းစားရုံနဲ့ သိနိုင်ပါတယ်။ ကျွန်တော်တို့ တန်ဖိုးထား
သော အဲဒီအရာတွေ အရေးကိစ္စတွေသည် ကျွန်တော်တို့လက်ထဲမှာ ငွေကြေး
လုံလောက်စွာ ရှိတဲ့အခါ၊ ငွေကြေးအင်အားနဲ့ ဖြည့်ဆည်းပံ့ပိုးလိုက်နိုင်တဲ့အခါ
ပိုပြီး ပြည့်စုံမလာဘူးလား၊ ပီပြင်မလာဘူးလား၊ ပိုအဆင်မပြေလာဘူးလား။
အားလုံးသိတဲ့အတိုင်း ချစ်ခြင်းမေတ္တာဆိုတာ ဒီကမ္ဘာလောကမှာ အကြီးအကျယ်
အမြင့်မြတ်ဆုံး အရာတစ်ခုပေါ့။ ဒါပေမယ့် အဲဒီ ချစ်ခြင်းမေတ္တာပိုင်ရှင်၊
ချစ်တတ်သော နှလုံးသားပိုင်ရှင်မှာ ဓနငွေကြေးသာပြည့်ပြည့်၀၀ ဖောဖော
သီသီ ရှိနေခဲ့မယ်ဆိုရင် သူဟာပိုပြီး ကြီးကြယ်မြင့်မြတ်တဲ့ လုပ်ရပ်တွေ
စွမ်းဆောင်မလာနိုင် ဘူးလား။
ကျုပ်ငွေမလိုချင်ဘူးဆိုတဲ့ လူတစ်ယောက်ကို ခင်ဗျားအများအကျိုးမသယ်ပိုး
ချင်တဲ့လူပဲ ပြောရင် အတင်းဆွဲပြောသလိုကြီးဖြစ်နေမယ်။ ဒါပေမယ့် ဒီနှစ်ခု
ဟာ ဆက်စပ်နေတယ်။ ခွဲလို့မဖြစ်ဘူး။ လူ့ဘ၀ဆိုတာ အင်မတန် ကြီးကျယ်
မြင့်မြတ်ပါတယ်။ တန်ဖိုးရှိလှပါတယ်။ ဒီဘ၀ကို တန်ဖိုးရှိနိုင်သမျှ တန်ဖိုးရှိစေ
ဖို့ ငွေရှာတဲ့နေရာမှာလည်း အချိန်သုံးရလိမ့်မယ်။
ဒါပေမယ့် တချို့အယူအစွဲကြီးတဲ့ ပုဂ္ဂိုလ်တွေက ငွေမုန်းတီးစိတ်သိပ်ကြီးမား
နေကြတယ်။ ရောင့်ရဲတင်းတိမ်းခြင်းနဲ့ ဘုရားသခင်ရဲ့ သူဆင်းရဲဆိုတာမျိုး
ဖြစ်ရမှာကို အလွန်ကြီးမြတ်တဲ့ ဂုဏ်ထူးဝိသေသတစ်ခုလို ခံယူချင်နေပြီး
သိပ်ဝမ်းသာကျေနပ်နေတယ်လို့ ပြောကြတယ်။ ဒါပေမယ့် အဲ့လိုပြောတဲ့
စကား သူ့ဇနီးကြားရင် ဘာပြောမလဲ။ ကိုယ့်လူက အေးအေးဆေးဆေး
ဝရန်တာမှာ ဆေးလိပ်ကလေးဖွာပြီး ထိုင်ဆင်းရဲနေတဲ့အချိန် မိန်းမက သူများ
အိမ်မှာ လျှော်ဟယ် ဖွပ်ဟယ်နဲ့ မိသားစု အငတ်ဘေးမဆိုက်အောင် ပင်ပန်း
ကြီးစွာ ရှာဖွေနေရတာမျိုးဖြစ်နေတတ်ပါတယ်။
အဲ့ဒီတော့ ချမ်းသာအောင် ကျွန်တော်တို့လုပ်ရလိမ့်မယ်။ ဒါကျွန်တော်တို့
တာဝန်။ ဒါပေမယ့် ချမ်းသာအောင် ကြိုးစားတဲ့နေရာမှာတော့ ဂုဏ်သိက္ခာ
ရှိသော၊ ဘာသာတရားနှင့် မဆန့်ကျင်သော နည်းလမ်းများနဲ့ လုပ်ဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီနည်းလမ်းများသည်သာ ချမ်းသာမှုပန်းတိုင်ကို
လှမ်းကိုင်နိုင်ဖို့ အသေအချာဆုံး၊ အမြန်ဆုံး၊ အစစ်မှန်ဆုံးနည်းတွေဖြစ်လို့ပါ။
သို့သော် ငွေကို တပ်မက်ခြင်းသည် အလုံစုံသော အကုသိုလ်ဒုစရိုက်တို့၏
အရင်းခံ အကြောင်းတရားဖြစ်သည်တဲ့။ ငွေကိုအသုံးပြုပြီး အကျိုးရလဒ်တွေ
ရနိုင်တယ်။ ကောင်းကျိုးရလဒ်တွေကိုသာတန်ဖိုးထားပါ။ ငွေချည်းသက်သက်
ကို မြတ်နိုးကိုးကွယ်မနေပါနဲ့။ ကောင်းကျိုးရလဒ်ဖြစ်မယ့်ကိစ္စတွေမှာ ငွေကို
အသုံးမပြုပဲ ကိုယ်ရနိုင်သမျှသာ ကျုံးယူမယ်၊ သိမ်းဆည်းသိုဝှက်မယ်၊ လက်ထဲ
မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ အကုသိုလ်ဒုစရိုက်တို့၏
အရင်းခံအကြောင်းတရားဆိုတာ တကယ်ဖြစ်လာမယ်။
(စိန်မြေဧကပေါင်းများစွာ)
No comments:
Post a Comment