Wednesday, April 23, 2014

ဆယ်ရာခိုင်နှုန်း၏ တန်ဖိုး

*****************
ဆယ်ရာခိုင်နှုန်း၏ တန်ဖိုး
[ဆရာချစ်စံဝင်း]
*****************

မိမိဝင်ငွေမှ ဆယ်ရာခိုင်နှုန်းကို စုဆောင်းရေးကိစ္စတွင် ချမ်းသာကြွယ်ဝ
သူများက ဘာမျှမဖြစ်စလောက်ပါ။ စုရော ဘာအကျိုးရှိမှာမို့လဲ။ ကျုပ်မှာက
တစ်နှစ် တစ်ကုဋေလောက် ၀င်နေတာဟုဆိုသည့် မစုဖြစ်သူများလည်းရှိ၏။
ဝင်ငွေနည်းသူများကလည်း ဆယ်ရာခိုင်နှုန်းတောင် စုရမယ်လား။
ကျုပ်ဝင်ငွေတစ်လမှ ၁၀၀၀ ရတာ၊ ဒီ ၁၀၀၀ ထဲက ၁၀၀ စုရမယ်ပြော
တာဟာ ရန်စကားပြောတာဟု ဆိုကာ မစုဖြစ်ဘဲရှိ၏။

ပထမရှင်းလိုသည်မှာ ၀င်ငွေ ဆယ်ရာခိုင်နှုန်းဆိုသော ပမာဏသည် မဖြစ်
စလောက်သောငွေမဟုတ်ပါ။ ဧရာမကြီးမားသော ငွေပမာဏဖြစ်ပါသည်။
မြန်မာဘုရင်များလက်ထက်က မိမိတို့ဝင်ငွေ၏ ဆယ်ဖို့တစ်ဖို့ကို
ဘုရင်အားဘဏ္ဍာတော်ငွေအဖြစ်ဆက်သကြ၏။ ထိုငွေဆယ်ပုံတစ်ပုံ
ဆယ်ရာခိုင်နှုန်းဖြင့် ပုဂံဘုရားများ၊ ပုဂံအဆောက်အအုံများနှင့် ပထမ
မြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့ကြခြင်းဖြစ်၏။

ထို့အတူ ထိုဆယ်ဖို့တစ်ဖို့သော မင်းဘဏ္ဍာဖြင့်ပင် အလောင်းဘုရားသည်
အာရှ၌ ကြီးကျယ်သောအင်ပါယာကို တည်ထောင်ခဲ့သည်။ ရှေးအခါက
ခရစ်ယာန်ဘုရားကျောင်းများအတွက် သာမန်လူများက မိမိတို့ဝင်ငွေမှ
ဆယ်ရာခိုင်နှုန်းကို ပေးအပ်လှူဒါန်းကြရသည်။ ထိုငွေဆယ်ရာခိုင်နှုန်းသည်
ယနေ့ ဥရောပတိုက်ရှိ အလွန်လှပတင့်တယ်၍ ခမ်းနားထည်ဝါသော ဘုရား
ရှိခိုးကျောင်းကြီးများကို ဆောက်လုပ်ရာတွင် အဓိကအကျဆုံးဝင်ငွေဖြစ်ပါ၏။

ထို့ကြောင့် ဆယ်ရာခိုင်နှုန်းဟူသော ၀င်ငွေသည် ယနေ့ ကမ္ဘာ့ယဉ်ကျေးမှု
အဆောက်အအုံများ၊ လူသားတို့၏ သမိုင်းဆိုင်ရာဖြစ်ရပ်များကို ဖန်တီးနိုင်
စွမ်းရှိသော ငွေဖြစ်သည်ကို ကျွန်တော်တို့ မေ့ပျောက်၍ မရနိုင်ပါ။ ဆယ်ရာ
ခိုင်နှုန်း စုဆောင်းရေးမှာ သင့်ဝင်ငွေမှ လစဉ် သီးခြားတစ်နေရာတွင်
စုထားရန်ဖြစ်ပါ၏။ သူ့ကို သွားမထိပါနှင့်။ လုံခြုံသောနေရာတွင် ထားပါ။
ထိုသို့စုလိုက်သော်လည်း သင့်လစဉ် အသုံးစရိတ်များ ကသီသွားမည်
မဟုတ်ပါ။ လိုအင်ဖြည့်ဆည်းသည့် အပိုကုန်ကျမှုများအားလည်း ချွေတာရာ
ရောက်ပါသည်။

သင်တို့အရပ်ထဲတွင်၎င်း၊ သင်တို့မြို့၊ သင်တို့ရွာတွင်၎င်း ပိုက်ဆံရှိသူများ၊
သူဌေးများ မွဲသွားသည်ကို တွေ့ဖူးမည်ဖြစ်၏။ ဆယ်ရာခိုင်နှုန်း စုဆောင်း
ထားလျှင် ဘယ်သူဌေးမဆို မွဲသွားလျှင် ၉၀ ရာခိုင်နှုန်းသာ မွဲနိုင်ပါသည်။
ရာနှုန်းပြည့်မွဲသွားသော သူဌေးမျိုး ဘယ်တော့မှ မဖြစ်ပါ။ ထို့ကြောင့်
သင် ဘယ်အခြေအနေသို့ပင်ရောက်ရောက် သင့်ဝင်ငွေမှ ဆယ်ရာခိုင်နှုန်း
ကိုတော့ မဖြစ်မနေ စုဆောင်းထားပါဟု အကြံပြုပါ၏။


No comments:

Post a Comment